အဲဗစ်ပရက်စလေ၏ ရွှေစန္ဒရားနှင့် ဘီတဲလ်တံဆိပ်ပါ ဒရမ်သားရေပြားကို လေလံတင်မည်

အဲဗစ်ပရက်စလေ၏ ရွှေစန္ဒရားနှင့် ဘီတဲလ်တံဆိပ်ပါ ဒရမ်သားရေပြားကို လေလံတင်မည်
Published 7 October 2015

အဲဗစ်ပရက်စလေ၏ ရွှေဖြင့် အလှဆင်ထားသည့် စန္ဒရားနှင့် ဘီတဲလ်အဖွဲ့၏ အမှတ်တံဆိပ်ပါ ဒရမ်သားရေပြားကို နိုဝင်ဘာတွင် လေလံတင် ရောင်းချမည်ဟု Julien's လေလံလုပ်ငန်းက ထုတ်ပြန်ခဲ့သည်။ပရက်စလေသည် ၁၉၅၅ ခုနှစ်တွင် မိခင်ဖြစ်သူကို လက်ဆောင်ပေးရန်အတွက် သစ်ကြားသားဖြင့် ပြုလုပ်ထားသည့် စန္ဒရားကို ဝယ်ယူခဲ့သည်။ မိခင်သေဆုံးပြီးနောက် ပရက်စလေ၏ဇနီး ပရစ်စီလာက ၎င်းတို့၏ မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ် လက်ဆောင်အဖြစ် အဆိုပါ စန္ဒရားကို ၂၄ ကရက် ရွှေပြားဖြင့် အလှဆင်ခဲ့ခြင်းဖြစ်သည်။ ဂရင်းလန်းရှိ နေအိမ်တွင် ပရက်စလေ တီးခတ်ခဲ့သည့် အဆိုပါ စန္ဒရားကို လေလံတင်ရာတွင် ဒေါ်လာ ၅၀၀,၀၀၀ မှ ဒေါ်လာ ၇၀၀,၀၀၀ အထိ ရရှိနိုင်သည်ဟု Julien's လေလံလုပ်ငန်းက ခန့်မှန်းခဲ့သည်။
Photo: thenation.com.pk
ဘီတဲလ်တံဆိပ်ပါ ဒရမ်၏ သားရေဖုံးအား လေလံတင်မည့် ခန့်မှန်ဈေးနှုန်းကိုမူ Julien's က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ အဆိုပါ လေလံတင်မည့် ဒရမ်၏ သားရေဖုံးသည် ၁၉၆၄ ခုနှစ်တွင် ဘီတဲလ်အဖွဲ့ အမေရိကန်၌ ပထမဆုံး ဖျော်ဖြေပွဲ ပြုလုပ်ရာတွင် ရင်ဂိုစတား တီးခတ်ခဲ့သည့် ဒရမ်၏ သားရေဖုံးဖြစ်သည်။ရော့ခ်ဂီတ ပရိသတ်များအတွက် အဲဗစ်ပရက်စလေနှင့် ဘီတဲလ်အဖွဲ့၏ အမှတ်တရ ပစ္စည်းများသည် ရှာဖွေမှု အများဆုံး ဖြစ်သည်။ သို့သော် ၎င်းတို့၏ ပစ္စည်းများသည် မာရီလင်မွန်ရိုးကဲ့သို့သော ရုပ်ရှင်သရုပ်ဆောင်များ၏ အမှတ်တရ ပစ္စည်းများကို လေလံတင်ရာတွင် ရရှိခဲ့သည့် ဈေးနှုန်းကို ကျော်လွန်နိုင်ခြင်း မရှိသေးဟု Julien's က ထုတ်ပြန်ခဲ့သည်။ ၁၉၅၅ ခုနှစ်က ဖြန့်ချိခဲ့သည့် The Seven year Itch ဇာတ်ကားတွင် မွန်ရိုးဝတ်ဆင်ခဲ့သည့် အဖြူရောင်ဂါဝန်ကို ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၆ သန်းဖြင့် လေလံတင် ရောင်းချနိုင်ခဲ့သည်။

Most Read

Most Recent