သန်လျင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည့် တရားခံ တင်မြင့်အား တောင်ပိုင်းခရိုင် တရားရုံး၌ အောက်တိုဘာ ၁၄ ရက်က ဒုတိယအကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့ပြီး တရားလို ဒုရဲအုပ် မျိူးမင်းသန်းနှင့် တရားလိုပြ သက်သေနှစ်ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။အဆိုပါ ရုံးချိန်းတွင် ကျူးလွန်သူ တင်မြင့်အား ရဲတပ်ဖွဲ့ဝင် အင်အားများစွာဖြင့် လုံခြုံရေး တင်းကျပ်စွာ ရုံးထုတ်ခဲ့ပြီး အခင်းဖြစ်ပွားခဲ့သည့် သဘာဝတည်းခိုခန်းရှေ့တွင် ရှိသည့် ပန်းရန် အလုပ်သမား တစ်ဦးနှင့် ကျူးလွန်သူ တင်မြင့်အား သွားရောက်ဖမ်းဆီးရာတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတို့အပြင် တရားလိုအဖြစ် တိုင်ကြားခဲ့သည့် ဒုရဲအုပ် မျိုးမင်းသန်းတို့အား စစ်ဆေးခဲ့ပြီး တတိယ အကြိမ်မြောက် ရုံးချိန်းအား လာမည့် အောက်တိုဘာ ၂၁ သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။“ဒီနေ့မှာတော့ တည်းခိုခန်းရှေ့မှာ ရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက ပန်းရန်သမား တစ်ဦးနဲ့ သွားရောက်ဖမ်းဆီးရာမှာ ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို စစ်ဆေးခဲ့ပါတယ်။ ပြီးတော့ တရားလို ဒုရဲအုပ်ကိုလည်း စစ်ဆေးခဲ့ပါတယ်” ဟု တောင်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ထို့ပြင် ၂၀၁၄ ခုနှစ် မေလတွင် အမျိုးသား တစ်ဦးအား ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်ခဲ့သည့် အမှုအား သန်လျင်မြို့နယ် တရားရုံးတွင် ပုဒ်မ-၃၂၆ ဖြင့် ဆက်လက် ရုံးထုတ်ခဲ့ရာ မှုခင်းဆရာဝန် လာရောက်ခြင်း မရှိသဖြင့် မစစ်ဆေးဖြစ်ခဲ့ကြောင်း သိရသည်။ကျူးလွန်သူ တရားခံ တင်မြင့်မှာ ၂၀၁၄ ခုနှစ် မေလက သန်လျင်မြို့နယ်၌ပင် အမျိုးသား တစ်ဦးအား ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်မှုကြောင့် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် တရားခံပြေးအဖြစ် ကြေညာထားခံရပြီး စက်တင်ဘာ ၂ ရက်တွင် ၎င်းတိမ်းရှောင်နေသည့် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ သဘာ၀ တည်းခိုခန်း၌ ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးရာ ဓားဖြင့်ပြန်လည်ခုခံ ထိုးသတ်ခဲ့သဖြင့် ရဲအုပ်အောင်နိုင်နှင့် တပ်ကြပ်သူရလွင်တို့ သေဆုံးခဲ့ရသည်။ကျူးလွန်သူ တင်မြင့်မှာ အသက် (၄၇) နှစ်ရှိပြီဖြစ်ပြီး ၎င်းကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မွေးဖွားခဲ့ပြီး လူငယ်ဘဝကပင် ရန်ကုန်ဘူတာကြီး၌ ဒုစရိုက်သမားများနှင့် ပူးပေါင်းကာ ခိုး၊ ဆိုး၊ လု၊ နှိုက် စသည့် အမှုပေါင်း များစွာကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရသည်။တင်မြင့်သည် ၁၉၉၀ ပြည့်နှစ်တွင် မင်္ဂလာတောင်ညွှန့်မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးပြီး လုယက်မှု ကျူးလွန်ခဲ့ကာ ပဲခူးမြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။ ၎င်းထွက်ပြေး တိမ်းရှောင်မှုအား လိုက်လံ ဖမ်းဆီးသည့် ဝေါမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။ယင်းနောက် သာကေတမြို့နယ်ရှိ ၎င်းမိန်းမ နေအိမ်၌ ထပ်မံတိမ်းရှောင်နေစဉ် သာကေတမြို့မ ရဲစခန်းနှင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ကာ ၎င်းအား ပဲခူးစစ်ခုံရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ထိုသို့ အမိန့်ချမှတ်ခံခဲ့ရပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် သံခြေချင်းအားဖြုတ်ပြီး အစောင့်ရဲအား ရိုက်နှက်ကာ ထွက်ပြေးခဲ့ပြီး ယင်းနေ့၌ပင် တင်မြင့်အား မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူလမ်းထောင့်တွင် ပြန်လည်ဖမ်းဆီး ရမိခဲ့ကာ အင်းစိန်၊ မြင်းခြံနှင့် အိုးဖိုထောင်တို့တွင် ပြစ်ဒဏ်ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရှိရသည်။ထိုသို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် တင်မြင့်သည် သာကေတမြို့နယ်ရှိ ၎င်းမိန်းမ နေအိမ်၌ ပြန်လည်နေထိုင်နေစဉ် မယားပါသမီးအား အဓမ္မပြုရန် ကြံစည်မှုဖြင့် ထွက်ပြေးတိမ်းရှောင်ရင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် လုယက်မှုများ ထပ်မံကျူးလွန်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရှိရသည်။ ထို့နောက် ၎င်းအား တောင်ဒဂုံမြို့နယ်၌ လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ထောင်ဒဏ် နှစ် ၂၀ ကျော် အမိန့်ချမှတ်ခဲ့သည်။ထောင်ကျနေစဉ် အတွင်း၌ပင် မြင်းခြံမြို့နယ်ရှိ ရဲဘက်စခန်းတွင် ထိန်းသိမ်းခံထားရစဉ် သံခြေချင်းအား ဖျက်ဆီးကာ ထွက်ပြေးရန် ကြံစဉ်ခဲ့မှုဖြင့် ထောင်ဒဏ်လေးလ ထပ်မံတိုးမြှင့်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို သတ်ခဲ့သည့် တင်မြင့်အား တောင်ပိုင်းခရိုင် တရားရုံး၌ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုနှင့် တရားလိုပြ သက်သေနှစ်ဦးအား စစ်ဆေး