တစ်ပါတီ အာဏာရှင်စနစ် အုပ်ချုပ်တဲ့ မြောက်ကိုရီးယားနိုင်ငံမှာ အာဏာရ အလုပ်သမားပါတီရဲ့သက်တမ်းဟာ အောက်တိုဘာ ၁၀ ရက်မှာ နှစ် ၇၀ ပြည့်ခဲ့ပါတယ်။ ကင်မျိုးဆက်ဖြစ်တဲ့ ကင်ဂျုံအွန်က ထုံးစံအတိုင်း ဆိုသလို အရင်းရှင်နယ်ချဲ့ အမေရိကန်ရဲ့ ခြိမ်းခြောက်မှုတွေ တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
နှစ် ၇၀ ပြည့် အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ပြုလုပ်ခဲ့တာကြောင့် မြောက်ကိုရီးယား သမိုင်းမှာ အင်အားအကြီးမားဆုံး စစ်ရေးပြပွဲ တစ်ခုဖြစ်ပါတယ်။ ကင်ဂျုံအွန်ရဲ့ အဘိုး မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ ကင်အီလ်ဆွန် အထိမ်းအမှတ် ကင်အီလ်ဆွန် ရင်ပြင်မှာ ကျင်းပတဲ့ စစ်ရေးပြပွဲမှာ မြေးဖြစ်သူ ကင်ဂျုံအွန်က တရုတ်ခေါင်းဆောင် မော်စီတုန်း ဝတ်လေ့ဝတ်ထရှိတဲ့ ဝတ်စုံကို ဝတ်ထားပြီး ဂုဏ်ပြုတပ်ဖွဲ့ရဲ့ အလေးပြုပုံကို အစိုးရပိုင် ဝါဒဖြန့်ချိရေး ရုပ်သံက ထုတ်လွှင့် ပြသခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ တော်လှန်ရေး တပ်တွေဟာ အမေရိကန်ရဲ့ ရန်စစစ်ပွဲမှန်သမျှ တိုက်နိုင်တယ်။ နိုင်ငံရဲ့ မြေပြင်နဲ့ ဝေဟင်ကို ကာကွယ်ဖို့ အသင့်ရှိတယ်လို့ ကင်က ပြောကြားခဲ့ပါတယ်။
စစ်ရေးစစ်မာန်တက်နေတဲ့ ကင်ရဲ့ ရဲရဲတောက် မိန့်ခွန်းမပြောခင် လေးရက်ကတည်းက ဝေဟင်ဂြိုဟ်တုရဲ့ ရိုက်ကူးမှုအရ မြောက်ကိုရီးယားမှာ တင့်ကားအစီး ၈၀၀၊ ထရပ်ကား အစီး ၇၀၀၊ သံချပ်ကာကား အစီး ၂၀၀ လေ့ကျင့်နေပုံတွေကို တွေ့မြင်ခဲ့ရပါတယ်။
တကယ်တမ်းကျတော့ ပြုံယမ်းဟာ နိုင်ငံတကာ သံတမန်ရေးရာမှာ အထီးကျန်နေတဲ့ နိုင်ငံဖြစ်နေပါတယ်။ ရင်းနှီးတဲ့ ရုရှားကအဆင့်မြင့် ပုဂ္ဂိုလ်တွေ အခမ်းအနား မတက်ရောက်ခဲ့ပါဘူး။ တရုတ်ကွန်မြူနစ် ပါတီရဲ့ အမြဲတမ်း ကော်မတီအဖွဲ့ဝင် လျူယန်ရှန်းတစ်ဦးသာ ပြင်ပဧည့်သည်အဖြစ် တက်ခဲ့ပါတယ်။
နျူကလီးယား စမ်းသပ်မှု သုံးကြိမ်ပြုလုပ်ထားတဲ့ မြောက်ကိုရီးယားကို နိုင်ငံတကာက ပိတ်ဆို့ အရေးယူမှုတွေ ပြုထားပါတယ်။ ဒါပေမဲ့ ပြုံယမ်းကတော့ နျူကလီးယား စမ်းသပ်မှု စတုတ္ထအကြိမ် ပြုမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ အမေရိကန် အခြေစိုက် သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေးဌာနက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ မြောက်ကိုရီးယားဟာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ နျူလက်နက် ၁၀ ခုမှ ၁၆ ခု ကြား ပိုင်ဆိုင်ထားတယ်လို့ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ ကီလိုမီတာ ၁၃၀၀ (မိုင် ၈၀၀) အကွာဝေးထိ ပစ်နိုင်တဲ့ နိုင်ဒေါင်းဒုံးကျည်မှာ တပ်ဆင်ပစ်ခတ်နိုင်တဲ့ နျူထိပ်ဖူးတစ်ခုကို တည်ဆောက်နိုင်တဲ့ အဆင့်ရှိနေပါတယ်။
မြို့တော်ပြုံယမ်းမှာ ကင်ဂျုံအွန်က စစ်ရေးအရ ဘယ်သူ့မှ မကြောက်ကြောင်း ကြွားလုံးထုတ်နေခဲ့သလို မြောက်ကိုရီးယားနိုင်ငံရဲ့ တစ်ခုတည်းသော အလုပ်သမားပါတီက ကာဒါတွေဟာ ပိုတမ်ကင်ကျေးရွာမှာ အပန်းဖြေ အနားယူနေကြပါတယ်။ မြောက်ကိုရီးယားမှာ လူဦးရေ ၂၅ သန်း ရှိပါတယ်။ အဲဒီထဲက၁၀ ရာခိုင်နှုန်းခန့်ကသာ ပိုတမ်ကင်ကျေးရွာမှာ သွားရောက်ခွင့်ရကြပါတယ်။ ဒီအေးချမ်း သာယာလှတဲ့ နေရာလေးကို သာမန်ပြည်သူတွေ အိပ်မက်ထဲမှတောင် ထည့်မမက်ဝံ့ကြပါဘူး။ တစ်ပါတီ အာဏာရှင် စနစ်အောက်မှာ အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးတွေသာ ကောင်းကောင်း အနားယူပြီး သူတို့တစ်တွေ အင်မတန်မုန်းတဲ့ အရင်းရှင်စနစ်ရဲ့ ထုတ်လုပ်နေတဲ့ စားသောက်ကုန်တွေ၊ အဝတ်အထည်တွေ၊ အသုံးအဆောင်တွေကို သုံးစွဲနေကြပါတယ်။
၁၉၉၀ ပြည့်မှာ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ဘေးကြောင့် ပြည်သူသန်းချီ သေဆုံးခဲ့ကြပါတယ်။ ၂၀၁၁ မှာ ကျင်ဂျုံအီ ကွယ်လွန်ပြီး ကင်ဂျုံအွန် အာဏာရခဲ့ပါတယ်။ အာဏာရှင်ကြီးရဲ့သား အာဏာရှင် ပေါက်စလေးဟာ အာဏာကို အဘိုးနဲ့ အဖေလိုပဲ မြဲမြဲဆုပ်ကိုင် ထားခဲ့ပါတယ်။ သူ့လက်ထက်မှာ မိုဘိုင်းဖုန်းတွေ အသုံးပြုနိုင်ခဲ့ပါတယ်။ အငှားယာဉ်တွေ ပြေးဆွဲခွင့်ပြုခဲ့ပါတယ်။ လမ်းမကျယ်ကြီးမှာ ခေတ်မီ မော်တော်ကားတွေ သွားလာနေကြပါတယ်။ မီးရောင်စုံ ထိန်လင်းတဲ့ ပြုံယမ်းမှာ မိန်းမချောတွေ လမ်းသလားနေတာ မြင်လာရတယ်။ အဲဒီလို ကြော့ကြော့မော့မော့ သွားနေသူတွေ၊ မော်တော်ကား တဝီဝီ စီးနေသူတွေ၊ မိုဘိုင်းဖုန်းကို ဟန်ပါပါပြောနေသူတွေဟာ လက်တစ်ဆုပ်စာ လူစုပဲဖြစ်ပါတယ်။ လူလတ်တန်းစားလို့ ခေါ်ရမယ့် နိုင်ငံရေး၊ ယဉ်ကျေးမှုရေးတွေ တတ်သိတဲ့လူတွေ မများသေးပါဘူး။
မြောက်ကိုရီးယားနိုင်ငံဟာ ကွန်မြူနစ် စီးပွားရေး စနစ်မှနေ တခြားစီးပွားရေးစနစ် ပြောင်းမယ်ဆိုရင် ဈေးကွက် စီးပွားရေးစနစ်၊ အရင်းရှင် စီးပွားရေးစနစ် ဖြစ်လာမှာမဟုတ်ဘဲ အာဏာရှင်တွေနဲ့ သူ့ကို လူတစ်စုမှာ ကောင်းစားတဲ့ အရင်းရှင် အာဏာရှင် စနစ်ပဲဖြစ်ပါတယ်လို့ မြောက်ကိုရီးယား အရေးလေ့လာသူ အွန်ဒရေလန်ကာ့ဖ်က မှတ်ချက်ချပါတယ်။ ကင်ဂျုံအွန်က သူ့ခိုင်းစေချက်ကို ဦးလည်မသုန် ထမ်းရွက်သူတွေကို ဈေးနှုန်း အင်မတန်ကြီးတဲ့ အပန်းဖြေ စခန်းတွေမှာ သွားရောက် အနားယူစေပါတယ်။ အစာငတ်မွတ် ခေါင်းပါးနေတဲ့ ထမင်းတောင် နပ်မမှန်တဲ့ သူတွေအတွက်ကတော့ အပန်းဖြေ စခန်းရှေ့မှာ ရေလွှာလျှော စီးရတာ၊ ငါးပြတိုက်မှာ ကြည့်ရတာ၊ စားသောက်ဆိုင်မှာ စားရတာဟာ နတ်ဘုံနတ်နန်း ရောက်နေရသလိုပါပဲ။
ကုလသမဂ္ဂရဲ့ ထုတ်ပြန်တဲ့ စာရင်းများအရ မြောက်ကိုရီးယားနိုင်ငံရှိ ပြည်သူ ရာခိုင်နှုန်း ၇၀ ဟာ အစာရေစာ ငတ်မွတ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ပြောကြားခဲ့ပါတယ်။ မိုးခေါင်တဲ့ဒဏ်၊ ရေလွှမ်းမိုးတဲ့ ဒဏ်ကြောင့် စိုက်ပျိုးရေးမှာ များစွာထိခိုက် နစ်နာမှုတွေ ကြုံတွေ့နေရပါတယ်။ တိုင်းပြည်က ဆင်းရဲနေပေမယ့် နျူလက်နက်တွေ စမ်းသပ်ခြင်းနဲ့ အင်အား ကြီးမားအောင် လုပ်ခြင်းဖြင့် မိမိနိုင်ငံရဲ့ ဂုဏ်သိက္ခာ ထည်ဝါအောင် လုပ်နေတဲ့ ကျင်ဂျုံအွန် လက်အောက်မှာ နေရတဲ့ ပြည်သူတွေဟာ အစိုးရပိုင် ရုပ်သံကပြတဲ့ စစ်ရေးပြ အခမ်းအနားကို ကြည့်နေရပါတယ်။ တစ်ချိန်တည်းမှာပါ အစိုးရနဲ့ ပတ်သက်တဲ့ လက်တစ်ဆုပ်စာ လူတစ်စုကတော့ အစားကောင်းတွေ စားပြီး အပန်းဖြေစခန်းမှာ အနားယူ နေကြပါတော့တယ်။










