မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း လေးနှစ်ပြည့်အခမ်းအနား မြစ်ဆုံဒေသ တန်ဖရဲရွာတွင် ပြုလုပ်ခဲ့ပြီး စီမံကိန်းထာဝရရပ်တန့်ရေး ချီတက်တောင်းဆို

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း လေးနှစ်ပြည့်အခမ်းအနား မြစ်ဆုံဒေသ တန်ဖရဲရွာတွင် ပြုလုပ်ခဲ့ပြီး စီမံကိန်းထာဝရရပ်တန့်ရေး ချီတက်တောင်းဆို
Published 11 October 2015
ထွန်းလင်းအောင်

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း လေးနှစ်ပြည့်အဖြစ် စီမံကိန်း ထာဝရရပ်တန့်ရေးနှင့် မြစ်ဆုံဒေသခံပြည်သူများ နဂိုမူလနေရပ်သို့ လွတ်လပ်စွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေထိုင်ခွင့်ရရှိရေး၊ ဧရာဝတီမြစ် လွတ်လပ်စွာ ထာဝစဉ်စီးဆင်းရေး စသည့်တောင်းဆိုချက်များအတွက် လူ ၁၅၀၀ ကျော်က ချီတက်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။ယင်းတောင်းဆိုချက်ကို အောက်တိုဘာ ၁၀ ရက် မြစ်ဆုံရေကာတာ ရပ်ဆိုင်းထားနိုင်ခြင်း လေးနှစ်ပြည့်အခမ်းအနားတွင် မြစ်ဆုံ တန်ဖရဲကျေးရွာ ကက်သလစ်ဘုရားရှိခိုးကျောင်းမှ မြစ်ဆုံအပန်းဖြေစခန်းအထိ လမ်းလျှောက်ကြွေးကြော် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းရေကာတာ ရပ်ဆိုင်းထားနိုင်ခြင်း လေးနှစ်ပြည့်အခမ်းအနားကို မြစ်ဆုံ တန်ဖဲကျေးရွာ မာရိယာကောင်းကင်ဘုံသခင်မ ဘုရားကျောင်းအတွင်း နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး လူမှု့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ခရစ်သာသနာအသင်းတော်များ၊ ဒေသခံများ ၁၅၀၀ ကျော် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းအခမ်းအနားတွင် ဒေသခံများက မူလကတည်းက သဘာဝပတ်ဝန်းကျင်တွင် မှီခိုစားသောက်နေသူများဖြစ်ကြောင်း ၊ ကျေးရွာသစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအ၀၀တွင် အဆင်မပြေဖြစ်နေကြောင်း၊ ကျေးရွာဟောင်းတွင် လာရောက်လုပ်ကိုင် စားသောက်သော်လည်း အစိုးရဘက်မှ လွန်ခဲ့သောကာလများက ဖမ်းဆီးခြင်း၊ စာဖြင့် လက်မှတ်ရေးထိုးခိုင်းခြင်းများ ရှိခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်မှုများရှိနေကြောင်း၊ မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်တန့်ပြီး ကျေးရွာသူရွာသားများမှာ မိမိတို့ နဂိုမူလကျေးရွာတွင်သာ ပြန်လည်လုပ်ကိုင် စားသောက်ရမှာသာ ရေရှည်တွင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ မြစ်ဆုံစီမံကိန်း ရပ်တန့်နိုင်ရုံသာမက မိမိတို့၏ ဘဝအာမခံချက်များကို အားလုံးက ထည့်သွင်းစဉ်စားစေလိုကြောင်း ဒေသခံအသီးသီးက တောင်းဆိုခဲ့ကြသည်။
တန်ဖရဲကျေးရွာမှ အောင်မြင်သာကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသည့် ဒေသခံဖြစ်သူ ဒေါ်ကိုင်ဆိုင်းက “ကျွန်မတို့ပြောင်းရွှေ့ရတာ ဘယ်လောက် ဒုက္ခတွေ့ရတယ်ဆိုတာ နှစ်တိုင်းလည်းပြောခဲ့ပါပြီ။ အဲဒီအချက်တွေက အခုလည်း မပြောင်းသေးပါဘူး။ အောင်မြင်သာကျေးရွာကို ပြောင်းသွားတဲ့လူတွေက ဘာကြောင့် ရွာဟောင်းမှာ လုပ်စားရသလဲဆိုရင် ဟိုမှာ စိုက်စားစရာမြေမရှိဘူး။ မွေးမြူရေးလုပ်လို့ မရဘူး။ ရွာသစ်မှာ မီးရှိတယ်။ ရေရှိတယ်။ ငွေမရှိဘူး။ စားစရာမရှိဘူး။ ဟိုမှာ ဘာမှစိုက်ပျိုးထားမရှိဘူး။ ကျွန်မတို့ နေရပ်ဟောင်းမှာ မနေရင် ဘယ်သူက ကျွန်မတို့နေရာကို ဘယ်သူကာကွယ်မလဲ။ မလိအင်မိုင် ဇွတ်မဂျွယ်ဆိုတာ ကချင်တိုင်းရင်းများ လေးကြိမ်မြောက် ဆင်းသက်လာခဲ့ကြတဲ့နေရာလည်း ဖြစ်ပါတယ်။ ဒီရွာဟောင်းမှာနေတာက  အရင်က အဖမ်းခံရတယ်။ အခုစာတွေနဲ့ မြစ်ဆုံစီမံကိန်းပဲဖြစ်ဖြစ် တခြားစီမံကိန်း ဘယ်လာလာ မြစ်ဆုံဒေသခံတွေဟာ ဖယ်ပေးရမှာ သိပြီးသားဖြစ်ကြောင်း လက်မှတ်ထိုးခိုင်းလာတာ ရှိတယ်။ ဒါပေမဲ့ တစ်ယောက်မှ လက်မှတ်မထိုးခဲ့ဘူး။ မြစ်ဆုံ တန်ဖရဲကျေးရွာမှာနေတဲ့သူတွေ ဟာအင်ခိုင်ဘွမ်တောင်ကြောကို အမှီပြုပြီး အသက်မွေးကြသူတွေချည်းပါ။ ရွာသစ်မှာက  လုပ်စားစရာမရှိတော့ အသက်ကြီးပြီး လုပ်စားတဲ့သူတွေက ရွာဟောင်းမှာ ကျောင်းနေအရွယ် ကလေးတွေက အုပ်ထိန်းသူမရှိဘဲ ကျန်ခဲ့တော့ ကလေးတွေက ပညာရေးတွေမှာ အရမ်းအားနည်းပါတယ်။ တခြားသော ပြောင်းရွှေ့ရွာတွေမှာက ကျွန်မတို့နဲ့မတူတဲ့ ဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။ နောက်အစိုးရသက်တမ်းမှာ မြစ်ဆုံကြီး ပြန်လုပ်မှာကိုလည်း အရမ်းကို စိတ်ပူနေကြပါတယ်။ မြစ်ဆုံဧရိယာကိုလည်း တခြားသောလူတွေ၊ လုပ်ငန်းတွေလက်ထဲ ရောက်သွားမှာကိုလည်း လုံး၀ မလိုလားပါဘူး”ဟု လူထုကို ပြောကြားသည်။မြစ်ဆုံရေကာတာ ရပ်ဆိုင်းထားခြင်း လေးနှစ်ပြည့်အခမ်းအနားတွင် ဒေသခံ ရပ်မိရပ်ဖများက မြစ်ဆုံနှင့်ပတ်သက်သည့် ပုံပြင်များ၊ တေးသီချင်းများ၊ ခရစ်တော်သာသနာ ရောက်ရှိလာပုံများ၊ ရေကြီးမှုဒဏ်ကို ခံခဲ့ရသည့်ခုနှစ်များ၊ သဘာဝကပ်ဘေးများ ကျရောက်ခဲ့ မှုများ၊ မြစ်ဆုံဒေသနှင့် ပတ်သက်သော မှတ်တမ်းများကို ဖတ်ကြားခြင်း၊ ကိုးကားဖော်ပြ ခြင်းများကို ပြုလုပ်ခဲ့ကြသည်။နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည် ရေကာတာစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်မှာ ၂၀၁၅ ခုနှစ် စက်တင်ဘာ  ၃၀ ရက်တွင် လေးနှစ်ပြည်ခဲ့ပြီ ဖြစ်သည်။CPI ကုမ္ပဏီသည် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် တည်ဆောက်ရန် မြစ်ဆုံ၊ ချီဖွေ၊ ဝူဆောက်၊ ဖီဆော၊ ခေါင်လံဖူး၊ ယဲ့ နန်၊ လာဆာတို့တွင် စီမံကိန်း ခုနစ်ခုရှိပြီး စုစုပေါင်း စက်တပ်ဆင်အင်အားမှာ မဂ္ဂါဝပ် ၂၀၀၀၀ ခန့်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှုန်း ၁၀၀ ဘီလျံယူနစ်ခန့် ရှိမည်ဟု ယင်းကုမ္ပဏီ၏ မှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။   ၂၀၁၀ ခုနှစ် မေ ၂၈ ရက်တွင် နိုင်ငံတော်အစိုးရမှ မေခ-မလိခနှင့်  ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ မောင်းနှင်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပြန်လည်လွဲပြောင်းခြင်းတို့ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံခွင့်လိုင်စင် ထုတ်ပေးခဲ့သည်။               

Most Read

Most Recent