ယူကရိန်း-ဆီးရီးယားနှင့် ပူတင်

ယူကရိန်း-ဆီးရီးယားနှင့် ပူတင်
Published 9 October 2015
မြတ်သစ်

ရုရှား စစ်လေယာဉ်များ စက်တင်ဘာ ၃၀ ရက်တွင် ဆီးရီးယား ဝေဟင်ပိုင်နက်အတွင်း ပျံသန်းကာ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အနောက်နိုင်ငံများက ရုရှားသည် မိမိ၏ မဟာမိတ် ဆီးရီးယားသမ္မတ အာဆတ်ကို ဆန့်ကျင်နေသည့် အလယ်အလတ် သဘောထား ရှိသူများကို တိုက်ခိုက်ခြင်းအတွက် အကာအကွယ်ယူရန် IS များကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။အောက်တိုဘာ ၆ ရက်က နေတိုး စစ်အုပ်စုသည် ရုရှားတို့ အနေဖြင့် ဆီးရီးယားအား လေကြောင်းမှ တိုက်ခိုက်မှုများကို ရပ်စဲရန် တောင်းဆိုလိုက်သည်။ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်စဉ်အတွင်း ရုရှားလေယာဉ်များ တူရကီနိုင်ငံ၏ ဝေဟင်ပိုင်နက်အား ကျူးကျော်ခဲ့မှုကို သတိပေးလိုက်ခြင်း ဖြစ်သည်။ ရုရှား၏ စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှု စတင်ခဲ့ပြီးနောက် တင်းမာမှုများ မြင့်မားလာမည့် အန္တရာယ် ရှိနေသဖြင့် နေတိုးက ယခုကဲ့သို့ သတိပေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။တူရကီ နိုင်ငံ၏ အက်ဖ်-၁၆ တိုက်လေယာဉ်များက ယခုသီတင်းပတ် အကုန်တွင် ဆီးရီးယား နယ်စပ်အနီးရှိ ၎င်းတို့၏ ဝေဟင်ပိုင်နက် အတွင်းသို့ ဝင်ရောက်လာသော ရုရှားတိုက်လေယာဉ် တစ်စင်းကို ကြားဖြတ် တားဆီးခဲ့ရပြီးနောက် နောက်ထပ် ကျူးကျော်မှုများ မပြုလုပ်ရန် တူရကီက ရုရှားကို သတိပေးလိုက်သည်။နေတိုး စစ်အုပ်စု၌ အမေရိကန်ပြီးလျှင် ဒုတိယမြောက် တပ်ဖွဲ့ဝင်အင်အား အများဆုံး ဖြစ်သော တူရကီ စစ်တပ်က ၎င်းတို့၏ ဂျက်လေယာဉ် နှစ်စင်းကို ဆီးရီးယား နယ်စပ်၌ မည်သည့်နိုင်ငံကမှန်း မသိရသော MIG-29 လေယာဉ် နှစ်စင်းက ဝင်ရောက် နှောင့်ယှက်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။နေတိုး အရေးပေါ် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက ရုရှားတို့၏ တူရကီ ဝေဟင်ပိုင်နက်ကို ကျူးကျော်ခဲ့မှုအား အလွန်အမင်း အန္တရာယ်ကြီးသော လုပ်ရပ်အဖြစ် သတ်မှတ်ခဲ့ကြပြီး ယင်းလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ဆီးရီးယား အလယ်ပိုင်း ဟားမားပြည်နယ်တွင် လေးနေရာထက် မနည်းကို ရုရှား စစ်လေယာဉ်များက တိုက်ခိုက်ခဲ့ပြီး အနောက်မြောက်ပိုင်း အီဒလစ် ပြည်နယ်တွင်လည်း သုံးနေရာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ပြောကြားခဲ့သည်။ရုရှားက လေကြောင်းမှ တိုက်ခိုက်နေချိန်တွင် ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင်များကလည်း သူပုန်တို့ကို တိုက်ခိုက်ခဲ့ကြောင်း ယင်းကဲ့သို့ တစ်ပြိုင်တည်း တိုက်ခိုက်မှုသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ ဒါရိုက်တာ ရာမီအဗ္ဗဒယ်ရာမန်က ပြောကြားခဲ့သည်။ ဟားမားပြည်နယ်တွင် ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင်များသည် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များ အမြောက်အမြား သုံးစွဲခဲ့ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။သို့သော်လည်း ယင်းပြည်နယ်တွင် အယ်လ်ကေးဒါး ဆက်နွှယ်အဖွဲ့ အယ်နျူဆာ ပါဝင်သော ညွန့်ပေါင်းအဖွဲ့ကို ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင်များက မထိန်းချုပ်နိုင်သေးကြောင်း ရာမန်က ပြောကြားခဲ့သည်။ဟားမားနှင့် အိမ်နီးချင်းပြည်နယ် အီဒလစ် ပြည်နယ်တို့ကို ရုရှားက ပြီးခဲ့သည့် တစ်ပတ်ကတည်းက လေကြောင်းမှ တိုက်ခိုက် နေခဲ့သည်။ အလက်ပို ပြည်နယ်တွင် ဆီးရီးယား လေယာဉ်များက IS တို့ကို ရုရှားနှင့် ပူးပေါင်း၍ လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ခဲ့သည်။အလက်ပို ပြည်နယ်သည် ဆီးရီးယား အစိုးရကို တော်လှန်နေသော သူပုန်တို့၏ အဓိက ခြေကုပ်ပြည်နယ်ဖြစ်သည်။ ဆီးရီးယား သူပုန်များနှင့် ၎င်းတို့ကို ထောက်ခံသူများက ရုရှားသည် အတိုက်အခံ သူပုန်နှင့် IS နှစ်ဖွဲ့စလုံးကို တိုက်ခိုက်နေကြောင်း စွပ်စွဲ ပြောကြားခဲ့ကြသည်။ဆီးရီးယားတွင် ရုရှား၏ လေကြောင်း တိုက်ခိုက်မှု ၅၇ ကြိမ်အနက် နှစ်ကြိမ်သာ IS ဂျီဟတ်တို့ကို ပစ်မှတ်ထားခဲ့ကြောင်း တူရကီဝန်ကြီးချုပ် အာမတ်ဒါဘူတိုဂလူက အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ဆီးရီးယား နိုင်ငံတွင် စစ်ရေးအရ ပါဝင်ပတ်သက်မှုများကြောင့် ယူကရိန်း အရှေ့ပိုင်းတွင် တိုက်ပွဲများသည်လည်း လျော့ကျသွားခဲ့သည်။ ရုရှား လိုလားသည့် သူပုန်တပ်ဖွဲ့များသည်လည်း သာမန်ပြည်သူ တစ်ဦးအဖြစ်နေထိုင်ကြတော့မည်လော၊ သို့မဟုတ် စစ်ဘေးဒဏ်ကြောင့် ပျက်စီးနေသည့် ဆီးရီးယားနိုင်ငံသို့ သွားရောက်ကြမည်လောဟု ဝေခွဲမရ ဖြစ်နေကြသည်။သူပုန် ခေါင်းဆောင်တစ်ဦးကတော့ “ယူကရိန်း အရှေ့ပိုင်းမှာ တိုက်ပွဲတွေ မရှိတော့တဲ့အတွက် ပျင်းရိငြီးငွေ့ နေကြပြီ” ဟု ပြောကြားခဲ့ပြီး ဆီးရီးယားသို့ သွားရောက်ကြရန် ပြင်ဆင်နေကြသည်။ယူကရိန်းတွင်ရှိသော သူပုန်များမှာ ရုရှားနိုင်ငံသားတွေ ဖြစ်ကြပြီး ကရင်မလင်ကမူ ၎င်းတို့အား အပျော်တမ်း တပ်ဖွဲ့ဝင်များဟု ပြောကြားခဲ့ကြသည်။ သူပုန် အများစုသည် ယူကရိန်း အရှေ့ပိုင်းမှနေ၍ ဆီးရီးယား နိုင်ငံသို့ သွားရောက်ခဲ့ကြသည့်အတွက် အနောက်နိုင်ငံများက ၎င်းသူပုန်များသည် အာဆတ် အစိုးရကို ထောက်ပံ့မှုများ ပေးရန် သွားကြကြောင်း သုံးသပ် ထားကြသည်။နာမည်ကြီး သူပုန်ခေါင်းဆောင် တစ်ဦးဖြစ်သူ မိုတိုရိုလာက ဧပြီလ အတွင်းက မိမိသည် ယူကရိန်း တပ်ဖွဲ့ဝင် ၁၅ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ယခုအခါတွင် ၎င်းသည် ဆီးရီးယားနိုင်ငံရှိ ခွဲထွက်ရေး သူပုန်များနှင့် ပူးပေါင်း နေကြောင်း သူပုန်ခေါင်းဆောင် တစ်ဦးက ပြောကြားခဲ့သည်။သို့သော် မိုတိုရိုလာမှာ ဒွန်းနက်တွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံ သူပုန်များက ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ အနေဖြင့် ဆီးရီးယားတွင် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသလို မြေပြင်တပ်ဖွဲ့ဝင်များလည်း အာဆတ် တပ်ဖွဲ့ဝင်များနှင့်အတူ တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။ရုရှားနိုင်ငံ ပါလီမန် အမတ်တစ်ဦးဖြစ်သူ ဗလာဒီမာကိုမိုတော့ပ်က ယူကရိန်း အရှေ့ပိုင်းတွင် ရှိနေသော မော်စကို လိုလားသည့် တပ်ဖွဲ့ဝင်များသည် အာဆတ် တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွဲ တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆီးရီးယား တပ်မတော်တွင် မော်စကို လိုလားသည့် တပ်ဖွဲ့ဝင်များသည် ဆီးရီးယား တပ်ဖွဲ့ဝတ်စုံကို ဝတ်ဆင်ပြီး စစ်ပွဲတွင် ပါဝင်မည်ဟု ပြောကြားခဲ့သည်။ယူကရိန်း အရှေ့ပိုင်းတွင် ရှိနေသည့် ကြေးစားသူပုန်များသည် ဆီးရီးယားနိုင်ငံသို့ သွားရောက်ရန် စီစဉ်လျက် ရှိကြသည်။ သို့သော် အချို့သော ခွဲထွက်ရေးသမားများမှာ ယူကရိန်း အရှေ့ပိုင်းတွင် ဆက်လက် နေထိုင်ကြရန် ဆုံးဖြတ်ထားကြသည်။ သူပုန် အချို့သည် အရပ်သား ဘဝကို ပြန်လည်ရောက်ရှိရန် စိတ်ကူးထားကြသည်။အလုပ်အကိုင် တစ်ခုကို ရှာဖွေကြရန်လည်း ပြင်ဆင် နေကြသည်။ သို့ပေမဲ့ ၎င်းတို့သည် အရပ်သား ဘဝတွင် ယာယီမျှသာ ရှိနေကြမည်ဖြစ်ပြီး လိုအပ်ပါက ဒွန်းနက်မြို့ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲများကိုပြန်လည်ဆင်နွှဲရန် အသင့်ရှိနေကြကြောင်း သူပုန်ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။ရုရှားနိုင်ငံက ဆီးရီးယား နိုင်ငံကို လေကြောင်းမှ တိုက်ခိုက်မှုများသည် ရုရှားမီဒီယာတွင် စဉ်ဆက်မပြတ် ဖော်ပြလျက်ရှိသည်။ ရုရှား ပြည်သူများသည် ယူကရိန်း အရှေ့ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့် သတင်းများကို ငြီးငွေ့နေကြချိန်တွင် ပြည်သူလူထုကြီးကို ဆီးရီးယား နိုင်ငံဘက်သို့ ဦးတည်စေရန်အတွက် လုပ်ဆောင်ခြင်းမျှသာ ဖြစ်ကြောင်းနှင့် ရုရှားမီဒီယာနှင့် အစိုးရသည် ဆီးရီးယား အရေးနှင့် ပတ်သက်ပြီး ဝါဒဖြန့်ချိမှုများ ပြီးဆုံးသွားပါက ယူကရိန်းအရေးကို ပြန်လည် လုပ်ဆောင်မည်ဖြစ်ကြောင်း အသက် ၃၆ နှစ်အရွယ်ရှိ သူပုန်တစ်ဦးက ပြောကြားခဲ့သည်။ခွဲထွက်ရေး သူပုန်များသည် ရုရှားထံမှ စစ်ရေးနှင့် စီးပွားရေး အကူအညီများ ရရှိနေကြသည်။ ထို့ပြင် ရုရှား လုံခြုံရေးဌာနမှ ထောက်လှမ်းရေးများသည်လည်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှ ထွက်ခွာသွားခြင်း မရှိသေးသဖြင့် စစ်ပွဲသည် တစ်ကျော့ပြန် လာနိုင်ဖွယ် ရှိနေသည်။

Most Read

Most Recent