လာမယ့် ၂၀၁၅ နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲများဟာ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးမှာဖြစ်သလို ရွေးကောက်ပွဲများမှာ ပါဝင် ပတ်သက်နေသူ အားလုံးအတွက်လည်း သမိုင်းမှတ်ကျောက် တစ်ခုဖြစ်ပါတယ်။
လာမယ့် ရွေးကောက်ပွဲတွေကနေ အများပြည်သူတွေ မျှော်လင့်နေကြတဲ့ အပြောင်းအလဲတွေကို ယူဆောင်ပေးနိုင်မယ့် အစိုးရတစ်ရပ် ပေါ်ထွက်လာပါက နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အနာဂတ်ဟာ ပြောင်းလဲသွားမှာ အမှန်ဖြစ်ပါတယ်။ သို့ပေမဲ့လည်း ပြောင်းလဲချိန်တန်နေရဲ့သားနဲ့ ပြောင်းလဲခွင့် မရခဲ့ရင်တော့ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အနာဂတ်တွေဟာ မျှော်လင့်သလို တောက်ပလာခွင့်ရမှာ မဟုတ်ပါဘူး။ ဒီအတွက် လာမယ့် ရွေးကောက်ပွဲတွေက ပါဝင်ပတ်သက် ဆက်နွှယ်သူတွေကို မှတ်တမ်းတင်မယ့် သမိုင်းမှတ်ကျောက် တစ်ခုပဲ ဖြစ်ပါတယ်။
သန့်ရှင်းမျှတဖို့
လက်ရှိအစိုးရ အဖွဲ့ကစပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပါအဝင် ကော်မရှင်အဖွဲ့ခွဲ အသီးသီး၊ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များ၊ မဲရုံလုပ်ငန်း တာဝန်ယူမယ့် သူများ၊ ပြည်သူများ၊ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၊ သတင်း မီဒီယာများကတော့ လာမယ့် ရွေးကောက်ပွဲမှာ အဓိက အခန်းကဏ္ဍက ပါဝင်ဆက်စပ်နေသူများပဲ ဖြစ်ပါတယ်။ ဒီလို ပါဝင် ဆက်စပ်နေသူများရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်များ၊ အပြုအမူများဟာ သမိုင်းတွင်စေမယ့် လုပ်ဆောင်ချက်များပဲ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်သူတွေဟာ ဘယ်လို အပြုအမူတွေ၊ ဘယ်လို လုပ်ဆောင်မှုတွေကို လုပ်ခဲ့ကြသလဲဆိုတာဟာ နောင်တစ်ချိန် သမိုင်းစာမျက်နှာတွေထက်မှာ မှတ်တမ်းတင် ဖော်ပြခံရမှာ ဖြစ်ပါတယ်။ ကောင်းတာလုပ်ခဲ့ရင် ကောင်းတာ ဖော်ပြခံရမှာ ဖြစ်သလို မကောင်းတာကို လုပ်ခဲ့ရင်လည်း မကောင်းကြောင်း ဖော်ပြခံရမှာ ဖြစ်ပါတယ်။ ဘယ်သူတွေက ညစ်ပတ်ခဲ့သလဲ၊ ဘယ်သူတွေက သန့်ရှင်းစွာ ယှဉ်ပြိုင်ခဲ့သလဲဆိုတာကလည်း သမိုင်း စာမျက်နှာတွေထက်မှာ တင်ကျန်နေမှာ ဖြစ်ပါတယ်။ ဒီအတွက် နောင်တစ်ချိန်မှာ ကောင်းတဲ့သမိုင်းကြောင်းတွေ ချန်ထားလိုတဲ့သူတွေ အနေနဲ့ ဒီနေ့အချိန်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သန့်သန့်ရှင်းရှင်း မျှမျှတတ လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။
နောက်ဆုံးအခွင့်အရေး
လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်မှုများ ရှိခဲ့ရာမှာတော့ မဲဆန္ဒရှင် စာရင်းများ မှားယွင်းနေမှုအပေါ် ဝေဖန်မှု အများဆုံး ရှိခဲ့ပါတယ်။ မဲစာရင်းနဲ့ ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌရဲ့ ရာခိုင်နှုန်း ၃၀ သာ အာမခံနိုင်တယ်ဆိုတဲ့ ပြောဆိုမှု အပါအဝင် မဲစာရင်းများမှာ ပါသင့်သူများ မပါဘဲ မပါသင့်သူများ ပါဝင်နေခြင်း၊ အချက်အလက်များ မှားယွင်းဖော်ပြခြင်း စတဲ့ဖြစ်ရပ်တွေဟာ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရဖို့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေခဲ့ပါတယ်။အချို့ မဲဆန္ဒနယ်တွေမှာ သောင်းနဲ့ချီတဲ့ လူပိုတွေ ပါဝင်နေမှုတွေနဲ့ ပတ်သက်ပြီးလည်း မေးခွန်းထုတ်မှုတွေ ရှိနေတာဟာ ရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ မဲဆန္ဒရှင်စာရင်းကို ပြုစုသူများအတွက်တော့ သမိုင်းမှတ်ကျောက်မှာ မှတ်တမ်းတင်ခံရဖွယ် ရှိနေပါတယ်။ ဒီအတွက် နောက်ဆုံးအကြိမ် မဲစာရင်းမှာ ရှိခဲ့တဲ့ လိုအပ်ချက်တွေကို အပြီးသတ် မဲစာရင်းမှာ ပြုပြင်ပြီး ပါသင့်သူတွေပါပြီး မပါသင့်သူတွေ မပါအောင် လုပ်ဖို့ကတော့ မဲဆန္ဒရှင်စာရင်း ပြုစုဖို့ တာဝန်ရှိ နေသူတွေအတွက် နောက်ဆုံး အခွင့်အရေးလို့လည်း ဆိုနိုင်ပါတယ်။ အဲဒီမဲစာရင်းမှာ မဲပေးခွင့်ရှိသူတိုင်း ပါဝင်ပြီး မဲပေးခွင့်ရရေး၊ မရရေးဟာလည်း နောက်တစ်ချိန် ၂၀၁၅ ရွေးကောက်ပွဲရဲ့ သမိုင်းစာမျက်နှာမှာ တင်ကျန်နေမယ့် အကြောင်းအရာ တစ်ခုဖြစ်လို့နေပါတယ်။
သမိုင်းပေးတာဝန်
မဲစာရင်း ပြုစုသူတွေလိုပဲ အခြားအရေးကြီးတဲ့ သူတွေကတော့ မဲရုံတွေမှာ မဲလုပ်ငန်း ဆိုင်ရာတွေက ကြီးကြပ်ရမယ့် မဲရုံမှူးတွေ၊ မဲရုံ တာဝန်ကျသူတွေပဲ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ မဲဆန္ဒရှင်တွေ လွတ်လပ်စွာ မဲပေးခွင့်ရဖို့ မဲရုံ တာဝန်ကျသူတွေက တာဝန်ယူကြရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေရဲ့မဲတွေ ပယ်မဲမဖြစ်အောင် အတတ်နိုင်ဆုံး ကူညီပေးဖို့ လိုပါတယ်။ အထူးသဖြင့် မဲရေတွက်တဲ့ နေရာမှာ မှန်မှန်ကန်ကန် တိတိကျကျ ဖြစ်အောင်လုပ်ပေးဖို့က မဲရုံ တာဝန်ကျသူတွေအတွက် သမိုင်းပေးတာဝန် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက တာဝန်ယူခဲ့ကြတဲ့ မဲရုံတာဝန်ရှိသူတွေ အပေါ် ဝေဖန်ခဲ့ကြတဲ့ ဘယ်ကရောက်လာမှန်း မသိတဲ့ ကြိုတင်မဲတွေကို လက်ခံခဲ့တယ်ဆိုတဲ့ အဖြစ်မျိုးတွေ ဒီတစ်ခေါက် ရွေးကောက်ပွဲမှာ ထပ်မဖြစ်ဖို့လိုပါတယ်။ ဒါ့အပြင် ဒီတစ်ခေါက်မှာ တံဆိပ်တုံးထု မဲပေးရမှာဖြစ်လို့ မဲဆန္ဒရှင်တွေ မကျွမ်းကျင်ပါက ပယ်မဲတွေဖြစ်မှာ စိုးရိမ်ကြသူတွေ ရှိပါတယ်။ ဒီအတွက် မဲရုံ တာဝန်ကျသူတွေက မဲပေးရာမှာ ပယ်မဲတွေ မဖြစ်အောင် မဲဆန္ဒရှင်တွေကို ဂရုပြုကူညီ လမ်းညွှန်ပေးဖို့ လိုပါတယ်။ ဒါမှသာ မဲရုံတာဝန်ရှိသူတွေ အနေနဲ့ နိုင်ငံရဲ့ သမိုင်းပေး တာဝန်ကို ကျေပွန်နိုင်ကြမှာဖြစ်ပြီး ကောင်းတဲ့ သမိုင်းကြောင်းကိုလည်း ဖော်ဆောင်နိုင်ကြမှာ ဖြစ်ပြီး ဝေဖန်မှုများက လွတ်ကင်းနိုင်မှာ ဖြစ်ပါတယ်။
နောင်ဘဝတွေ အထိတိုင်၂၀၁၅ ရွေးကောက်ပွဲ သမိုင်းမှတ်တမ်းမှာ မပါမဖြစ် ပါကြဦးမယ့် သူတွေထဲမှာ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေလည်း ပါဝင်ပါတယ်။ အခုအချိန်မှာ မဲဆွယ် စည်းရုံးရေးကာလ ဖြစ်တာကြောင့် ပါတီနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးတာနဲ့ ပတ်သက်ပြီး လူပြောများနေတာကတော့ တစ်ဖက်သားကို ပုတ်ခတ် မဲဆွယ်တဲ့ အပြောအဆိုတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ပါတီ ကိုယ့်လွှတ်တော် ကိုယ်စားလှယ်အကြောင်းကို မဲမဆွယ်ဘဲ အခြားသူတွေကို ပုတ်ခတ်တဲ့ မဲဆွယ်စည်းရုံးမှုတွေက ရွေးကောက်ပွဲကို အရုပ်ဆိုး အကျည်းတန်စေပါတယ်။ တချို့ နေရာတွေမှာလည်း ဆီပေး၊ ဆန်ပေးနည်းနဲ့ မဲဆွယ်ကြသလို မဲဆွယ်စည်းရုံးမှုတွေမှာ ပါဝင်လာအောင် ငွေကြေးပေးပြီး ဆောင်ရွက်တာတွေ ရှိနေတာဟာလည်း မှန်ကန်တဲ့ မဲဆွယ်ခြင်း မဟုတ်တဲ့အတွက် တစ်ချိန် ရွေးကောက်ပွဲ သမိုင်းမှတ်တမ်းမှာ မှန်မှန်ကန်ကန် မဲဆွယ်ခဲ့သူတွေ မဟုတ်တဲ့အကြောင်း မှတ်တမ်းဝင်သွားကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဘာသာရေးကို အသုံးချပြီး တစ်ဖက်သားကို မဲမပေးအောင် ဝါဒဖြန့်ခြင်း၊ ကိုယ်မဲရဖို့ ဘာသာရေးကို ခုတုံးလုပ်မဲဆွယ်တဲ့ အပြုအမူတွေကတော့ ဗုဒ္ဓဘာသာအလိုအရ ဒီဘဝမှာ သာမက နောင်ဘဝတွေအထိတိုင် အရိပ်ပမာလိုက်မယ့် အကျိုးဆက်တွေ လို့ဆိုနိုင်ပါတယ်။ ဒီအတွက် မှန်မှန်ကန်ကန် တရားနည်းလမ်းတကျ စေတနာမှန်မှန်နဲ့ ဘယ်သူတွေက မဲဆွယ်ခဲ့ကြသလဲ၊ ဘယ်သူတွေကတော့ဖြင့် မမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဘယ်လိုမဲဆွယ်ခဲ့ကြသလဲဆိုတဲ့ မှတ်တမ်းတွေဟာ သမိုင်းမှာ ကျန်ရစ်နေမယ့် ဖြစ်ရပ်တွေလို့ ဆိုနိုင်ပါတယ်။
အမှန်တရား
ရွေးကောက်ပွဲတွေမှာ နောက်ထပ်မှတ်တမ်းတင်ရမယ့် သူတွေကတော့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမယ့် အဖွဲ့အစည်းများ၊ နိုင်ငံတကာလေ့လာသူများ၊ မီဒီယာများ ပါဝင်ပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်ကြီး တစ်ခုလုံးမှာ အချွတ်အချော် အမှားအယွင်းတွေကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက မည်သို့မည်ပုံ မှတ်တမ်းတင် ကြသလဲဆိုတာက သမိုင်းအတွက် အရေးကြီးပါတယ်။ တကယ့်ပကတိ အခြေအနေကို ဘယ်လောက်ထိ ရောင်ပြန်ဟပ် ထင်ဟပ်နိုင်သလဲဆိုတာက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမယ့် အဖွဲ့အစည်းများနဲ့ နိုင်ငံတကာ လေ့လာသူများအတွက် စိန်ခေါ်နေတဲ့ ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရမယ့် စံနှုန်းတွေနဲ့ ဘယ်လောက်ထိ ကိုက်ညီသလဲဆိုတာကို စောင့်ကြည့်လေ့လာ အကဲခတ် တင်ပြခြင်းများက နောင်တစ်ချိန် သမိုင်းတွင်မယ့် ဖြစ်ရပ်တွေလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများအနေနဲ့ ရွေးကောက်ပွဲရဲ့ အမှန်တရားကို ဖော်ထုတ် တင်ပြနိုင်ခြင်းဖြင့် ကိုယ့်တာဝန် ကိုယ်ကျေကျဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေသူထဲမှာ သတင်း မီဒီယာတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့ နေရာမှာ ရှိပါတယ်။ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ သတင်း အချက်အလက်တွေကို မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြဖို့ တာဝန်ရှိပါတယ်။ ထို့အတူ မမှန်ကန်တဲ့နည်းနဲ့ မဲဆွယ်မှုများ၊ မဲဝယ်ဖို့ ကြိုးစားမှုများရှိပါက တိတိကျကျ ပြတ်ပြတ်သားသား ဖော်ထုတ် ရေးကြဖို့ လိုအပ်ပါတယ်။ မဲမသမာမှုများ ရှိလာပါကလည်း ပြည်သူတွေ အချိန်မီ သိရှိနိုင်အောင် အထောက်အထားနဲ့တကွ ဖော်ထုတ် ရေးသားကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲကြီး ဖြစ်တာကြောင့် ရွေးကောက်ပွဲအကြို၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲအပြီး ကာလတွေမှာ မမှန်ကန်သူတွေ၊ ဥပဒေကို လက်တစ်လုံးခြား လုပ်သူတွေ ရှိခဲ့မယ်ဆိုရင်လည်း ပြည်သူ့မျက်နှာကို ကြည့်ပြီး ရေးသား ဖော်ထုတ်ကြဖို့ သတင်းမီဒီယာတွေမှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ မီဒီယာတွေလိုပဲ မဲပေးခွင့်ရှိသူတွေ အပါအဝင် ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မျက်စိကိုဖွင့် နားကိုစွင့်ထားဖို့ လိုပါတယ်။ ဘယ်သူတွေကတော့ တိုင်းပြည်အတွက် တကယ်ကို ရွေးချယ်ဖို့ သင့်တော်သူတွေဆိုတာကို သတိကြီးကြီးထားပြီး ရွေးချယ်ကြဖို့ လိုပါတယ်။ ကိုယ့်ရဲ့မဲတစ်ပြားကို တန်ဖိုးရှိစွာ အသုံးပြု မဲပေးရင်း တိုင်းပြည်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်တဲ့ ရွေးကောက်ပွဲမှာ နိုင်ငံသားတာဝန်ကို ကျေပွန်ကြဖို့အတွက် အရွေးမမှားကြဖို့ လိုပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာ ဘယ်သူတွေကတော့ ဘယ်လိုလုပ်ခဲ့ကြတယ်။ ဘာတွေကတော့ မမှန်မကန် ဖြစ်ခဲ့တယ်ဆိုတာတွေက သမိုင်းစာမျက်နှာတွေထက်မှာ တင်ကျန်နေခဲ့ပြီး ဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲအတွက်လည်း ဘယ်သူတွေ ဘာတွေလုပ်ခဲ့ကြ တယ်ဆိုတာ သမိုင်းမှတ်တမ်းတွေ ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒီအတွက် ရွေးကောက်ပွဲနဲ့ ဆက်စပ် ပတ်သက်နေသူ အားလုံးအတွက် ကောင်းတဲ့ သမိုင်းမှတ်တိုင်တွေ စိုက်ထူနိုင်ကြဖို့ ကိုယ့်တာဝန် ကိုယ်ကျေကြဖို့ လိုအပ်မှာ ဖြစ်ပါတော့တယ်။










