စည်းကမ်းချိုးဖောက်သော ယာဉ်များအား Viber မှတစ်ဆင့် ဓာတ်ပုံပေးပို့ တိုင်ကြားမှု ၁၆၀၀ ကျော်ကို အရေးယူထားကြောင်း သိရပြီး ထိုသို့အရေးယူရာတွင် ကိုယ်ပိုင်ယာဉ်များက ပြစ်ဒဏ်ကျူးလွန်မှု အများဆုံး ဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်က ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်မှစ၍ အောက်တိုဘာ ၁၅ ရက်အထိ ရန်ကုန်မြို့ အတွင်း စည်းကမ်း ချိုးဖောက်သည့်ယာဉ် စုစုပေါင်း ၁၆၆၆ စီးအား အရေးယူထားရာ ကိုယ်ပိုင်ယာဉ် ၇၉၇ စီး၊ တက္ကစီယာဉ် ၄၅၃ စီး၊ အငှားကုန် တင်ယာဉ် ၁၇၇ စီး၊ ခရီးသည်တင် ယာဉ် ၂၃၉ စီးကို အရေးယူထားကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါ စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ် ၁၆၆၆ စီးအား အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဆင့်ခေါ်စာများ ပေးပို့ကြောင်းသိရပြီး ကျူးလွန်သည့် အမှုအမျိုးအစားအလိုက် ငွေဒဏ်၊ ထောင်ဒဏ် စသည်တို့ကို တရားရုံးက ပြစ်ဒစ်များ ချမှတ်ကာ အရေးယူလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဆီကို တိုင်ကြားတဲ့ အမှုတွေက အများကြီးပဲ ရှိတယ်။ အဲ့ဒီတိုင်ကြားမှုတွေထဲက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ချိုးဖောက်တာ ထင်ရှားတဲ့ ကားတွေကို အရေးယူတယ်။ ကျူးလွန်တဲ့ ယာဉ်ပိုင်ရှင်တွေကို ဆင့်စာပေးပို့တယ်။ ပြီးတော့ တရားရုံးက သူတို့ကျူးလွန်တဲ့ အမှုအမျိုးအစား အလိုက်ပြစ်ဒဏ် ချမှတ်ပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူး ဇော်မျိုးထွန်းက ဆိုသည်။
ဆက်လက်ပြီး ၎င်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့် ယာဉ်များအား ပြည်သူများ သိရှိစေရန်အတွက် ပြည်တွင်းရှိ သတင်းစာ၊ ဂျာနယ်အချို့တွင် ဖော်ပြပေးရန်အတွက် သဘောတူညီချက် ရရှိထားကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။
အဆိုပါ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား ပြည်သူများက Viber မှ တစ်ဆင့် တိုင်ကြားလိုပါက စည်းကမ်းဖောက်ဖျက်သည့် ယာဉ်၏ နံပါတ်ပြားကို ပေါ်လွင်အောင် ရိုက်ကူးပေးပို့ရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကျူးလွန်နေကြောင်း ထင်ရှားသည့် ဓာတ်ပုံများကိုဖြစ်ရန်၊ သတ်မှတ်ထားသည့် လမ်းအမှတ်အသား၊ စည်းတားထားသည့် အမှတ်အသားများ ပေါ်လွင်အောင် ရိုက်ကူးပေးပို့ရန်နှင့် ပေးပို့ရာတွင် ကျူးလွန်သည့် ယာဉ်၏ အချိန်၊ နေရာတို့ကို ထည့်သွင်းပေးပို့ ပေးပါရန်စသည့် အချက်များနှင့် ပြည့်စုံသည့် ဓာတ်ပုံများကို ကြည့်၍ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား အရေးယူသွားမည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။
ယင်းသို့ Viber မှ ဓာတ်ပုံရိုက်တိုင်ကြားသည့် စည်းကမ်း ဖောက်ဖျက်သည့် ယာဉ်များအား အရေးယူရာတွင် စက်တင်ဘာ ၇ ရက်တွင် အသစ်ထွက်ရှိခဲ့သည့် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း သိရပြီး အဆိုပါ စက်တင်ဘာ ၇ ရက် မတိုင်မီ စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို မူလဥပဒေဖြစ်သည့် ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေဖြင့်သာ အရေးယူမည်ဟု သိရသည်။
ထိုသို့ စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ်များအား Viber မှ တစ်ဆင့် ဓာတ်ပုံပေးပို့ တိုင်ကြားမှုနှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ်မှ ဆူးလေသို့ ပြေးဆွဲသည့် မ.ထ.သ ၂၅၅ ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးအား သွားရောက်မေးမြန်းရာ ၎င်းက “အရင်ကတော့ ရဲလစ်ရင် လစ်သလို လမ်းပြောင်းပြန်မောင်းတာတို့၊ မှတ်တိုင်မဟုတ်တဲ့ နေရာတွေမှာ လူအတင်အချလုပ်တယ်။ ရဲရှိနိုင်တဲ့ နေရာတွေကို မှတ်ထားပြီး အဲ့ဒီ နေရာရောက်ရင် သတိထား မောင်းတယ်။ အခုဟာက ရဲက ကျွန်တော်တို့ ကားတွေ စည်းကမ်းဖောက်တာ မတွေ့ပေမယ့်လည်း အခြားလူတွေက ဓာတ်ပုံရိုက်ပြီး လှမ်းတိုင်တာတွေရှိတော့ မလုပ်ရဲတော့ဘူး။ လုပ်ရမှာက မတန်တော့ဘူးလေ။ ပိုက်ဆံရမှာက နည်းနည်း။ မိသွားရင် ဒဏ်ငွေ က ၃၀၀၀၀ ထက် မနည်းဆောင်ရမယ်။ အခန့်မသင့်ရင် လိုင်စင်လည်း အပိတ်ခံရဦးမယ်။ အဲ့ဒီတော့ မရင်းရဲတော့ဘူး” ဟု ပြောကြားသည်။
စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအား ပြည်သူလူထုမှ ဓာတ်ပုံရိုက်ကူး၍ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး Viber ဖုန်းနံပါတ်ဖြစ်သည့် ၀၉ ၇၃၀၉၃၂၂၆၊ ၀၉ ၇၉၁၂၀၃၂၈ တို့ကို ဓာတ်ပုံများ ပေးပို့ တိုင်ကြားနိုင်ကြောင်း သိရသည်။
စည်းကမ်းချိုးဖောက် ယာဉ်များအား Viber မှတစ်ဆင့် ဓာတ်ပုံပေးပို့ တိုင်ကြားမှု ၁၆၀၀ ကျော်ကို အရေးယူထားပြီး ပြစ်ဒဏ်ကျူးလွန်မှု အများဆုံးမှာ ကိုယ်ပိုင်ယာဉ်များ ဖြစ်နေ