တယောနဲ့ ဂစ်တာပညာရှင် ချမ်းဟိန်းကြွယ်ရဲ့ ငယ်ဘ၀ ဖြတ်သန်းရာ

တယောနဲ့ ဂစ်တာပညာရှင် ချမ်းဟိန်းကြွယ်ရဲ့ ငယ်ဘ၀ ဖြတ်သန်းရာ
Published 8 October 2015
လင်းလင်းခိုင်

အခုတစ်ပတ် အနုပညာရှင်တို့ရဲ့ ငယ်ဘ၀ အမှတ်တရ ဖြတ်သန်းမှု အစီအစဉ်မှာ ဖော်ပြပေးချင်သူကတော့ တယောနဲ့ဂစ်တာ ပညာရှင် ချမ်းဟိန်းကြွယ်ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု ခရီးလမ်းပ ဲဖြစ်ပါတယ်။ စင်မြင့်ဖျော် ဖြေမှုတွေမှာ တယောနဲ့ တွဲဖက် ဖျော်ဖြေတင်ဆက်မှုဆိုတာ ပရိသတ်နဲ့ ရင်းနှီးမှု ရရှိခဲ့တာ ၁၀ နှစ်တစ်ခု ဝန်းကျင် လောက်ပဲရှိပါသေးတယ်။ ဒီလို နည်းပါးသေးတဲ့ တယော ဖျော်ဖြေ တင်ဆက်မှုနဲ့ တယောဖျော်ဖြေ တင်ဆက်သူတွေထဲက လူငယ် တယောပညာရှင် ချမ်းဟိန်းကြွယ်ကိုတော့ ပရိသတ်တွေ သိရှိကြမှာပါ။  လက်ရှိအချိန်မှာတော့ သူ့ရဲ့အသက်မွေးဝမ်းကျောင်းအဖြစ် မြောက်ဒဂုံမြို့နယ်မှာ ကွန်ပျူတာနဲ့ ဖုန်းပြုပြင်ရေးဆိုင် ဖွင့်လှစ် လုပ်ကိုင် နေရသူ ဖြစ်ပါတယ်။ လူငယ်ဂီတပညာရှင် ချမ်းဟိန်းကြွယ်ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု အချို့က စိတ်ဝင်စားစရာ ကောင်းပါတယ်။
တယောချမ်းဟိန်းကြွယ်ကို မိဘများဖြစ် ကြတဲ့ ဦးခင်ကြွယ်+ဒေါ်ခင်အေးမော်တို့ က ၁၉၈၂ ခုနှစ် ဇွန် ၇ ရက်မှာ မွေးဖွားခဲ့တာပါ။ မောင်နှမ ငါးယောက်ရှိတဲ့အနက် အငယ်ဆုံးသားအဖြစ် မွေးဖွားလာခဲ့တာပါ။ ဂီတကို ငယ်စဉ် ဘဝကတည်းက ဝါသနာပါ ရူးသွပ်ခဲ့တဲ့ ချမ်းဟိန်းကြွယ်က ပညာရေးကို စိတ်ပါဝင်စားခြင်း သိပ်မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ခြောက်တန်းနှစ်ကစပြီး ဆိုကရေးတီး ပြိုင်ပွဲရဲ့ တယောတီး ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ခဲ့တာ ရွှေတံဆိပ် ခုနစ်ဆု ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကျွန်တော့် အဖေကလည်း တယောတီးတာဆိုတော့ ငယ်ငယ်ကတည်းက ဒီဂီတသံတွေ ကြားထဲမှာပဲ ကြီးပြင်းလာတယ်လို့ ပြောရမှာပေါ့။ တယော တကယ်စထိုးတာကတော့ သုံးတန်းနှစ်မှာပါ။ အဖေကပဲ လက်ဦးဆရာလို့ ပြောလို့ရပါတယ်။ အဖေက သင်ပေးတယ်။ အဲဒီနောက်မှာတော့ ဆရာဦးတင်ရီဆီမှာ သင်တယ်။ တယောဦးသွင် ဆီမှာ သင်ပါတယ်။ ဆိုကရေးတီးပြိုင်ပွဲ အဆင့်ဆင့်ကိုလည်း ပါဝင်ယှဉ်ပြိုင် ခဲ့တယ်။ ရွှေတံဆိပ် ဆုချည်းပဲ ခုနစ်ဆု ရပါတယ်။ ဒါပေမဲ့ ပညာရေးမှာတော့ ပိုပြီး အားနည်းသွားတာပေါ့။ ငယ်ငယ်ကတည်းက ကျောင်းစာကို သိပ်စိတ်မဝင်စားတာလေ”လို့ ချမ်းဟိန်းကြွယ်က ဆိုပါတယ်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ မြန်မာနိုင်ငံကို ထိုင်းက ဂီတတက္ကသိုလ် တစ်ခုက စကောလားရှစ် လာရောက်ရွေးချယ်ရာမှာ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ထိုင်းမှာရှိတဲ့ Mahidol University Thailand မှာ တက်ရောက်ခွင့် ရရှိခဲ့တာပါ။
“ကျွန်တော် ၁၀ တန်း အောင်မြင်ပြီးချိန်မှာတော့ ထိုင်းတက္ကသိုလ်က လာရောက် ရွေးချယ်တဲ့ စကောလားရှစ် အတွက် ရွေးချယ်ခံရပါတယ်။ ဒါပေမဲ့ တကယ်တမ်း တက်တဲ့အခါ ကျွန်တော်က ပါဖောမန့်စ် ဘာသာရပ်ကို အထူးပြုယူလိုက်တယ်။ နိုင်ငံတကာ ဂီတပညာရပ်နဲ့ ပတ်သက်လို့ အများကြီး လေ့လာ မှတ်သား နိုင်ခဲ့ပါတယ်”လို့ ချမ်းဟိန်းကြွယ်က ဆိုပါတယ်။

တယောချမ်းဟိန်းကြွယ် အဖြစ် ပရိသတ်တွေ စတင် အသိအမှတ ်ပြုစေခဲ့တာကတော့ ‘မြတ်နိုးခွင့်’လိုက်ဖ်ရှိုး အခွေပဲ ဖြစ်ပါတယ်။ တေးသီချင်း သံစဉ်နဲ့ လိုက်ဖက်ငြိမ့်ညောင်းတဲ့ တယော တီးခတ်မှုကို လက်စွမ်းပြခဲ့တဲ့ ချမ်းဟိန်းကြွယ်ရဲ့တီးခတ်မှုကြောင့် ပရိသတ်တွေရဲ့အားပေး အသိအမှတ်ပြုမှုကို ရရှိခဲ့တယ်လို့ ဆိုရမှာပါ။
အခုနောက်ပိုင်းမှာတော့ ဖျော်ဖြေပွဲတချို့မှာ ချမ်းဟိန်းကြွယ်က ဂစ်တာတီးခတ် ဖျော်ဖြေတာကိုလည်း တွေ့မြင် နေကြရပါတယ်။ ဒါကိုတော့ ချမ်းဟိန်းကြွယ်က “ကျွန်တော်က ငယ်ငယ်ကတည်းက တူရိယာပစ္စည်း အားလုံးကို ချစ်တယ်။ ကျွန်တော့် သူငယ်ချင်းလိုပဲ သဘောထားတယ်။ ဒါကြောင့် အခက်အခဲ အများကြီးတော့ မရှိခဲ့ဘူး။ ဖျော်ဖြေပွဲတွေမှာက တယောထိုးဖို့ဆိုတာ အများကြီး သိပ်ခေါ်လေ့ မရှိဘူး။ ဒါကြောင့် ဂစ်တာတီးဖို့ ပြောလာတဲ့သူ ရှိရင်လည်း လက်ခံပြီး တီးဖြစ်သွားတာပါ”လို့ ချမ်းဟိန်းကြွယ်က ရှင်းပြခဲ့ပါတယ်။
ဂီတ ဖြတ်သန်းမှု တစ်လျှောက်လုံးမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးနဲ့တော့ တွေ့ကြုံခဲ့ရတယ်လို့ ချမ်းဟိန်းကြွယ်က ဆိုပါတယ်။ “ကျွန်တော်တို့ ဂီတသမားတွေရဲ့ ဘဝဖြတ်သန်းမှုက ခက်ခဲ ကြမ်းတမ်းပါတယ်။ အထူးသဖြင့်တော့ တယောထိုးတဲ့  ပရော်ဖက်ရှင်နယ်ကို ရွေးချယ်လိုက်တဲ့အခါ ပိုပြီးခက်ခဲတယ်လို့ ဆိုရမှာပါ။ သီချင်းတိုင်းကို တယောသံထည့်ဖို့ မလိုအပ်ဘူးလေ။ ဖျော်ဖြေပွဲတိုင်းမှာလည်း တယောနဲ့ ဖျော်ဖြေ ခွင့်ရဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒီတော့ ဂီတက ိုဝါသနာပါသူ တစ်ယောက်အနေနဲ့ ဂစ်တာ တီးခတ်ရပါတယ်။ ဂီတအလုပ်နဲ့ ပတ်သက်ရင် ကိုယ်လုပ်ခွင့်ရတဲ့အလုပ်ပေါ်မှာ ကျေနပ်နေတာပါပဲ။ ဒါပေမဲ့ ဒီဂီတအလုပ်တွေနဲ့ပဲ အသက်မွေးဝမ်းကျောင်း ရပ်တည်ဖို့ဆိုတာလည်း စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီး ရှိနေပါတယ်။ ဒါတွေကို တောင့်ခံနိုင်ဖို့ ကျွန်တော် အခုတော့ ကွန်ပျူတာနဲ့ ဖုန်းပြုပြင်ရေးဆိုင်လေး ဖွင့်ထားတယ်။ ကျန်တာက တော့ ဂီတအလုပ်ကို ဝါသနာ မြတ်နိုးမှုအရ ကျွန်တော် လုပ်ကိုင်တာပါ”လို့ ချမ်းဟိန်းကြွယ်က သူ့ဝါသနာနဲ့ ဘဝရပ်တည်မှု အကြောင်းကို ရှင်းပြခဲ့ပါတယ်။ ချမ်းဟိန်းကြွယ်က သူ့ဘဝခံယူချက်နဲ့ ပတ်သက်လို့တော့      “ကျွန်တော်တို့ ဝါသနာပါ ရူးသွပ်တဲ့ ဂီတအလုပ် ဆိုတာက အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိပါ တယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိပါစေ၊ ပရိသတ်ရဲ့ အားပေးမှုနဲ့တင် ခွန်အားတွေ အများကြီး ရပါတယ်။ ကျွန်တော်လည်း ရှေ့ဆက်ပြီးတော့ ဂီတအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေဦးမှာပါ။ အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ဆိုသွားပါတယ်။      

Most Read

Most Recent