တရားမဝင် ကုန်သွယ်မှု တားဆီးရာတွင် တရားမဝင် ကုန်စည်များ တင်ဆောင်သည့် ယာဉ်များ၊ ကျောက်စိမ်းနှင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိမှု အများဆုံးဖြစ်

တရားမဝင် ကုန်သွယ်မှု တားဆီးရာတွင် တရားမဝင် ကုန်စည်များ တင်ဆောင်သည့် ယာဉ်များ၊ ကျောက်စိမ်းနှင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိမှု အများဆုံးဖြစ်
Published 7 October 2015
မင်းသီဟဇော်

တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့များက တရားမဝင် ကုန်သွယ်မှုများကို တားဆီးရာတွင် တရားမဝင် ကုန်စည်များ တင်ဆောင်သည့်ယာဉ်များ၊ ကျောက်စိမ်းနှင့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိမှု  အများဆုံး ဖြစ်နေကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဖွဲ့စည်းပြီးနောက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၅ ခုနှစ် သြဂုတ်လကုန်အထိ တရားမဝင် ကုန်သွယ်မှုများ ထိန်းချုပ်ရေး အဖွဲ့များ အနေဖြင့် တရားမဝင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်၊ ကျောက်စိမ်းဟု ယူဆရသည့် ကျောက်များ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များကို အများဆုံး ဖမ်းဆီးရမိခဲ့ပြီး မိုဘိုင်းဖုန်းဟန်းဆက်၊ တမလန်းသစ် ဖမ်းဆီးရမိမှုမှာလည်း များပြားခဲ့ကြောင်း သိရသည်။အဆိုပါ ကာလအတွင်း တရားမဝင် ကုန်သွယ်မှုနှင့် ပတ်သက်ပြီး တားဆီးခဲ့ရာတွင် တရားမဝင် ကုန်ပစ္စည်း တင်ဆောင်လာသည့် ယာဉ်စီးရေ ၄၉၄ စီး (ခန့်မှန်းတန်ဖိုး ကျပ် ၉၁၃၃ သန်း) ဖြင့် အများဆုံး ဖမ်းဆီးရမိခဲ့ပြီး လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိမှုမှာ ဒုတိယနေရာတွင်ရှိပြီး ကျောက်စိမ်းဖမ်းဆီးရမိမှုမှာ တတိယနေရာတွင်ရှိကြောင်း သိရသည်။တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့များက အများဆုံး ဖမ်းဆီးနိုင်ခဲ့သည့် ကျန်ပစ္စည်းများမှာ မိုဘိုင်းဟန်းဆက်၊ တမလန်းသစ်၊ ပိတောက်၊ Ice ပုံဆောင်ခဲများ၊ ရွှေ၊ ဘီယာမျိုးစုံ၊ အေးခဲအသားတို့ဖြစ်ပြီး အရက်၊ ဝိုင်၊ ဓာတုဆေးရည်၊ အမိုးနီးယား နိုက်ထရိတ်၊ မော်တော်ဆိုင်ကယ်၊ ကျွဲ၊ နွား၊ ဆိတ်နှင့် စိတ်ကြွရူးသွပ်ဆေးပြားများကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ကုန်သွယ်မှု ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း၊ လေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း အသီးသီးရှိ တရားမဝင် ဝင်ထွက်ပေါက်များ၌ တရားဝင် ကုန်သွယ်မှု လုပ်ငန်းများ ဖြစ်ပေါ်နေခြင်းကို ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်ကစပြီး နိုင်ငံတော် သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် စီမံချက်များ အသေးစိတ် ရေးဆွဲပြီး လုပ်ငန်းဆောင်ရွက်ရန် အဆင့်သုံးဆင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။ အဆင့် (၁) တွင် နယ်စပ်ဝင်ပေါက်များနှင့် အဓိကကျသည့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများ၊ အဆင့် (၂) တွင် ရန်ကုန်မြို့ရှိ ပြည်တွင်းကမ်းရိုးတန်းသွား ရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများနှင့် မြို့ကြီးများရှိ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများ သိုလှောင်ထားသော သိုလှောင်ရုံများ၊ အဆင့် (၃) တွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်း တင်သွင်းသည့် ဆိပ်ကမ်းများနှင့် လေဆိပ်များကို စစ်ဆေးရန်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အဆင့်များကို လက်ရှိဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။