ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကား ရက်ပိုင်းအတွင်း စတင်တော့မည်။ ဒီတစ်ခေါက် မဲပေးရမည်ကို ကျွန်တော် အတော်ပင် ရင်ခုန်မိပါသည်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက မဲပေးရန် အသက်ကားမပြည့်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရွေးစရာ ဒီလူပဲရှိသောကြောင့် ဒီလူကိုမဲပေးပါ့မည် မဲရုံထဲသွားပေး ပါရစေ ဆိုတာကို ကြိုတင်မဲထည့်ပါဟု ဆိုခံခဲ့ရသည်။ မထူးတော့ဆိုကာ ရှေ့တွင်ပင် ချက်ချင်း မဲပေးခဲ့သည်။
အရသာကားမရှိ။ ၂၀၁၂ ကြားဖြတ်ကား ကျွန်တော်ရှိသော မြို့နယ်တွင် မပါခဲ့ပါ။ လွဲရပြန်သည်။ ဒီတစ်ခေါက်တော့ တစ်သက်တွင် ပထမဦးဆုံးအကြိမ် မဲရုံထဲဝင်ကာ မဲပေးခွင့်ရပေပြီ။ မိမိနှစ်သက်သော ကိုယ်စားလှယ်ကို အားပါးတရ တံဆိပ်တုံးနှိပ်ကာ ဆန္ဒပြုနိုင် ပေတော့မည်။ ဝမ်းမြောက်လှတော့သည်။
ရွေးကောက်ပွဲကို ကျွန်တော်က ဘောလုံးပွဲ တစ်ပွဲကဲ့သို့ တင်စားလိုသည်။ ပါတီအသီးသီးသည် ပြိုင်ဘက်အသင်းသားများ ဖြစ်ကြသည်။ ပြည်သူက ဘောလုံးဖြစ်ကာ ရွေးကောက်ပွဲ ကော်မရှင်က ဒိုင်သူကြီးဖြစ်ပေမည်။ ပွဲကြည့်ပရိသတ်ကား နိုင်ငံတကာမှ စောင့်ကြည့်လေ့လာ ကြမည့်သူများပင်။ မဲများများရရေး ရွေးကောက်ပွဲ အနိုင်ရရေးမှာ ဂိုးတိုင်ထဲသို့ ဘောလုံးကို အကြိမ်များစွာ ရောက်အောင် ကြိုးစားရေး ဖြစ်ပါသည်။ အရေးကြီးသည်မှာ ကိုယ့်ခြေထောက်ထဲ ဘောလုံးပိုင်ဆိုင်မှု များများရစေရန်နှင့် ဂိုးများများ ရရေးဖြစ်သည်။ အလှမ်းဝေးသေးသောကာလ ရွေးကောက်ပွဲနီးလျှင် တစ်နည်း စည်းရုံးရေး ဆင်းချိန်ကြလျှင် ရင်သပ်ရှုမောဖွယ် ဘောလုံးပညာများကို မြင်ရသကဲ့သို့ ပါတီအသီးသီး၏ စည်းရုံးရေး စွမ်းရည်ကို ရသစုံ ခံစားရတော့မည်ဟု မျှော်လင့်ခဲ့မိသည်။ နီးသောအခါ အသင်းခေါင်းဆောင် တစ်ယောက် တစ်ဝက်လောက်၏ ပြောင်မြောက်သော ကစားကွက်များကိုသာ မြင်ရပြီး ကျန်ပြိုင်ဘက်များမှာ ဘောလုံးပညာထက် လူချရန် ဒိုင်ဗင်ထိုးရန်၊ နောက်ကဆွဲရန်၊ ဘေးကန်ထုတ်ရန်သာ ကြိုးစားနေကြသည်ကို စိတ်မကောင်းဖွယ် အသီးသီး တွေ့ရလေတော့သည်။ ပြစ်ဒဏ်ဘော တောင်းနေကြသူများ အနီကတ်ပြပေးပါရန် တောင်းဆိုနေသူများ ဟန်ဆောင်ကာ လဲပြနေသူများ နေရာအသီးသီးယူကာ အပေးယူလုပ် ကစားရမည့်အစား ဘောလုံးနောက် တစ်ပြုံလုံးလိုက်ကာ လုရင်းငြင်းရင်း တစ်ခါတလေ ဘောလုံးကို ဘေးဖယ်ကာ သူတို့အချင်းချင်း သော်လည်းကောင်း ဒိုင်နှင့်သော်လည်းကောင်း ငြင်းခုံနေ တတ်ပါသည်။ ထိုအခါ ဘောလုံးလေးမှာ ရင်တမမ ဖြစ်ရပေတော့သည်။ ဒိုင်ကလည်း ပြိုင်ဘက်အသင်းသား တစ်ဦးမှ ဝတ်စုံလဲကာ တာဝန်ယူလိုက်ရသူ ဖြစ်သောကြောင့် သူ့အသင်းမှလွဲကာ ကျန်အသင်းများက အမြင် မကြည်လင်ကြ။ ပရိသတ် အပြည့်အပြင် သက်ဆိုင်ရာ CCTV မျာ းတပ်ထားသောကြောင့် သူ့ခမျာလည်း ဘက်လိုက်ရဲဟန် မတူဟု (အသက်နှင့်လဲကာ အမှန်တရားကို စောင့်ရှောက်သွားမည် ဟုပင် ကြွေးကြော်ခဲ့သေးသည်။) ယူဆရသော်လည်း ပြိုင်ဘက်များက သူ့အားသာ အကြိမ်ကြိမ် အပြစ်မြင် နေကြပါတော့သည်။ ဘောလုံးနေရာက ကျွန်တော်တို့ ပြည်သူများ ခမျာလည်း ဂိုးတိုင်ထဲ ဝင်စဉ် ခဏသာပွေ့ပိုက် နမ်းရှုပ်ခံခဲ့ရသော်လည်း ကျန်အချိန်များတွင်တော့ သူတို့ကန်သမျှ၊ အချင်းချင်းဆိုင်သမျှ၊ ကြားက ခံရသလို ဖြစ်နေသည်ဟု ခံစားမိပါသည်။ ထိုသည်ကား ကျွန်တော်မြင်သမျှ၊ သုံးသပ်မိသမျှသော ရွေးကောက်ပွဲကြိုမြင်ကွင်း ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲအချိန်ကား နီးကပ်လာခဲ့ပြီး အဖြေထွက်ရန်ကား မဝေးတော့ပါပြီ။ အတော်များများက ရွေးကောက်ပွဲကာလ နိုဝင်ဘာ ၈ ရက်ကို စိတ်ဝင်စားသော်လည်း ကျွန်တော်ကမူ နိုဝင်ဘာ ၈ ရက်နောက်ပိုင်းနှင့် မတ်လကြားက ရက်ပေါင်း ၁၀၀ ကျော် ကာလကိုသာ အထူးစိတ်ဝင်စားနေမိသည်။ ထိုကာလတွင်လည်း လက်ရှိအုပ်ချုပ်နေသော အစိုးရကသာ မည်သို့ရလဒ် ဖြစ်ပေါ်စေကာမူ ဆက်လက်တာဝန်ယူ နေဦးမည်ဖြစ်သည်။ ထိုအချိန်တွင် အစိုးရ ဘာလုပ်မည်ကို ကျွန်တော်က စိတ်ဝင်စားမိပါသည်။ ရင်းနှီးသော မိတ်ဆွေတချို့နှင့် ဆွေးနွေးမိသည်။ ယခုလက်ရှိ အစိုးရက ဆက်လက် အစိုးရဖွဲ့ခွင့် ရလောက်အောင် အရွေးချယ်ခံနိုင်မလား အသစ်ဖြစ်လေမလား၊ ညွန့်ပေါင်းဖွဲ့ရမလား ဆိုသည်က ထိုကာလကို ပုံစံပြောင်း စေနိုင်သည်ဟု မိတ်ဆွေတစ်ဦးက ဆိုသည်။ လက်ရှိအစိုးရကို ကြည်ဖြူဟန်မတူသော ထိုမိတ်ဆွေ၏ သုံးသပ်ပုံက လက်ရှိအစိုးရသာ ဆက်လက် အာဏာရသွားမယ့် ရလဒ်ဖြစ်သွားလျှင် အဲဒီအချိန်ဟာ အောင်ပွဲခံမှုနှင့် ကုန်ဆုံးသွားပါလိမ့်မယ်တဲ့။
ဒါမှမဟုတ် သူတို့အတွက် ရလဒ်ကောင်း မရသွားခဲ့လျှင်တော့ သူတို့ဟာ (၁) ရသမျှ အခွင့်အရေးမှန်သမျှ သိမ်းကျုံးယူသွားကာ အခွံချည်းသာ ကျန်အောင် လုပ်ကိုင်သွားနိုင်သည်။ (၂) နောက်တက်လာမည့် သူတို့မဟုတ်သော အစိုးရအတွက် အခက်ကြုံစေနိုင်သော လုပ်ငန်းများကို မသိမသာရော သိသိသာသာပါ လုပ်ဆောင်သွားခဲ့နိုင်သည်။ (၃) အာဏာကို လွှဲပြောင်းမပေးဘဲ တစ်နည်းနည်းဖြင့် လက်ဝယ်ထားရှိရေးကို ကြိုးပမ်းမည်ဟု သူက သုံးသပ်ခဲ့သည်။
မဖြစ်နိုင်ဟု နှိုင်းနှိုင်းချိန်ချိန် ငြင်းဆန်သူများ ရှိသကဲ့သို့ ဖြစ်နိုင်တယ်ဟု ထောက်ခံသူများလည်း ရှိခဲ့ကြသည်။ တိုင်းပြည်တွင် လက်ရှိနှစ်ငါးဆယ်အတွင်း ဒီမိုကရေစီ အစိုးရမှ ဒီမိုကရေစီ အစိုးရသို့ ကူးပြောင်းဆက်ခံခြင်း ကြားကာလ (Democracy to democracy transaction period) မှာ ပထမဦးဆုံးဖြစ်မည် ဖြစ်သောကြောင့်လည်း စံဟူ၍ မရှိကာ ယခုကဲ့သို့ ထင်မြင်ချက်များ ပေါ်ထွက်လာခဲ့ရခြင်း ဖြစ်ဟန်တူပေသည်။
ကျွန်တော်ကတော့ ထိုအချိန်ရက်ပေါင်း ၁၀၀ ကျော်တွင် ဖြစ်သင့်သည်ဟု ကျွန်တော် ယူဆသော ကျွန်တော့်ရင်ထဲက အစိုးရကို သူတို့အား တင်ပြခဲ့မိသည်။ ထိုအချိန်သည် ယခင်ငါးနှစ်တာ ကာလ၏ နိဂုံးဖြစ်ကာ နောင်ငါးနှစ်တာ ကာလ၏ နိဒါန်းဖြစ်ပေသည်။ နိဂုံးတစ်ခု သေသပ်စွာ အဆုံးသတ်ရန် လိုအပ်သလို နိဒါန်းတစ်ခု လှပစွာ ပျိုးထောင်နိုင်ရေးသည်လည်း မရှိမဖြစ် ဖြစ်ပေသည်။ ထိုအချိန်ကား ပြန်လှန်သုံးသပ်ရေး ကာလသာ ဖြစ်သင့်ပါသည်။ အမှန်စင်စစ် ထိုကာလတွင် မည်သည့်စီမံကိန်းမှ အသစ်မချသင့်သလို မည်သည့်လုပ်ငန်းသစ် လုပ်ပိုင်ခွင့်ကိုမျှ ချထားခြင်း မပြုလုပ်အပ်သော ကာလဖြစ်ပေသည်။
(နောက်နောင် အစိုးရများအား ရွေးကောက်ပွဲ မဲဆွယ်ကာလ မတိုင်မီတွင်ပင် စီမံကိန်းများ လုပ်ငန်းများ လျာထားချက်များ ပြည့်မီအောင် ပြုလုပ်ထားရမည်လို့ ပြင်ဆင်သွားနိုင်တဲ့ အခြေခံဥပဒေမှာပါ ထည့်သွင်း ရေးဆွဲထားသင့်ပါသည်။) ရွေးကောက်ပွဲအားဖြင့် ပြည်သူသည် အစိုးရဟူသော ခေါင်းကိုသာ ရွေးချယ်ခွင့် ဖြုတ်လဲခွင့် ရှိပါသော်လည်း ဝန်ထမ်းဟူသော ကျောရိုးဆစ်များကိုမူ ရွေးချယ်ဖျက်သိမ်း ပိုင်ခွင့်မရှိပေ။ ထိုအချက်ကို လက်ကိုင်ထားလျှင် ဝန်ထမ်းများသည် အစိုးရဝန်ထမ်း ဆိုသည်ထက် နိုင်ငံ့ဝန်ထမ်း ပြည်သူ့ဝန်ထမ်း စိတ်ဓာတ်ကို နှလုံးသွင်းခံယူရေးမှာ အဓိက အချက်ဖြစ်သည်။ ထိုကြားကာလ ရက်တစ်ရာကျော်တွင် ဝန်ထမ်းများ၏ ဆောင်ရွက်ချက်ဖြင့် တိုင်းပြည်၏ ယန္တရားကို ဆက်လက်လည်ပတ် ကြရပေတော့မည်။ (အမြဲတမ်း အတွင်းဝန် ခန့်ထားခြင်းများသည် ထိုကာလအတွက် ရည်စူးဟန် တူသည်ဟု သုံးသပ်ရပါသည်။) ကျွန်တော့်ရင်ထဲမှ အစိုးရသည် ထိုကာလတွင် ဝန်ကြီးဌာနအလိုက် ဆွေးနွေးပွဲကြီးများ ပြုလုပ်ပေတော့မည်။ ဝန်ကြီးဌာန အသီးသီး၏ နယ်ပယ်အဆင့် အသီးသီးတွင် တကယ်လက်တွေ့ လုပ်ကိုင်နေကြသော ဝန်ထမ်းကြီးများအား ခေါ်ယူကာ ပြီးခဲ့သော ငါးနှစ်အတွင်း အားသာချက် အားနည်းချက် အခွင့်အလမ်း လုပ်ကိုင်ခဲ့မှုများ ရလဒ်များ အားလုံးကို အမှန်ကန်ဆုံး ဆန္ဒ ဒေါသ ဘယာ မောဟကင်းစွာ သုံးသပ်ကြတော့မည်။
ထိုသုံးသပ်ချက်များအား သက်ဆိုင်ရာ တာဝန်ယူခဲ့သော ဝန်ကြီးဝန်ကလေးများ တာဝန်ယူခဲ့သူများက အချက်အလက် ခိုင်မာစွာဖြင့် ပြန်လည်ရှင်းလင်းခွင့်ရပြီး သေချာစွာ မှတ်တမ်းတင်ထား ကြပေမည်။ ရလဒ်မကောင်း ရခြင်းမှာ မည်သို့သော အကြောင်းကြောင်း များကြောင့် ဖြစ်ခဲ့သည် မျှော်လင့်မထားသော ကိစ္စများ မည်သို့တွေ့ကြုံခဲ့ရသည် အတွေ့အကြုံများ အခက်အခဲများ မည်သို့ရှိခဲ့သည်၊ သို့တည်းမဟုတ် အောင်မြင်မှုရရှိရန် မည်သို့ ကြိုးစားခဲ့ရသည် မည်သို့ကြံစည်ခဲ့ရသည် မည်သည့် လမ်းကြောင်းတို့ကို ရွေးချယ်ခဲ့ရသည် စသည်တို့အား ပွင့်လင်းမြင်သာစွာ ဆွေးနွေးကြပေတော့မည်။ ထိုကဲ့သို့ ဆွေးနွေးပွဲများအား သက်ဆိုင်ရာပါတီ အသီးသီးမှ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြသော ကိုယ်စားလှယ်များက (မည်သည့် ပါတီကပင်ဖြစ်စေ) မိမိသန်ရာ ဦးစားပေး ဌာနအလိုက် လေ့လာသူများ အနေဖြင့် တက်ရောက်ကာ နားထောင် ကြတော့မည်။ တာဝန်ရှိသူများ အနေဖြင့် မိမိတို့ ဆက်လက် အာဏာရသည်ဖြစ်စေ မရသည်ဖြစ်စေ မိမိတို့ တာဝန်ယူခဲ့စဉ် ကာလက အဆိုးများအတွက် လည်းကောင်း အကောင်းများအတွက် လည်းကောင်း စနစ်တကျ ဖြေရှင်းခွင့် ချေပခွင့် တင်ပြခွင့် ရှိခြင်းသည် တချို့နိုင်ငံများကဲ့သို့ အစိုးရတစ်ခုပြောင်း နောက်အစိုးရက အရင်အစိုးရ အဖွဲ့ဝင်များအား နောက်ကြောင်းပြန် အရေးယူခြင်းကဲ့သို့ အမြစ်ဖြုတ် သုတ်သင်ရေး ဒီမိုကရေစီစနစ် မဖြစ်စေရန်လည်း ထိုက်သင့်သလောက် အကာအကွယ်လည်း ဖြစ်နိုင်ပါလိမ့်မည်။ တာဝန်ယူမှုနှင့် တာဝန်ခံမှု ရှိခြင်းအား ဖော်ပြသကဲ့သို့ နောင်အစိုးရ အဆက်ဆက် အတွက်လည်း အစဉ်အလာ ကောင်းတစ်ခု ဖြစ်စေမည်ဖြစ်သည်။ ဝန်ကြီးတစ်ဦးမှ တစ်ဦးသို့ ပြောင်းလဲ ခန့်ထားရာတွင် လက်လွဲယူစရာ သော့တစ်ချောင်းပင်မရှိ နောက်တစ်ယောက်က အစမှ သူကောင်းမည်ထင်ရာ အစပျိုးရသည်မှာ မြန်မာနိုင်ငံ၏ အစဉ်အလာ (တစ်မင်းပြောင်း တစ်ကျောင်းထွက်) ဟု ပြောဆိုခံနေရခြင်း အားလည်း ပယ်ဖျက်ရာ ရောက်တော့မည် ဖြစ်သည်။ မည်သူမဆို မိမိတာဝန်ယူစဉ် အကောင်းဆုံး ဖြစ်ခဲ့သည်ဟု မှတ်တမ်းတင်လို သူများသာ ဖြစ်ပေမည်။
ရလဒ်ဆိုးခြင်း ကောင်းခြင်း ဆိုသည်မှာ ပတ်ဝန်းကျင် အခြေအနေ ပင်ကိုယ်အရည်အသွေး ကွာခြားမှုနှင့် ကံကြမ္မာတို့ အပေါ်တွင် များစွာမူတည် လှပါသည်။ ဆိုးကွက်ကိုရှာလျှင ်လူတိုင်း လူဆိုး ဖြစ်နေနိုင်သကဲ့သို့ ကောင်းကွက်ကိုရှာလျှင် မပေါင်းနိုင်သောသူ မရှိလှပေ။ ငါးနှစ်တာ၏ ကံကြမ္မာဆိုးများအား နောင် ငါးနှစ်တာတွင် ကံကောင်းခြင်းများအဖြစ် ပြောင်းနိုင်သော ငါးနှစ်တာ၏ အောင်မြင်မှုများအား နောင်ငါးနှစ်တွင် အခက်အလက် ဝေဆာစေမည့် အဓိကအချက်ကား ထိုရက် ၁၀၀ တွင်း အစိုးရ၏ ဌာနအသီးသီးအလိုက် ပြန်လည်သုံးသပ်ကာ ထွက်ပေါ်လာသော အကြံပြုချက်များအား နောက်အစိုးရ (လူသစ်ဖြစ်စေ လူဟောင်းဖြစ်စေ) ထံ စနစ်တကျ လွှဲပြောင်းရေးပင်ဖြစ်သည်။ နင်ပြီး ငါ့အလှည့် ပေဖြစ်ခံ တူဖြစ်နှံ၊ ထင်းခွေမကြုံ ရေခပ်ကြုံ၊ ရေစီးတစ်ခါ ရေသာတစ်လှည့် စသည်ဖြင့် ကြုံးဝါးနေကြမည့်အစား အမိမြန်မာပြည် ကမ္ဘာ့အလည် ဝင့်ထည်နိုင်ရေးအတွက် ထိုရက် ၁၀၀ ကျော် ကာလတွင် အစိုးရ၏ ညင်သာစွာ အသွင်ကူးပြောင်းသွားမည့် လုပ်ဆောင်ချက်များအား အိပ်မက်မက်ကြည့် နေမိတော့သည်။ (လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။)










