“အစ်မရေ ကြက်သွန်နီ ဒါက ဘယ်ဈေး လဲ”
“ဒီအရွယ်က တစ်ပိဿာ ကျပ် ၂၂၀၀၊ ဒီအကြီးက တစ်ပိဿာ ကျပ် ၂၄၀၀ ၊ အဲဒါ ဈေးပြန်ကျတာ၊ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကဆို တစ်ပိဿာ ကျပ် ၃၀၀၀ လောက် အထိ ဖြစ်သွားတာ၊ ဈေးပြန်ကျတုန်း ယူထား ညီမရေ”
ဈေးတွေကို ကြားပြီး လက်တွန့် သွားပါတယ်။ အရင်က တစ်ပိဿာ ၈၀၀၊ ၁၀၀၀ ဈေး လောက်ပဲရှိခဲ့တဲ့ ကြက်သွန်ဈေးဟာ အိမ်မှာ ဟင်းချက်စရာ ကြက်သွန်နီကုန်လို့ ပြန်ဝယ်မယ်လည်း လုပ်ရော ကြက်သွန်ဈေးက တစ်ပိဿာ ၂၀၀၀ ကျော်တဲ့၊ ကိုယ်ပဲ နားကြား မှားသလား၊ သေချာအောင် ပြန်မေးပြီး ခဏဆိုကာ မဝယ်ဖြစ်သေးဘဲ တခြားဆိုင်တစ်ဆိုင်ကို ဈေးပြန် မေးကြည့်တော့လည်း ဒီဈေးတွေပဲ ဆိုတော့ မဝယ်မဖြစ် ဈေးကြီးပေး ဝယ်ခဲ့ရပါတယ်။
“အစ်မ ဘူးသီး တစ်စိတ် ဘယ်လောက်”
“ဒါက ၂၀၀ တန်၊ ဒါက ၃၀၀ တန်”
“အစ်မ ဒါက အရင်တုန်းက တစ်စိတ် ၁၀၀ လေ၊ အခု ၂၀၀ ဖြစ်သွားပြီလား”
“အရင် ဘူးသီးတစ်လုံး ၂၀၀၀ လောက်ပဲရှိတာ၊ အခု ၂၇၀၀၊ ၂၈၀၀ ဖြစ်သွားပြီ၊ တစ်စိတ်ကို ၂၀၀ အနည်းဆုံး ရောင်းမှ သုံး၊ လေးရာ အမြတ်ကျန်မှာ အစ်မလည်း ဈေးတက် မရောင်းချင်ဘူး၊ ဝယ်ဈေး တက်တော့ တက်မရောင်းရင် မရလို့ ညီမရေ”
“ကန်စွန်း တစ်စည်း ဘယ်လောက်လဲ”
“တစ်စည်း ၃၀၀၊ နှစ်စည်း ၅၀၀ နဲ့ယူ”
“ကန်စွန်းဈေးက တစ်စည်း ၁၅၀ လောက်က တက်သွားတာ၊ ပြန်မကျဘူးနော်”
“အမယ်လေး ညီမရေ ဘယ်နှစ်ခါများ တက်ပြီးရင် ပြန်ကျတယ် ဆိုတာရှိလဲ၊ အရင် ကုန်စိမ်း တစ်သိန်းဖိုး၊ နှစ်သိန်းဖိုးဆိုရင် တောင်းတွေ၊ အိတ်တွေနဲ့ အများကြီး ရတယ်၊ အခု တစ်သိန်းဖိုး၊ နှစ်သိန်းဖိုးဝယ်ရင် ဘာမှ မရတော့ဘူး၊ ဈေးရင်း ကြီးသွားလို့ အမြတ်များများ ကျန်လားဆိုတော့၊ အမြတ်ကလည်း အရင်လောက်ပဲ၊ ပိုလာတယ် မရှိဘူးလေ၊ တခြား စီးပွားရေး လုပ်မယ်ဆိုရင်တောင် ဒီထက်မက ရင်းရဦးမယ်၊ ဘယ်မှာလဲ ငွေရင်း၊ အစ်မတို့လို အခြေခံ လူတန်းစားတွေအတွက် ဒီသံသရာက ဘယ်တော့ လွတ်ပါ့မလဲ”
ကုန်စိမ်းသည် အစ်မ ပြောတာတွေကလည်း အကုန်မှန်နေတော့ အိမ်ရှင်မဖြစ်တဲ့ ကိုယ်လည်း ဘာမှ ဈေးမဆစ်ရဲတော့ဘဲ လိုအပ်တဲ့ဟင်းသီး၊ ဟင်းရွက်ချက်စရာတွေ ဝယ်ပြီး ပိုက်ဆံရှင်းမယ်လည်း လုပ်ရော ကန်စွန်းနှစ်စည်း၊ ဘူးသီးတစ်စိတ်၊ မှိုတစ်ဆယ်သား သုံးမျိုးအတွက် ၁၅၀၀ ပေးလိုက်ရပါရော။
ဟင်းရန်အတွက် လိုအပ်တဲ့ ဟင်းသီး၊ ဟင်းရွက် ဝယ်ပြီးလို့ နှစ်ရက်စာလောက် အသားငါး ဟင်းစား ဝယ်ပြီးချိန်မှာ တစ်သောင်းနီးပါး ဈေးဖိုး ကုန်သွားပြီ။ ဒါတောင် နံနက်စာ မုန့်ဟင်းခါးတို့၊ လက်ဖက်ရည်တို့၊ ဆန်၊ ဆီ၊ ဆားနဲ့ တခြားဟင်းချက်စရာ အမယ်တွေ မပါသေးပါ။ ဒါတွေလည်း ဝယ်ရမယ့်နေ့ဆိုရင် အိတ်ထဲ ပါလာတဲ့ ပိုက်ဆံနှစ်သောင်းလောက်က လောက်မယ်မထင်။ တစ်ရာ၊ နှစ်ရာ ဈေးတက်တာများ ပြောနေသေးတယ်ဆိုပြီး အထင်သေးတော် မမူလိုက်ပါနဲ့။ မဖြစ်မနေ ဝယ်ရ၊ သုံးရမယ့် ပစ္စည်းအများစု တစ်ရာလောက် စီဈေးတက်ရင်ပဲ အမယ်လေး၊ငါးမျိုးဆို တစ်နေ့ ဈေးဖိုးထဲကနေ ကျပ် ၅၀၀ လောက် ပိုသုံးနေရတာပါ။ တစ်လ တွက်ကြည့်ရင် တစ် သောင်းခွဲပါ။ ပိုထွက်သွားတဲ့ တစ်သောင်းခွဲ အတွက် တစ်လ လစာတစ်သောင်းခွဲ ပိုဝင် လာပါသလား။ လူကြီးမင်း တစ်ယောက်က တစ်နေ့ကို ၂၀၀၀ နှုန်းပဲ သုံးဖို့ပြောထားလေတော့ အိမ်ရှင်မတွေ ကိုယ်စား လူကြီးမင်းကိုယ်တိုင် ဈေးထဲ တစ်ရက်လောက် ပတ်ပြီး ဈေးဝယ် ကြည့်ပါလားလို့ ပြောပါရစေ။
အသားဟင်းနဲ့ ဟင်းရွက်ကြော် တစ်ခွက်စီ၊ ဟင်းချိုလေး တစ်ခွက်တို့နဲ့ အသင့်အတင့် ထမင်းပွဲရဖို့ တစ်နေ့ကို အနည်းဆုံး ၃၀၀၀ နဲ့ ၄၀၀၀ ကြား ကုန်နေပါတယ်။ ဒီလိုအသင့်အတင့် ထမင်းပွဲ မဟုတ်ဘဲ အသားဟင်းလည်း ဒါ၊ အရွက်ကြော်ဆိုလည်းဟုတ်၊ အရည်သောက်လည်း မပါဘဲ ဘဲဥပြုတ်နဲ့ ငါးပိတောင် တစ်ဘူး၊ ကန်စွန်းရွက်ကြော် အလွတ်၊ အသင့်စား လက်ဖက်ထုပ်တို့နဲ့ မနက်၊ ညစာ ပြီးလိုက်ရတဲ့ အခြေခံ လူတန်းစားတွေအတွက် တစ်နေ့ လုပ်ခ ၃၆၀၀ ဆိုတာ သူတို့တွေ ရသင့်တဲ့နှုန်းထားပါ။ ဒါတောင် သူတို့ရတဲ့ တစ်နေ့ ကျပ် ၃၆၀၀ ဆိုတာ မိသားစုနဲ့ဆိုရင် လုံလောက်တဲ့ နှုန်းထား မဟုတ်သလို လူတန်းစေ့ ကိုယ့်အိုး၊ ကိုယ့်အိမ်၊ သင့်တင့်တဲ့ ထမင်း၊ ဟင်း၊ ကလေးတွေရဲ့ ပညာရေးနဲ့ မဖြစ်မနေ သုံးရမယ့် လူသုံးကုန် အချို့နဲ့ ကျန်းမာရေး စရိတ်တွေ အတွက်ဆိုရင် ပိုလျှံပြီး စုဆောင်းနိုင်တဲ့ နှုန်းထားမဟုတ်ပါဘူး။ ဒီကြားထဲမှာ မဖြစ် မနေပေးရမယ့် တစ်လ အိမ်ငှားစရိတ် တစ်သိန်း၊ တစ်သိန်းကျော်အတွက်နဲ့ ရေခွန်၊ မီတာခ၊ သွားလာစရိတ်စတဲ့ ကုန်ကျစရိတ်တွေ ပါတွက်ရင် ဝင်ငွေနဲ့ ထွက်ငွေကို တစ်လအတွက် အလျဉ်မီအောင် မနည်း စိစစ် သုံးစွဲ နေကြရတယ်ဆိုတာ ဘယ်သူ ငြင်းပါမလဲ။
လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ကြားနေရတဲ့ စကားတွေမှာ ဆင်းရဲမှု လျှော့ချရေးကို ဦးစားပေး လုပ်မယ်ဆိုတာပါ။ လက်ရှိ မြန်မာနိုင်ငံဟာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ထားတယ်လို့ ကြွေးကြော်ပြီး တာဝန်ရှိ လူကြီးမင်းများ တာဝန်ယူ လုပ်ကိုင်လာမှုမှာ ငါးနှစ်တာ ကာလ ပြည့်မြောက်တော့မယ် ဆိုပေမယ့် နိုင်ငံမှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေ စာရင်းကနေ မလွတ်သေးသလို ကုလသမဂ္ဂက သတ်မှတ်တဲ့ တစ်ရက်ဝင်ငွေ ၁ ဒသမ ၂၅ ဒေါ်လာ( ကျပ် ၁၆၀၀) ထက် နည်းပါးတဲ့ ဆင်းရဲမွဲတေမှု လူဦးရေကလည်း ၂၅ ဒသမ ၆ ရာခိုင်နှုန်း ရှိနေပြန်ပါသေးတယ်။ ၂၀၁၅ ခုနှစ်မှာ ဆင်းရဲမွဲတေမှု ၁၆ ရာခိုင်နှုန်းအထိ လျှော့ချမယ်လို့ အကြီးအကဲတွေက ပြောထားပါတယ်။ ဒါပေမဲ့ အမျိုးသားလွှတ်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ ချရေး ကော်မတီဥက္ကဋ္ဌကတော့ လက်ရှိ ဆင်းရဲမွဲတေမှု ၂၅ ဒသမ ၆ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်း ရောက်ဖို့တောင် ခက်ခဲနေတယ်လို့ ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ဆိုထားပါတယ်။
ငါးနှစ်တာအတွင်း ဆင်းရဲမွဲတွေမှု ပပျောက်ဖို့ စီမံကိန်း အောင်မြင်မှုရှိ၊ မရှိ မသိပေမယ့် အိမ်ရှင်မ ဖြစ်နေသူ တစ်ယောက် အတွက်ကတော့ ကုန်ဈေးနှုန်းတွေဟာ ငါးနှစ်အတွင်း မြင့်လာခဲ့တာ အမှန်ပါ။ အစိုးရသစ် စတင် တာဝန်ယူခဲ့တဲ့ ၂၀၁၀ မတ်လတုန်းက ဆန်ကြမ်းဈေး တစ်ပြည် ၈၀၀ လောက်ကနေ အခု ကျပ် ၁၀၀၀ ဈေးရှိနေပြီး မြေပဲဆီ တစ်ပိဿာ ကျပ် ၂၅၀၀ ကျော်လောက်ကနေ အခု ကျပ် ၄၀၀၀ နီးပါး၊ အရင် ကြက်ဥ တစ်လုံး ကျပ် ၁၀၀ လောက်ကနေ အခုဆိုရင် တစ်လုံး ၁၃၀၊ အလုံးကြီးဆိုရင် ၁၅၀ ဖြစ်သွားပါပြီ။ ငါးကြင်းဆိုလည်း တစ်ဆယ်ကျပ်သားကို ကျပ် ၄၀၀-၅၀၀ ရှိခဲ့ရာက အခု ကျပ် ၈၀၀ -၁၀၀၀၊ ဝက်သား ၅၀၀-၆၀၀ ဈေးကနေ အခု ကျပ် ၁၀၀၀-၁၂၀၀ ဈေး ရှိနေပါတယ်။ ဒါတောင် ပုစွန်တုပ်၊ ငါးသလောက်၊ ဆိတ်သား၊ ငါးဖယ်စတဲ့ တန်ဖိုးကြီးလို့ သတ်မှတ်နိုင်တဲ့ ပြည်ပပို့ကုန်လို အသားငါးဈေးတွေကို ပြောပြ မနေချင်တော့ပါ။
မြန်မာ့စီးပွားရေး အခြေအနေတွေ တိုးတက်နေလား၊ ဆုတ်ယုတ် နေလားဆိုတာ ပညာရှင် မဟုတ်တာကြောင့် မသိပေမယ့် အိမ်ရှင်မ ဖြစ်နေတော့ ငါးနှစ်တာ ကာလမှာ မဖြစ်မနေ ဝယ်ယူနေရတဲ့ ကုန်စည်ဈေးတွေ ဆတိုး ပြောင်းလဲခဲ့ပြီး ပြန်လည် ကျဆင်းမလာဘဲ ဆက်တက် နေတာကိုတော့ ကောင်းကောင်း သိပါတယ်။ အိမ်ထောင်စု တစ်စုအတွက် အခြေခံကျတဲ့ စားသောက်ရေးအတွက် ရင်မအေးရသလို နေရေးအတွက် အိုးပိုင် အိမ်ပိုင် တစ်လုံးတောင် သေချာ မရှိကြတဲ့ အခြေခံ လူတန်းစားနဲ့ လူလတ်တန်းစား ပြည်သူတွေဟာ လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလကရော၊ ငါးနှစ် ပြည့်တော့မယ့် လက်ရှိ အချိန်မှာရော အေးအေးဆေးဆေး နေနိုင်ပါပြီလား။ သူတို့တွေရဲ့ဘဝက ငါးနှစ်တာ အတွင်းမှာ ဘာတွေများ ပြောင်းလဲ တိုးတက် လာပါပြီလဲ။ စနစ် ပြောင်းပြီလို့ ပြောထားတဲ့ ငါးနှစ်တာအတွက် အနှစ်ချုပ် လိုက်ရင်တော့…။










