MSA ဆိုတာ မြန်မာနိုင်ငံ စာရင်းအင်း ပညာအသင်းကို ဆိုလိုတာပါ။ စာရင်းအင်း ပညာဘွဲ့ရထားသူများမှာ စာရင်းအင်းပညာ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါရန် ဖတ်ကြားတဲ့ အစည်းအဝေး ဖိတ်ကြားစာကို ဖတ်လိုက်ရတော့ မြန်မာနိုင်ငံ အနာဂတ်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပေါ်ပေါက် လာတော့မယ်ဆိုတဲ့ အတွေးတွေးမိပါတယ်။ အမှန်ဆိုရရင် ဒီအသင်းက လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ဖြစ်တည်နေခဲ့ရမှာ ဖြစ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ဒီအသင်း ပေါ်ပေါက်လာတာကို ကြိုဆိုကြရမှာ ဖြစ်တယ်။
စာရေးသူက စီးပွားရေး တက္ကသိုလ်ကနေ ဘွဲ့ရသူ မဟုတ်ပေမယ့် စီးပွားရေးပညာကို စာတွေ့ရော လက်တွေ့နယ်ပယ်မှာပါ နှစ်ပေါင်းများစွာ လေ့လာပြီး နိုင်ငံတိုးတက်ဖို့ စီးပွားရေး အသိပညာတွေကို ပညာဒါနအဖြစ် နှစ်ပေါင်း ၁၀ နှစ်ကျော်ကြာ သင်ပေးခဲ့တယ်။ စာရင်းအင်းပညာက စာရေးသူ စိတ်ဝင်စားတဲ့ ပညာရပ်တစ်ခုဖြစ်သလို ဘွဲ့လွန် ဒီပလိုမာတက်တော့ ဓာတ်သတ္တု ရှာဖွေရေးမှာ အဓိကပညာရပ် တစ်ခုဖြစ်တဲ့ ဘူမိစာရင်းအင်း ပညာကို ဂုဏ်ထူးရခဲ့ဖူးတယ်။ နိုင်ငံတိုးတက်ဖို့ စာရင်းအင်းပညာ ကဏ္ဍတစ်ခုကနေ အရေးပါတာဖြစ်တဲ့အတွက် စာရင်းအင်း ပညာအသင်း အစည်းအဝေးကို တက်ရောက်ဖြစ်ခဲ့တယ်။
စာရေးသူ သင်ကြားပေးခဲ့တဲ့ စီးပွားရေး ပညာရေး သင်တန်းတွေမှာ စာရင်းအင်းပညာကို ထည့်သွင်း သင်ကြားပေးခဲ့တယ်။ စာရင်းအင်းပညာက တစ်ဖက်မှာ သုတေသန လုပ်ငန်းနဲ့ ဆက်နွှယ်နေတယ်။ သုတေသန လုပ်ငန်းတွေမှာ အချက်အလက်တွေကို စုစည်းပြီး ရုပ်လုံးဖော်ပေးရတာဖြစ်တဲ့အတွက် စာရင်းအင်းပညာရဲ့မိတ်ဖက်ပညာရပ်လို့လည်း ဆိုနိုင်တယ်။ စာရေးသူတို့ နိုင်ငံမှာ စာရင်းအင်း ပညာနဲ့ စာရင်းကိုင်ပညာကို ရောထွေးစွာ သိနေတယ်။ အမှန်တော့ သီးခြားစီ ဖြစ်ပါတယ်။
စာရင်းအင်းပညာ (Statistics) ဆိုတာက Data လို့ခေါ်တဲ့ အချက်အလက်တွေကနေ သိအောင်သင်ယူရတဲ့ သိပ္ပံပညာရပ်ဖြစ်ပြီး တိုင်းတာမှုတွေ ထိန်းချုပ်မှုတွေနဲ့ မသေချာ မရေရာတာတွေကို ဆက်သွယ် လုပ်ဆောင်မှုတွေကနေ သိပ္ပံပညာနဲ့ အဖွဲ့အစည်းဆိုင်ရာ တိုးတက်မှုတွေ ထိန်းချုပ်နိုင်စေဖို့အတွက် လိုအပ်တာတွေကို လမ်းကြောင်းမှန်ရအောင် လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ ဆိုတယ်။(Davidian, M.San Loui, T.A, 1 1 2 6)
စာရင်းအင်း ပညာရှင်တွေကတော့ စာရင်းအင်း ပညာရပ်ဆိုင်ရာ အတွေးတွေနဲ့ နည်းလမ်းတွေကို သိပ္ပံပညာရပ်ဆိုင်ရာ လူမှုရေးဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ ကြိုးပမ်း အားထုတ်မှုတွေရဲ့ ကျယ်ပြန့်လှတဲ့ နယ်ပယ်တွေဖြစ်တဲ့ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ ပညာရေး၊ စီးပွားရေး၊ အင်ဂျင်နီယာ၊ မျိုးရိုးဗီဇပညာ၊ ဈေးကွက်ဖော်ဆောင်မှု၊ ဆေးပညာ၊ စိတ်ပညာ၊ အများပြည်သူ ကျန်းမာရေး၊ အားကစား အပါအဝင် ပညာရပ် နယ်ပယ်များစွာတို့မှာ အသုံးပြုနိုင်ကြတာ ဖြစ်ပါတယ်။ များစွာသော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ စာရင်းအင်းဆိုင်ရာ နည်းလမ်းတွေ မပါရှိဘဲ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မလုပ်နိုင်ဘူးလို့ဆိုတယ်။
စာရင်းအင်းပညာမှာ အချက်အလက်တွေ စုစည်းမှု(Collection)၊ ဆန်းစစ်မှု(Analysis)၊ ကောက်ချက်ချမှု(Interpretation)၊ သို့မဟုတ် ရှင်းလင်းပေးမှု(Explanation)နဲ့ တင်ပြမှု (Presentation) တွေ ပါဝင်တာဖြစ်တယ်။ သိပ္ပံပညာရပ်ဆိုင်ရာ၊ စက်မှုလုပ်ငန်းဆိုင်ရာတွေ ဒါမှမဟုတ် အဖွဲ့အစည်းဆိုင်ရာ ပြဿနာတွေမှာ စာရင်းအင်းဆိုင်ရာ အချက်အလက် ပေါင်းစည်းမှု (Statistical Population) ဒါမှမဟုတ် စာရင်းအင်းဆိုင်ရာ ပုံစံပြု လုပ်ငန်းစဉ် (Statistical Model Process) တွေကို လေ့လာကြရတာက စတင် လုပ်ဆောင်ကြရမယ့် လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။
လုပ်ဆောင်ချက်တစ်ခုကို ရုပ်လုံးဖော်တော့မယ်ဆိုရင် တစ်ဦး တစ်ယောက်တည်းကနေ ဆုံးဖြတ်လုပ်ဆောင်ရင် အမှားတွေဖြစ်နိုင်တယ်။ လုပ်ဆောင်မယ့် လုပ်ငန်းတွေနဲ့ ဆက်နွှယ်တဲ့ အချက်အလက်တွေကို ရယူစုစည်းပြီး ကောက်ချက်ချ လုပ်ဆောင်မယ်ဆိုရင် မလုပ်သင့်တာတွေကို မလုပ်ကြတော့တဲ့အတွက် ရေရှည်အတွက် အကျိုးများစေမှာဖြစ်တယ်။ ဥပမာအနေနဲ့ ဆိုရရင် စာရေးသူတို့ ရန်ကုန်မှာ လမ်းခွဆုံနေရာတွေမှာ ခုံးကျော်တံတားတွေ ဆောက်ခဲ့ကြ ဆောက်နေကြတယ်။ စာရင်းအင်းပညာနဲ့ အချက်အလက်တွေ ကြိုတင်ရယူ စုစည်းကောက်ချက်ချနိုင်မှု မရှိတဲ့အတွက် ခုံးကျော်တံတား ဆောက်တာကနေ ကားလမ်းတွေကို ကျပ်တည်းမှု ပိုမိုဖြစ်ထွန်းစေတာကို တွေ့ကြရမှာ ဖြစ်တယ်။ ဘာပဲလုပ်လုပ် စာရင်းအင်းပညာက လုပ်ဆောင်မှုတစ်ခုရဲ့ ရေရှည်အကျိုး ဖြစ်ထွန်းစေမှုကို မီးမောင်းထိုးပြနိုင်စေမှာ ဖြစ်ပါတယ်။
နိုင်ငံတွေမှာ လူတွေနေထိုင်ကြတယ်။ အဲဒီလူအစုအစည်းကို Population လို့ခေါ်တာဖြစ်တယ်။ စာရေးသူတို့ မြန်မာနိုင်ငံမှာ လူမျိုးစု ၁၃၅ မျိုးသော်မှ မှီတင်း နေထိုင်ကြတယ်လို့ ဆိုတယ်။ အဲဒီ လူမျိုးတစ်မျိုးချင်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စာရင်းအင်းပညာနဲ့ ရယူစုစည်းပြီး နိုင်ငံရဲ့အနာဂတ်ကို ပုံဖော်ရာမှာ များစွာ အသုံးချနိုင်စေမှာ ဖြစ်ပါတယ်။
စာရေးသူရဲ့ သင်တန်းမှာ စာရင်းအင်းပညာနဲ့ ပတ်သက်ပြီး ဥပမာတစ်ခုပေးခဲ့တယ်။ ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်ကြည့်သူတွေမှာ ဘယ်အသက်အရွယ် အပိုင်းအခြားက လူတွေ ရုပ်ရှင်အကြည့်များ သလဲဆိုတာသိဖို့ ရုပ်ရှင် ကြည့်သူတွေကို အသက်အရွယ်ကို Data ကောက်ယူကြမှာ ဖြစ်ပါတယ်။ အချက်အလက် ကောက်ယူရာမှာ ရုပ်ရှင်ကြည့်သူ ၃၀၀၀ ရှိတယ် ဆိုပါစို့။ အဲဒီရုပ်ရှင်ကြည့် ပရိသတ်အားလုံးကို တစ်ဦးချင်းရဲ့ အသက်တွေကို မေးဖို့မလိုအပ်ဘဲ ၁၀ ဦးမှာ တစ်ဦးနှုန်း ဒါမှမဟုတ် အယောက် ၂၀ မှာ တစ်ဦးနှုန်း အသက်အပိုင်းအခြားနဲ့ ပတ်သက်တာတွေ ရယူပြီး တာလီစိတ် မှတ်သားကြည့်ရင် ဟစ်ကိုဂရမ်လို့ခေါ်တဲ့ အလျားလိုက် ပုံပြမျဉ်း ဒါမှမဟုတ် ဒေါင်လိုက်ပုံပြမျဉ်း ဆွဲကြည့်လိုက်ရင် ဘယ်အသက်အရွယ် အပိုင်းအခြားက ရုပ်ရှင်ကြည့်သူတွေ ဖြစ်တယ်ဆိုတာ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ အလားတူ လုပ်ဆောင်ချက်တွေကို လုပ်ငန်းအဖွဲ့အစည်း နေရာတိုင်းမှာ စနစ်တကျ ပုံဖော် လုပ်ဆောင်နိုင်မှုတွေကနေ ငါခိုင်းတဲ့အတိုင်း လုပ်ဆိုတဲ့ တစ်သွေးတစ်သံ တစ်မိန့် ပုံစံလုပ်ဆောင်မှုတွေရဲ့ အမှားတွေကို မျက်ဝါးထင်ထင်မြင် လေ့လာနိုင်ကြမှာ ဖြစ်တယ်။
ဒါကြောင့် စာရေးသူအနေနဲ့ MSA လို့ အတိုကောက်ခေါ်တဲ့ မြန်မာနိုင်ငံ စာရင်းအင်း ပညာအသင်း (Myanmar Statistical Association) ပေါ်ထွန်းလာတာကို ကြိုဆိုပါကြောင်းနဲ့ နိုင်ငံရဲ့ အနာဂတ်ကို ရုပ်လုံးပုံဖော်ပေးနိုင်ဖို့၊ လုပ်ပိုင်ခွင့်ရှိသူတွေ အနေနဲ့ ဒီအသင်းကြီးရဲ့ဆောင်ရွက်မှုကို လက်တွေ့ကျကျ ပုံဖော်ပေးနိုင်ကြစေဖို့ စာရေးသူတို့ မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်မှာ အောင်မြင် တိုးတက်လာစေမယ့် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် မြင်မိနေကြောင်းပါ။










