ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း ယှဉ်ပြိုင်မည့် အမ်းမြို့နယ် မဲဆန္ဒနယ်တွင် ပါတီဆိုင်းဘုတ် အဖျက်ခံရခြင်းနှင့် ဖြုတ်ချခိုင်းခြင်းများ ကြုံတွေ့နေရကြောင်း ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်း ပြောကြား

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း ယှဉ်ပြိုင်မည့် အမ်းမြို့နယ် မဲဆန္ဒနယ်တွင် ပါတီဆိုင်းဘုတ် အဖျက်ခံရခြင်းနှင့် ဖြုတ်ချခိုင်းခြင်းများ ကြုံတွေ့နေရကြောင်း ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်း ပြောကြား
Published 5 October 2015
သားရွှေဦး (ကစ္ဆပ)

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း ဝင်ရောက်ယှဉ်ပြိုင်မည့် အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်း  ဒေါ်ခင်လှရီ၏ အောင်နိုင်ရေး မဲဆွယ် စည်းရုံးမှု အောက်တိုဘာ ၄ ရက်တွင် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းနှင့် ပါတီဆိုင်းဘုတ် အဖျက်ခံရခြင်းနှင့် ပါတီဆိုင်းဘုတ် ဖြုတ်ချခိုင်းခြင်းများ ကြုံတွေ့နေရကြောင်း ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ခင်လှရီ၏ ပြောကြားချက်အရ သိရသည်။
ရခိုင်အမျိုးသားပါတီမှ အမ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်လှရီက “ကျွန်မ အမ်းမြို့နယ်မှာ အောင်နိုင်ရေး မဲဆွယ်စည်းရုံးရေး စဆင်းနေပါပြီ။ အမ်းအောက်ရွာကနေ ကဇူးကိုင်းကျေးရွာအုပ်စု၊ ဒလက်ကျေးရွာအုပ်စုဘက်ကို ပထမဆုံး ဆင်းပါမယ်။ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေကဆိုရင် ဒလက် အနောက်ရွာမှာ ပါတီဆိုင်းဘုတ် အဖျက်ခံရတယ်။ တချို့ရွာတွေမှာ ဆိုရင်လည်း အာဏာကို ဖက်တွယ်ထားချင် သူတွေရဲ့ သြဇာခံတွေက ဆိုင်းဘုတ်ကို ဖြုတ်ချခိုင်းတာတွေကို ကြုံတွေ့နေရတယ်။ ကျွန်မတို့နဲ့ အဓိက ပြိုင်ဘက်ပါတီကတော့ ပြည်ခိုင်ဖြိုးပါတီ ဖြစ်ပါတယ်။ သူတို့တွေကတော့ ငါးနှစ်တစ်ကြိမ် အလှူပေးနေတာပေါ့။ ဘိလပ်မြေပေးတယ်။ ငွေပေးတယ်။ ကျွန်မတို့ကတော့ ရခိုင်တိုင်းရင်းသားတွေအတွက် လုပ်ဆောင်ပေးမယ့် ပါတီဖြစ်လို့ လူထုအင်အား လူထုလက်ခံမှုကိုပဲ အားထားပါတယ်။ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။
အမ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁ ) ထဲတွင် ပါဝင်သော ဒလက်အနောက်ရွာတွင် စက်တင်ဘာ ၂၂ ရက်က ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်ဖျက်ဆီး ခံခဲ့ရကြောင်း သိရသည်။ ထို့အတူ အမ်းမြို့နယ်အတွင်း ပြည်နယ်လွှတ်တော် အမှတ်  (၁) မဲဆန္ဒနယ်ထဲတွင် စစ်တပ်လည်း ပါဝင်နေရာ တပ်ထဲတွင် ဝင်ရောက်မဲဆွယ်မှုအတွက် ဆက်လက်စည်းရုံး သွားမည်ဖြစ်ကြောင်း ဒေါ်ခင်လှရီက ပြောကြားသည်။
“တပ်မတော်ဆိုတာ ပြည်သူထဲက ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်တယ်။ ပြည်သူတွေကို ကာကွယ်ဖို့အတွက် တပ်မတော်ဖြစ်တယ်။ ရခိုင်ကို ရောက်လာတဲ့ တပ်မတော်ဟာလည်း ရခိုင်တိုင်းရင်းသားများကို ကာကွယ်ဖို့ ရောက်လာတဲ့ တပ်မတော်သားတွေ ဖြစ်တဲ့အတွက် ရခိုင်တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ ရခိုင်အမျိုးသား ပါတီကို မဲပေးရမှာပေါ့။ ပြောချင်တာကတော့ တပ်မတော်ဟာ ပါတီတစ်ခုရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေရမှာ မဟုတ်ဘူး ဆိုတာပါပဲ” ဟု ဒေါ်ခင်လှရီက ပြောကြားသည်။
အမ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ ရှစ်ခုရှိပြီး  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အရှိုချင်း အမျိုးသားပါတီနှင့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းများလည်း ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ရခိုင်အမျိုးသား ပါတီတို့မှာ ရခိုင်ပြည်နယ်တွင် အဓိကပြိုင်ဘက် ဖြစ်လာမည့် ပါတီများ ဖြစ်သည်ဟု ခန့်မှန်းမှုများရှိပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း ဝင်ရောက်ယှဉ်ပြိုင်သည့် အမ်းမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)ကို ရခိုင်လူထု စိတ်ဝင်စားမှု မြင့်တက်နေကြောင်း သိရသည်။

Most Read