နိုင်ငံရေးအကျဉ်းသားများကို အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထားလွှတ်ပေးရန် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများ တောင်းဆို

နိုင်ငံရေးအကျဉ်းသားများကို အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထားလွှတ်ပေးရန် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများ တောင်းဆို
Published 6 October 2015
ဉာဏ်ဝင်းရှိန်

ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများကို အောက်တိုဘာ ၆ ရက်က သာယာဝတီမြို့နယ်တရားရုံးတွင် ၂၀ ကြိမ်မြောက် ရုံးချိန်းအဖြစ် ရုံးထုတ်ခဲ့ကြောင်း သတင်းရရှိသည်။
 
ထိုနေ့ရုံးချိန်းတွင် အမှုတွဲမှာ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်ထားသဖြင့် အမှုကို စစ်ဆေးနိုင်ခြင်းမရှိဘဲ ချုပ်ရက်ရမန် ထပ်ယူခဲ့ကာ အောက်တိုဘာ ၁၃ ရက်သို့ ရုံးချိန်းထပ်မံချိန်းဆိုခဲ့သည်။
 
ထိုနေ့ရုံးချိန်းတွင် ဖမ်းဆီးခံကျောင်းသားနှင့် ဝန်းရံပြည်သူများက နိုင်ငံရေးအကျဉ်းသားများအား ရွေးကောက်ပွဲမတိုင်မီ အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား လွှတ်ပေးရန်အတွက် တောင်းဆိုသည့် လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပြီး “၂၀၁၅ အောက်တိုဘာ ၁၅  ရက် မတိုင်မီ နိုင်ငံရေးအကျဉ်းသားများအားလုံး ချက်ချင်းလွှတ်”ဟု ရေးထိုးထားသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ တောင်းဆိုခဲ့ကြသည်။ ၎င်းအပြင် ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား ပြန်လွှတ်ပေးခြင်း မရှိပါက ၎င်းတစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
 
ကိုအောင်မှိုင်းဆန်းက “ အခုကျွန်တော်တို့ တောင်းဆိုထားတာက တစ်နိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ စွဲဆိုထားတဲ့အမှုတွေ အကုန်ဖျက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာ ဖြစ်တယ်။ ဘာလို့လဲဆိုတော့ လာမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးတက်ကြွသူတွေ အနေနဲ့ ပါဝင်မှသာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမယ်လို့ ယုံကြည်တဲ့အတွက်ကြောင့် ဖြစ်တယ်။ တကယ်လို့ အစိုးရအနေနဲ့ လုံးဝမလိုက်လျောဘူးဆိုရင် ကျွန်တော်တစ်ဦးတည်း ဆန္ဒအရ အစာငတ်ခံ ဆန္ဒပြသွားမယ်” ဟု ပြောကြားသည်။
 
နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် တောင်းဆိုထားသည့်အပေါ် ဗကသများအဖွဲ့ချုပ်မှ မဖြိုးဖြိုးအောင်က“ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုရတာဟာ ဖြစ်သင့်ပါတယ်။ ကျွန်မတို့ တိုင်းပြည် ပြန်လည်ထူထောင်ဖို့၊ တိုင်းပြည်အတွက် အလုပ်လုပ်မယ့်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းထားတာဟာ  ခြေတွေလက်တွေ ဖြတ်ထားသလို ခံစားရပါတယ်။ တိုင်းပြည်အတွက် အနစ်နာခံမယ့်သူတွေကို ဖမ်းဆီးထိန်းသိမ်းထားတာဟာ မဖြစ်သင့်ပါဘူး။ နိုင်ငံရေးအကျဉ်းသားတွေ မရှိသင့်တော့ပါဘူး။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့အပေါ် ကျွန်မထောက်ခံပါတယ်” ဟု ပြောကြားသည်။
 
ထို့အပြင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအမှတ် ၅၆၁ (က) အရ ပယ်ဖျက်ပေးရန် လျှောက်ထားမှုကို ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်မှ လက်ခံခဲ့သည့်အတွက် အချုပ်လွတ် ထုချေခွင့်ပြုရန် ကျောင်းသားများဘက်မှ လက်မှတ်ရေးထိုးကာ ယင်းနေ့ရုံးချိန်းက မြို့နယ်တရားရုံးသို့ လျှောက်ထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ဆိုသည်။
 
၎င်းက “ အမှုတွဲကို ချေဖျက်ပေးဖို့အတွက် တင်ထားတာကို ပဲခူးတိုင်းတရားလွှတ်တော်က တိုက်ရိုက် လက်ခံထားတယ်။ လက်ခံထားတော့ ဟိုမှာကြာမယ်။ အဲဒီတော့ အမှုကြာမယ့်အတူတူ အာမခံပေးပါဆိုပြီး တင်တာဖြစ်တယ်။ သူတို့ကို ကြာရှည်စွာနဲ့ ချုပ်ထားရင်လည်း ဥပဒေနဲ့မညီဘူးဆိုတာကို စီရင်ထုံးနဲ့ ထည့်ပြီးရေးတင်တယ်”ဟု ပြောကြားသည်။
 
ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ပြီးခဲ့သည့် မတ်လ ၁၀ ရက်က လက်ပံတန်းမြို့တွင် သက်ဆိုင်ရာမှ အကြမ်းဖက်ဖြိုခွင်းကာ သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုထားခြင်းဖြစ်ပြီး ထိုအမှုတွဲမှာ ၆ လကျော်ကြာသည့်တိုင် တရားလို ရဲမှူးဖုန်းမြင့်ကိုသာ စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
 
 

Most Read