နိဂုံးကမ္ပတ် အဆုံးသတ် မလှသည့် စစ်ထောက်လှမ်းရေး အကြီးအကဲများ

နိဂုံးကမ္ပတ် အဆုံးသတ် မလှသည့် စစ်ထောက်လှမ်းရေး အကြီးအကဲများ
Published 4 October 2015
မင်းလွင် (ဆေး-၂)

စစ်ထောက်လှမ်းရေးဟူသည် စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးအဖွဲ့ ဖြစ်သည်။ မြောက်မြား လှစွာသော အချက်အလက်များကို စုဆောင်း၍ သုံးသပ်မှုများ ပြုလုပ်ရသည်။ စစ်ဦးစီးမှူးများ ဆုံးဖြတ်ချက် ချနိုင်ရန်အတွက် လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များ ထောက်ပံ့နိုင်ရေးကို ဦးတည်ရသည်။ အတိုင်းအတာ ကျယ်ပြောလှသော ရင်းမြစ်များမှနေ၍ ရနိုင်သမျှသော အချက်အလက်များကို စုဆောင်း၍ သုံးသပ်ကာ စစ်ဆင်ရေး အစီအစဉ်များနှင့် လှုပ်ရှားမှု အစီအစဉ်များအတွက် မေးခွန်းများကို တုံ့ပြန်နိုင်ရန်လည်းကောင်း၊ စစ်ဆင်ရေး လိုအပ်ချက်များအတွက် လည်းကောင်း စစ်ဦးစီးမှူးများအား ညွှန်ကြားချက်များ ပေးရသည်။ ယင်းအတွက် အချက်အလက်များ စုဆောင်းခြင်း၊ သုံးသပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်လာသည်။
စစ်ထောက်လှမ်းရေး၏ လေ့လာမှုဧရိယာ၌ စစ်ဆင်ရေးဝန်းကျင်၊ ရန်သူ၊ မိတ်ဆွေနှင့် ကြားနေအင်အားစုများ၊ စစ်ဆင်ရေး နယ်မြေအတွင်းရှိ အရပ်သားများအပြင် အခြားပို၍ ကျယ်ပြန့်သော သက်ဆိုင်ရာနယ်ပယ်များ ပါဝင်သည်။ စစ်ထောက်လှမ်းရေး လုပ်ဆောင်ချက်များကို နည်းဗျူဟာနှင့် ဆိုင်သောမှသည် မဟာဗျူဟာနှင့် ဆိုင်သောအထိ အဆင့်များအားလုံး၊ ငြိမ်းချမ်းသောကာလနှင့် အသွင်ကူးပြောင်းရေး ကာလမှသည် စစ်ဖြစ်ပွားနေသည့် အချိန်အထိ ကာလအားလုံး ဆောင်ရွက်သည်။ အစိုးရအများစုသည် စစ်ထောက်လှမ်းရေးများ၏ အချက်အလက် စုဆောင်းမှုနှင့် သုံးသပ်မှု လုပ်ဆောင်နိုင်စွမ်းကို အထူးအဖွဲ့များနှင့်ရော အခြားအဖွဲ့ခွဲများ၊ အဖွဲ့စည်းများနှင့်ပါ ထိန်းထားသည်။ နိုင်ငံရေးနှင့် စစ်ရေးလှုပ်ရှားမှုများကို သတင်းပေးနိုင်ရန် စစ်ထောက်လှမ်းရေးသည် အရပ်ဘက် ထောက်လှမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရသည်။
နိုင်ငံတစ်နိုင်ငံတွင် စစ်ထောက်လှမ်းရေးများသည် သဘောသဘာ၀ အရကိုက လွန်စွာအရေးပါသည်။ ထို့ကြောင့် အထူးသဖြင့် အာဏာရှင် နိုင်ငံများတွင် စစ်ထောက်လှမ်းရေး အကြီးအကဲများသည် ၎င်းတို့ကိုယ်တိုင် အာဏာရှင်များ သို့မဟုတ် အာဏာရှင်၏ လက်ကိုင်တုတ်များ ဖြစ်လာကြသည်။ စစ်ထောက်လှမ်းရေး အကြီးအကဲများ သြဇာကြီးမား၍ လာသည်။ အာဏာရှင်များသည်  ပြည်သူလူထုအား ပြားပြားဝပ်နေအောင် ဖိနှိပ်ရန်နှင့် အတိုက်အခံများကို နှိပ်ကွပ်ရန် စစ်ထောက်လှမ်းရေးများကို အသုံးပြုကြသည်။ ထို့ကြောင့် စစ်ထောက်လှမ်းရေးများ အနေဖြင့် ကိုယ်ကျိုးရှာခြင်းနှင့် အာဏာ အလွဲသုံးစား ပြုလုပ်ခြင်းတို့ ပြုလာကြသည်။
အာဏာအလွဲ သုံးစားပြုခဲ့ပြီး ဇာတ်သိမ်းမလှသည့် သြဇာအာဏာ ကြီးမားခဲ့သော စစ်ထောက်လှမ်းရေး အကြီးအကဲအချို့ကို ဖော်ပြပေးလိုက်ပါသည်။ ယင်းကဲ့သို့သော စစ်ထောက်လှမ်းရေး အကြီးအကဲများစွာ ရှိခဲ့သည့်အနက် အနီးကပ်ဆုံး ကာလအတွင်းမှ အချို့ကိုသာ ရွေးချယ်ဖော်ပြထားခြင်း ဖြစ်ပါသည်။
 
အဗ္ဗဒူလာ ဆီနုစီ (လစ်ဗျား)
ဆီနုစီသည် လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီ၏ စစ်ထောက်လှမ်းရေး အကြီးအကဲအပြင်  ယောက်ဖတော်သူလည်း ဖြစ်သည်။ ဆီနုစီသည် ကဒါဖီ၏ ခယ်မနှင့် လက်ထပ်ထားသူဖြစ်သည်။
ဆီနုစီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ မကောင်းသတင်း ကျော်ကြားမှုများသည် ၁၉၇၀ ပြည့်လွန်နှစ်များ ကတည်းက စခဲ့သည်။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း လစ်ဗျားနိုင်ငံ၏ ပြည်တွင်းလုံခြုံရေးကို ဦးဆောင်ခဲ့ပြီး ကဒါဖီအား ဆန့်ကျင်သူများစွာတို့ကို သတ်ဖြတ်ခဲ့သည်။ သူ့အား လစ်ဗျားနိုင်ငံ၏ စစ်ထောက်လှမ်းရေး အကြီးအကဲဟု ဖော်ပြကြသော်လည်း ယင်းကဲ့သို့သော တရားဝင်ရာထူး အမှန်တကယ် ရှိ၊ မရှိ ရေရာစွာ သိရှိရခြင်း မရှိပေ။
ဆီနုစီကို ၁၉၈၉ ခုနှစ်က နိုင်ဂျာနိုင်ငံ အထက်ကောင်းကင်တွင် လူပေါင်း ၁၇၀ သေဆုံးခဲ့ရသည့် ခရီးသည်တင် လေယာဉ်ဗုံး ပေါက်ကွဲမှုအတွက် ၁၉၉၉ ခုနှစ်၌ ပြင်သစ်နိုင်ငံတွင် မျက်ကွယ်တရား စီရင်မှုအဖြစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် အဘူဆလင်း အကျဉ်းထောင်၌ အကျဉ်းသား ၁၂၀၀ ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှု၌ တာဝန်ရှိသူသည် ဆီနုစီဖြစ်သည်ဟု လစ်ဗျားနိုင်ငံသားများက ယုံကြည်ကြသည်။ ၂၀၀၃ ခုနှစ်၌ ဆော်ဒီအာရေဗျ အိမ်ရှေ့မင်းသား အဗ္ဗဒူလာကို လုပ်ကြံရန် ကြိုးပမ်းမှုအား ကြိုးကိုင်ခဲ့သူမှာ ဆီနုစီ ဖြစ်သည်ဟုလည်း ယုံကြည်ကြသည်။
အမေရိကန်သံတမန် အသိုင်းအဝိုင်းက ဆီနုစီသည် ကဒါဖီ၏ ဆေးကုသမှုခံယူရန် အစီအစဉ်များစွာကို ဆောင်ရွက်ပေးသည့် လူယုံတော် ဖြစ်ကြောင်း ဖော်ပြကြသည်။ ၂၀၁၁ ခုနှစ် လစ်ဗျားပြည်တွင်းစစ်အတွင်း ဘင်ဟာဇီမြို့တွင် အကျအန စီစဉ်ထားသော သတ်ဖြတ်မှုများကို ဆောင်ရွက်ခြင်းနှင့် နိုင်ငံခြား တိုက်ခိုက်ရေး သမားများ စုဆောင်းခြင်းတို့ အတွက်လည်း တာဝန်ရှိသူမှာ ဆီနုစီဖြစ်ကြောင်း ဖော်ပြကြသည်။
၂၀၁၂ ခုနှစ် မတ် ၁၇ ရက်တွင် ဆီနုစီကို မော်ရစ်တေးနီးယားနိုင်ငံ လေဆိပ်တွင် ဖမ်းဆီးရမိခဲ့ပြီး လစ်ဗျားအစိုးရသစ်က သူ့အား လစ်ဗျားနိုင်ငံသို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် မော်ရစ်တေးနီးယား နိုင်ငံက လစ်ဗျားအာဏာပိုင်များထံ ဆီနုစီကို လွှဲပြောင်းပေးခဲ့သည်။ လစ်ဗျားနိုင်ငံက ဆီနုစီကို ကဒါဖီ၏ အရင်းနှီးဆုံး လက်ထောက်အဖြစ် ဆောင်ရွက်စဉ်အတွင်း ကျူးလွန်ခဲ့သော ပြစ်မှုများဖြင့် တရားစီရင်ရန် ကြိုးပမ်းနေသည်။
 
အဒေါ့ဖီရှီမီရီမားနား (ဘူရွန်ဒီ)
ဒုတိယဗိုလ်ချုပ်ကြီး အဒေါ့ဖီ ရှီမီရီမားနားသည် ပြည်တွင်းလုံခြုံရေးအတွက် သမ္မတ ထိပ်တန်းအကြံပေးနှင့် သမ္မတ ပီးယားကူရွန်ဇီဇာ၏ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် ဖြစ်သည်။ လေ့လာသူများက သူ့ကို ဘူရွန်ဒီ စစ်ထောက်လှမ်းရေး အကြီးအကဲအဖြစ် သတ်မှတ်ကြသည်။ သူသည် နိုင်ငံရေး ခြိမ်းခြောက်မှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများကို ကြိုးကိုင်ခဲ့သူ ဖြစ်သည်ဟု ဆိုသည်။
၂၀၁၅ ခုနှစ်တွင် သမ္မတ ပီးယားကူရွန်ဇီဇာသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီဘဲ တတိယမြောက် သက်တမ်းအတွက် ထမ်းဆောင်ရန် ကြိုးပမ်းသောကြောင့် နိုင်ငံအတွင်း၌ ဆန့်ကျင်မှုများနှင့် မငြိမ်မသက် ဖြစ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ရှီမီရီမားနားသည် ၂၀၁၅ မေလ၌ ကူရွန်ဇီဇာကို ဆန့်ကျင်အာဏာသိမ်းရန် ကြိုးပမ်းမှုကို နှိမ်နင်းခဲ့သည့်အပြင် အတိုက်အခံ ဆန္ဒပြသူ များကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သူလည်း ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က သမ္မတကို ဝန်းရံထားသည့် သဘောထား တင်းမာသူများထဲ၌ အဓိကလူအဖြစ် ရှီမီရီမားနားကို သတ်မှတ်ထားသည်။ ၂၀၁၅ ခု နှစ်လယ်ပိုင်း၌ ဆက်လက်ဖြစ်ပွားသော လမ်းပေါ်ဆန္ဒပြမှုများနှင့် မငြိမ်မသက်မှုများကို နှိမ်နင်းချိန်၌ ရှီ မီရီမားနား၏ သြဇာပိုမို ကြီးမားလာသည်။ ဘူဂျမ်ဘူရာမြို့တွင် လမ်းပေါ်ဆန္ဒပြသူများကို ရက်စက်စွာ နှိမ်နင်းမှုကြောင့် လူပေါင်း ၁၀၀ ထက်မနည်း သေဆုံးခဲ့ရသည်။ အကြမ်းဖက်မှုများကို ကြောက်လန့်သောကြောင့် လူပေါင်း ၁၀၀,၀၀၀ သည် ဘူရွန်ဒီနိုင်ငံကို စွန့်ခွာထွက်ပြေး ခဲ့ကြရသည်။
ရှီမီရီမားနားသည် လူ့အခွင့်ရေ းလှုပ်ရှားသူများနှင့် ဆန္ဒပြသော အရပ်သားများကို ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့အား ကြိုးကိုင်ခဲ့သူဖြစ်သည်။ အစိုးရ၏ ခြစားမှုကို ဝေဖန်ခဲ့သော အသက်ကြီးသည့် အီတလီသီလရှင် သုံးဦးကို သတ်ဖြတ်ရန် အမိန့်ပေးခဲ့သူ ဖြစ်သည်ဟုလည်း စွပ်စွဲကြသည်။ လွန်ခဲ့သည့်နှစ် ဆောင်းရာသီအတွင်း အဆိုပါ သီလရှင်သုံးဦးသည် မုဒိမ်းကျင့်ခံရကာ ခေါင်းဖြတ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
၂၀၁၅ ခုနှစ် သြဂုတ် ၂ ရက်တွင် ဘူဂျမ်ဘူရာမြို့၌ပင် စစ်တပ်ယူနီဖောင်းကိုပင် ဝတ်ဆင်ထားသော သေနတ်သမားများသည် ရှီမီရီမားနားနှင့် သူ့၏ ကိုယ်ရံတော်များ လိုက်ပါလာသည့် ကားတစ်စီးကို ရော့ကက်လောင်ချာဖြင့် ပစ်ခတ်ခဲ့သည်။ သေနတ် သမားများသည် ရှီမီရီမားနား သေ မသေ အနီးကပ် လာရောက်စစ်ဆေး အတည်ပြုပြီးမှ ပြန်လည်ထွက်ခွာ သွားခဲ့သည်။
 
ကာရန်ဇီကာရာကီ (ရဝမ်ဒါ)
ရဝမ်ဒါနိုင်ငံ၏ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ကာရန်ဇီကာရာကီသည် ယခင်ရဝမ်ဒါ အစိုးရလက်ထက်က ဒုက္ခသည်အဖြစ် ယူဂန္ဓာနိုင်ငံတွင် ကြီးပြင်းခဲ့သူဖြစ်သည်။ မာကီရီရီတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ရဝမ်ဒါမျိုးချစ်တပ်ဦးသို့ဝင် ရောက်ကာ ရဝမ်ဒါပြည်တွင်းစစ် (၁၉၉၀-၁၉၉၄) တွင် ပါဝင်ဆင်နွှဲခဲ့သည်။
ကာရာကီသည် တောင်အာဖရိက စစ်ကောလိပ်၏ အကြီးတန်း စစ်ဦးစီးမှူးကောလိပ်နှင့် ကင်ညာနိုင်ငံ အမျိုးသား ကာကွယ်ရေး ကောလိပ်များ၌ ပညာသင်ကြားခဲ့သည်။ ယူဂန္ဓာနိုင်ငံ မာကီရီရီတက္ကသိုလ်မှ စီးပွားရေးပညာဘွဲ့၊ ကင်ညာနိုင်ငံ နိုင်ရိုဘီ တက္ကသိုလ်မှ နိုင်ငံတကာ လေ့လာရေး မဟာဝိဇ္ဇာဘွဲ့နှင့် လန်ဒန်တက္ကသိုလ်မှ စီးပွားစီမံ မဟာဝိဇ္ဇာဘွဲ့တို့ကို ရရှိခဲ့သည်။
၂၀၀၇ ခုနှစ် သြဂုတ်လတွင် ဆူဒန်နိုင်ငံ ဒါဖာမြို့၌ အာဖရိကသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်၌ လက်ထောက် စစ်ဦးစီးမှူးအဖြစ် ခန့်အပ်ခြင်းခံရပြီး ၂၀၀၈ ခုနှစ် ဇန်နဝါရီတွင် ကုလသမဂ္ဂ မစ်ရှင်အဖွဲ့ ၏ လက်ထောက်ဖြစ်လာသည်။ သို့သော် သူသည် ၂၀၀၉ ခုနှစ် ဧပြီလတွင် ယင်းအဖွဲ့မှ ထွက်ခွာခဲ့သည်။
၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလတွင် စပိန်တရားသူကြီး တစ်ဦးက ကာရာကီကို ၁၉၉၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း ရဝမ်ဒါထောက်လှမ်းရေး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်စဉ် နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု များစွာနှင့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများစွာတို့ အတွက် တာဝန်ရှိသူအဖြစ် စွဲချက်တင်ခဲ့သည်။

ဗိုလ်ချုပ်ကြီး ကာရန်ဇီ (လယ်) ကို ၂၀၀၈ ခုနှစ်က ဆူဒန်နိုင်ငံ၌ တွေ့ရစဉ်
လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က သူ၏ အမိန့်အောက်၌ရှိသော တပ်များသည် ကွန်ဂိုနိုင်ငံ ကီဆန်ဂါနီမြို့တွင် ယူဂန္ဓာတပ်များနှင့် တိုက်ခိုက်စဉ်အတွင်း ၂၀၀၀ ပြည့်နှစ်က အရပ်သား များစွာကို သတ်ဖြတ်ခဲ့သည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။
ကုလသမဂ္ဂသည် အစောပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကာရာကီအပေါ် စွပ်စွဲထားချက်များနှင့် ကာရာကီကို တာဝန်ပေးထားသည့် နောက်ဆုံးကာလ ဖြစ်သော ၂၀၀၈ အောက်တိုဘာကို ကျော်လွန်ပါက ဆက်လက်ခန့်ထားရန် သဘောတူထားမှုအကြား ဗျာများခဲ့ရသည်။ တစ်ဖက်တွင် အမေ ရိကန်နှင့် ဗြိတိန်တို့က ဖိအားပေး လျက်ရှိပြီး တစ်ဖက်တွင် ရဝမ်ဒါ သမ္မတ ပေါကာဂါမီက ကာရာကီကို ထုတ်ပယ်ပါက ရဝမ်ဒါတပ်များအား လုံးကို ဒါဖာမှ ရုပ်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။
၂၀၁၀ ပြည့်နှစ် ဧပြီလတွင် သမ္မတ ကာဂါမီက စစ်ဦးစီးရုံးကို အကြီးအကျယ် ပြောင်းလဲပစ်သည့် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး ရက်အနည်းငယ် အကြာတွင် ကာရာကီကို အကျင့်ပျက်မှု စွဲချက်ဖြင့်လည်းကောင်း၊ လေတပ်အကြီးအကဲဟောင်း ချားမူဟီရီကို ခြစားမှု ဖြင့်လည်းကောင်း ဖမ်းဆီးရန် အမိန့်ပေးခဲ့သည်။ ရဝမ်ဒါစစ်တပ်အတွင်း ကျော်ကြားပြီး သြဇာကြီးမားသော အဆိုပါ ခေါင်းဆောင်နှစ်ဦးသည် ကာဂါမီနှင့် သဘောထား ကွဲလွဲနေကြောင်း သတင်းစာများ၌ ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
စစ်ပွဲဆိုင်ရာ ပြစ်မှုများအတွက် စပိန်နိုင်ငံမှ ပေးပို့သော ဖမ်းဝရမ်းအရ ၂၀၁၅ ခုနှစ် ဇွန် ၂၀ ရက်တွင်  လန်ဒန်မြို့ ဟီသရိုးလေဆိပ်၌ ကာရာကီကို ဖမ်းဆီးခဲ့သည်။ ရဝမ်ဒါနိုင်ငံခြားရေးဝန်ကြီး လူဝီမူရှီကီဝါဘိုက ကာရာကီကို ဖမ်းဆီးမှုအား စော်ကားမှု ဖြစ်သည်ဟု ပြောကြားကာ ရဝမ်ဒါအစိုးရက တုံ့ပြန်ခဲ့သည်။
 
ဗိုလ်မှူးချုပ် တင်ဦး (မြန်မာ)
မြန်မာနိုင်ငံကို အာဏာရှင်စနစ်ဖြင့် နှစ်ပေါင်းများစွာ အုပ်စိုးခဲ့သော ဦးနေဝင်း၏ အယုံကြည်ရဆုံး လူတစ်ဦးဖြစ်ခဲ့သူ ဦးတင်ဦး (မျက်မှန်တင်ဦးဟု လူသိများ) သည် မွန်ပြည်နယ် မုဒုံမြို့တွင် မွေးဖွားသည့် မွန်အမျိုးသားဖြစ်သည်။ သူသည် ဆယ်တန်းအထိ ပညာသင်ကြား ခဲ့ပြီးနောက် ၁၉၄၅ ခုနှစ်တွင် ဗမာ့တပ်မတော်သို့ ဝင်ရောက်ခဲ့သည်။ တပ်မတော်သို့ဝင်စဉ် သူ၏အသက်မှာ ၁၅ နှစ်သာ ရှိသေးသော်လည်း အရပ်မြင့်သောကြောင့် စစ်သားစုဆောင်း သူများကို အသက် ၁၈ နှစ် ရှိပြီဟု ယုံကြည်အောင် ပြောနိုင်ခဲ့သည်။ ဗြိတိသျှတပ်များကို ချေမှုန်းပြီးနောက် ဗမာ့တပ်မတော်သည် ဂျပန်တပ်မတော်နှင့်အတူ ဝင်ရောက်လာစဉ် ဦးတင်ဦးသည် တပ်စုမှူး ဖြစ်ခဲ့သည်။
ဦးနေဝင်းသည် ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံသို့ ပြန်ဝင်လာ ပြီးနောက် ဦးတင်ဦးနှင့် မုဒုံမြို့၌ ဆုံတွေ့ခဲ့သည်။ ဦးတင်ဦး၏ မိဘနှစ်ဦးစလုံးသည် သခင်လှုပ်ရှားမှု၌ ပါဝင်ခဲ့သူများဖြစ်ပြီး ဦးနေဝင်းကို သူ၏ သားလေးဦးအား စောင့်ရှောက်ပေးရန် မေတ္တာရပ်ခံခဲ့သည်။ ဦးတင်ဦးတို့ ညီအစ်ကို လေးဦးစလုံးသည် စစ်တပ်သို့ ဝင်ရောက်ခဲ့ပြီး နှစ်ဦးသည် စစ်အတွင်း ကျဆုံးသွားခဲ့သည်။ ထို့ကြောင့် ဦးနေဝင်းသည် ဉာဏ်ရည်ထက်မြက်၍ အစွမ်းအစရှိသော ဦးတင်ဦးကို စစ်မြေပြင်သို့ မလွှတ်တော့ဘဲ သူ၏စောင့်ရှောက်မှု အောက်၌ ထားရန် ဆုံးဖြတ်ခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် ဦးတင်ဦးသည် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ကာ စီးပွားရေးနှင့် သမိုင်းဘာသာတို့ကို သင်ယူခဲ့သည်။ တက္ကသိုလ်တွင် ဦးတင်ဦးသည် မာ့က်စ်ဝါဒကို လေ့လာခဲ့ပြီး လက်ဝဲဝါဒကို ယုံကြည်သည့် ကျောင်းသား များစွာတို့နှင့် တွေ့ဆုံခဲ့သည်။ ယင်းနောက် ဦးတင်ဦးသည် တပ်မတော်သို့ ပြန်လည် ဝင်ရောက်ခဲ့ပြီးနောက် ဦးနေဝင်းက ထိရောက်မှုမရှိသော ထောက်လှမ်းရေး ဌာနကို မြေလှန် ပြောင်းလဲပစ်ရန်နှင့် စစ်ထောက်လှမ်းရေး ဌာနကို တည်ဆောက်ရန် ဦးတင်ဦးကို ခိုင်းစေခဲ့သည်။ ဦးနေဝင်းသည် ဦးတင်ဦးကို ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ဆီပန်ကျွန်းသို့ စေလွှတ်ကာ CIA မှ ပို့ချသော သင်တန်းကို တက်ရောက်စေခဲ့သည်။ ယင်းနောက် အင်္ဂလန်တွင် ဖွင့်လှစ်သော တော်ဝင် စစ်ရဲသင်တန်းကိုလည်း တက်ရောက်စေခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ဦးနေဝင်းက အာဏာသိမ်းယူပြီးနောက် ရေကြည်အိုင်တွင ်ထိန်းသိမ်း ထားသော နိုင်ငံရေး အကျဉ်းသားများကို ကြီးကြပ်ရန် ဦးတင်ဦးကို တာဝန်ပေးခဲ့သည်။ အဆိုပါ အကျဉ်းသားများထဲတွင် သမ္မတဟောင်း မန်းဝင်းမောင်နှင့် ဝန်ကြီးချုပ်ဟောင်း ဦးနုတို့ ပါဝင်ခဲ့သည်။ ဦးတင်ဦးသည် ဦးနုနှင့် အစိုးရ အဖွဲ့ဝင်များကို ကယ်ဆယ်ရန် ကြိုးပမ်းမှုမှန်သမျှကို တားဆီးနိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ ယင်းတွင် နိုင်ငံခြား တိုင်းပြည်တစ်ခုမှ အထူးတပ်ဖွဲ့များက လေကြောင်းမှ စီးနင်းမှု သို့မဟုတ် ရဟတ်ယာဉ်အသုံးပြု စစ်ဆင်မှုတို့ကို ကာကွယ်ရန် အမှတ် (၄) ဗမာ့သေနတ်ကိုင် တပ်ရင်း၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့သည်။
ဦးတင်ဦးသည် ဦးနေဝင်းအား လုပ်ကြံရန် ကြိုးပမ်းမှု များစွာတို့ကို ဖော်ထုတ်နိုင်ခဲ့သောကြောင့် အာဏာရှင် ဦးနေဝင်းက အလွန်အထင်ကြီးခဲ့သည်။ ၎င်းအပြင် ဦးတင်ဦးသည် အလံဖြူကွန်မြူနစ် ပါတီခေါင်းဆောင် သခင်သန်းထွန်း အမှန်တကယ် သေဆုံးခြင်း ရှိ၊ မရှိ အတည်ပြုရန်အတွက် အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့ဖူးသည်။
ယင်းအချိန်က ဦးတင်ဦးသည် ထောက်လှမ်းရေး အကြီးအကဲ မဖြစ်သေးပေ။ ထောက်လှမ်းရေးဌာန၌ ဌာနတွင်း ပဋိပက္ခ ဖြစ်ပွားနေသည်။ ယင်းပဋိပက္ခတွင် တစ်ဘက်၌ ဗိုလ်မှူးကြီးမောင်လွင် (နှုတ်ခမ်းမွေး မောင်လွင်ဟု လူသိများ) ရှိနေသည်။ ဗိုလ်မှူးကြီး မောင်လွင်သည် ဦးနေဝင်းအပေါ် သစ္စာရှိသူ ဖြစ်သော်လည်း သူ၏ထောက်လှမ်းရေး ဌာနကို မခံချင်စိတ်ဖြင့် ကာကွယ်လျက်ရှိသည်။ အခြားတစ်ဘက်၌ ဗိုလ်မှူးချုပ်မောင်မောင် ရှိနေသည်။ ဗိုလ်မှူးချုပ်မောင်မောင်သည် ဦးနေဝင်း၏ ချီးကျူးမှုကို ခံရသူဖြစ်ပြီး ရန်ကုန် မြို့ရှိ အမေရိကန်သံရုံး၌ CIA အရာရှိများ၏ သင်တန်းပေးမှုအပြင် အထောက်အကူပေးမှုကိုပါ ရရှိသူတစ်ဦးဖြစ်သည်။ ဦးနေဝင်းသည် ၎င်းတို့၏ ရန်စကို ဖြေရှင်းရန် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီတွင် ဗိုလ်မှူးချုပ်မောင်မောင်အား ထုတ်ပယ်လိုက်ခြင်းဖြင့် ဖြေရှင်းခဲ့သည်။ ထို့ကြောင့် ဦးတင်ဦးသည် ထိပ်ပိုင်းရာထူးကို အလျင်အမြန် ရရှိသွားသည်။
ယင်းအချိန်က ဦးနေဝင်းသည် ပြည်ပသို့ သွားသည့်အခါတိုင်း အင်္ဂလိပ်-မြန်မာ ကပြား စစ်ဦးစီးမှူး ဦးကျော်စွာမြင့်ကို ခေါ်သွားလေ့ရှိသည်။ နောက်ပိုင်းတွင် ဦးကျော်စွာမြင့်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို မကြိုက်ကြောင်းနှင့် ဦးနေဝင်းကို သတ်ဖြတ်ရန် စီစဉ်ခဲ့ကြောင်း ပေါ်ထွက်လာခဲ့သည်။ လုပ်ကြံမှု မအောင်မြင်ဘဲ ဦးကျော်စွာမြင့်သည် ထိုင်းနယ်စပ်မှတစ်ဆင့် သြစတြေးလျသို့ ထွက်ပြေးခဲ့ရသည်။ သို့သော် ဦးကျော်စွာမြင့် မြန်မာနိုင်ငံမှ မထွက်ခွာမီ ပဲခူးရိုးမတွင်ရှိသော  ဦးတင်ဦး၏ သူလျှိုကွန်ရက်က ဦးကျော်စွာမြင့်သည် ပဲခူးရိုးမဒေသ၌ ရှိကြောင်း ဖော်ထုတ်ခဲ့သည်။
ဦးတင်ဦးသည် စစ်ရုံးသို့ အလျင်အမြန် မေးမြန်းစုံစမ်းခဲ့သည်။ သို့သော် ပြန်ကြားချက် မရခဲ့ပေ။ ဗိုလ်မှူးကြီးမောင်လွင်က ယင်းကိစ္စကို ဦးနေဝင်းထံ သတင်းပို့ရမည်ကို  ကြောက်လန့်နေသောကြောင့် ဖြစ်သည်။ သို့သော် ဦးတင်ဦးသည် သူ၏ဆရာ ဦးနေဝင်းထံ တိုက်ရိုက်သွားကာ သတင်းပို့ခဲ့သည်။ ယင်းနောက် ဦးနေဝင်းသည် ဦးတင်ဦးကို စစ်ရုံး၌ ခန့်ထားခဲ့သည်။ ထို့နောက် ဦးတင်ဦးသည် အမျိုးသား ထောက်လှမ်းရေးဗျူရို၏ အကြီးအကဲ ဖြစ်လာသည်။ ၎င်းအပြင် ဦးနေဝင်းသည်  သမ္မတ၏ စစ်ထောက်ချုပ် ဟူသည့် ရာထူးတစ်ခု တီထွင်ကာ ဦးတင်ဦးကို ပေးခဲ့သည်။ ယင်းရာထူးသည် စစ်ဦးစီးချုပ်ရာထူးထက် ပို၍ အာဏာရှိသည်။
သို့သော် ဦးတင်ဦးသည် တိုက်ပွဲအတွေ့အကြုံ နည်းပါးသည့်အတွက် တပ်တွင်းရှိ သူ၏ ပြိုင်ဘက်များက ယင်းအားနည်းချက်ကို အသုံးပြုလျက် သူ၏ သြဇာအာဏာကို ယုတ်လျော့အောင် ပြုလုပ်မည်ကို ဦးတင်ဦး သိနေသည်။ ထို့ကြောင့် ဦးတင်ဦးက ခိုင်မာသော ထောက်လှမ်းရေးမရှိပါက စစ်မြေပြင်တွင် အောင်ပွဲမရနိုင်ကြောင်း စစ်တပ်မှ အရာရှိများကို သိအောင်ပြုလုပ်ခြင်းဖြင့် သူ့အပေါ် ယုံကြည်မှုရရန် ကြိုးပမ်းသည်။
တပ်မတော်က ၁၉၇၀ ပြည့်လွန် နှစ်များအတွင်း ကွန်မြူနစ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို အဓိက စစ်ဆင်ရေးပေါင်းများစွာ ပြုလုပ်သည့်အခါ ဦးတင်ဦးနှင့် သူ၏ ထောက်လှမ်းရေး အဖွဲ့ဝင်များသည် စစ်ဦးစီးမှူးများကို အထောက်အကူ ဖြစ်စေသည့် ထောက်လှမ်းရေး အချက်အလက်များရရှိရန် ကြိုးပမ်းပေးခဲ့သည်။ ဦးတင်ဦးသည် ကွန်မြူနစ်တို့၏ ခြေကုပ်စခန်းဖြစ်ခဲ့သည့် ပဲခူးရိုးမဒေသသို့ ကိုယ်တိုင်သွားရောက်ကာ စစ်ဆင်ရေးမှူးများကို ကူညီခဲ့သည်။
ဦးတင်ဦးသည် လျှို့ဝှက်ရန်ပုံငွေတစ်ရပ်ကို စီမံကာ ပြည်တွင်းပြည်ပ ထောက်လှမ်းမှု စစ်ဆင်ရေးများအတွက် အသုံးပြုခဲ့သည်။ ယင်းတွင် နိုင်ငံရပ်ခြားရှိ မြန်မာသံရုံး ဝန်ထမ်းများနှင့် ထိုင်း၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် တက်ကြွစွာ လှုပ်ရှားနေသော အုပ်စုများ ကဲ့သို့သော ပြည်ပ၌ နေထိုင်သည့် မြန်မာများကို စောင့်ကြည့်ရန်လည်း ပါဝင်သည်။ ဦးတင်ဦးသည်  ဆွစ်ဇာလန်ဘဏ်တွင် လျှို့ဝှက်စွာ အပ်နှံထားသည့် ဦးနေဝင်း၏ငွေများ ပြန်လည်ရရှိအောင်လည်း ကူညီခဲ့သည်ဟု ဆိုကြသည်။ ဦးနေဝင်းသည် အစိုးရအဖွဲ့၌ လည်းကောင်း၊ စစ်တပ်၌လည်းကောင်း ထိပ်ပိုင်းရာထူးများကို ခန့်အပ်ရန် ရှိသည့်အခါ မဆုံးဖြတ်မီ ဦးတင်ဦးနှင့် ဦးစွာတိုင်ပင်သည်အထိ ဦးတင်ဦးအပေါ် မှီခိုအားထားခဲ့သည်။
သို့သော် ဦးနေဝင်းအတွက် ပြိုင်ဘက် ဖြစ်လာနိုင်ဖွယ်ရှိသော အခြားသူများကဲ့သို့ပင် ဦးတင်ဦးသည် စိတ်အပြောင်းအလဲမြန်သော ဦးနေဝင်း၏ သံသယ ဖြစ်မှုကိုခံခဲ့ရပြီး စစ်ဘက်ဆိုင်ရာ အလွဲသုံးစားမှု  စွဲချက်များဖြင့် ထောင်ထဲ၌ ခြောက်နှစ်ကျော် နေခဲ့ရသည်။ ထောင်ဒဏ် နှစ်  ၂၀ ချမှတ်ခြင်း ခံခဲ့ရသည့် ဦးတင်ဦးသည် ၁၉၈၈ ခုနှစ်တွင် ထောင်မှလွတ်မြောက်ခဲ့သည်။ ယင်းနောက် ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် အသက် ၇၁ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
 
ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့် (မြန်မာ)
ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်သည် တရုတ်နွယ်ဖွား တစ်ဦးဖြစ်ပြီး ထောက်လှမ်းရေး အကြီးအကဲအပြင် ဝန်ကြီးချုပ်အဖြစ် ၂၀၀၃ ခုနှစ် သြဂုတ် ၂၅ ရက်မှ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်အထိ ထမ်းဆောင်ခဲ့သည်။ ယင်းနောက် သူသည် ခြစားမှုဖြင့် စွဲချက်တင်ခံရပြီး နေအိမ်အ ကျယ်ချုပ်ဘဝဖြင့် ခုနစ်နှစ် နေခဲ့ရသည်။
၁၉၈၈ ခုနှစ်မှ ရာထူးမှ ဖယ်ရှားခံရသည့် ၂၀၀၄ ခုနှစ်အထိ ဦးခင်ညွန့်သည် လူပေါင်း ၁၀,၀၀၀ ကို ဖမ်းဆီးထိန်းသိမ်း ခဲ့သူအဖြစ် ရှုမြင်ခံရသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ အများအပြားသည် နှိပ်စက်ညှဉ်းပန်း ခံရခြင်းနှင့် တစ်ဖက်သတ် မတရား စွဲဆိုမှုများကို ခံရကာ ဆယ်စုနှစ်လိုက်ချီသော နှစ်ကြီးထောင်ဒဏ်များ ချမှတ်ခံရခြင်းတို့ကို ကြုံတွေ့ရသည်။
ဒါဇင်ပေါင်းများစွာသော သူ၏စစ်ထောက်လှမ်းရေး ဌာနတို့သည် အတိုက်အခံ လှုပ်ရှားသူများကို နှောင့်ယှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပြုလုပ်ခဲ့သည်။ သူ၏ စစ်ထောက်လှမ်းရေးဌာနမှ လူများကို နိုင်ငံအတွင်းရှိ အဖွဲ့အစည်း အားလုံးနီးပါးထဲသို့ ထိုးဖောက် ဖြန့်ကြက်ထားပြီး အိမ်နီးချင်း နိုင်ငံတိုင်းနီးပါး၌ သူလျှိုကွန်ရက်များကို ဖြန့်ချထားသည်။ ထောက်လှမ်းရေး သူလျှိုများကို အကောက်ခွန်ဌာန၊ လူဝင်မှု ကြီးကြပ်ရေးဌာနနှင့် ရဲဌာများ၌ နေရာချထားပြီး သူ၏ စစ်ထောက်လှမ်းရေး အရာရှိများသည် ထိပ်တန်းဗိုလ်ချုပ်ကြီးများ အပါအဝင် အခြားအကြီးတန်း စစ်ဘက်ဆိုင်ရာ အရာရှိများကိုပင် ထိန်းချုပ်စောင့်ကြည့်ခဲ့သည်။
တက္ကသိုလ်ကောလိပ်များကို ပိတ်ပစ်ခဲ့ပြီး ယင်းတက္ကသိုလ် ကောလိပ်များကို ဝေးလံလှသော အရပ်များ၌ ထောက်ကူပစ္စည်း မပြည့်မစုံဖြင့် ပြန်လည်နေရာ ချထားပြီးမှသာ ပြန်လည်ဖွင့်လှစ်ခဲ့မှု၌ ဦးခင်ညွန့်သည် အဓိက အကျဆုံး လူဖြစ်သည်။ အသစ်ပြန်လည် နေရာချထားလိုက်သည့် နေရာများ၌ ကျောင်းသားများသည် ဆန္ဒပြပွဲများ အတွက် လူစုရန် ခက်ခဲသွားသကဲ့သို့ အဓိပ္ပာယ်ရှိသည့် ပညာရေးကိုလည်း ရရှိနိုင်ခြင်း မရှိတော့ပေ။
၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဦးခင်ညွန့်ကို ကျန်းမာရေးအရ နုတ်ထွက်ရန် ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်။ သို့သော် ဦးခင်ညွန့်ကို ချက်ချင်းဖမ်းဆီးခဲ့ပြီး အစောင့်အရှောက်ဖြင့် အကျဉ်းချထားခဲ့သည်။
ရက်ပေါင်းများစွာ ကြာပြီးနောက် ဦးခင်ညွန့်ကို ခြစားမှုဖြင့် တရားဝင် စွဲချက်တင်ခဲ့သည်။ ၂၀၀၅ ခုနှစ် ဇူလိုင် ၅ ရက်တွင် အင်းစိန်ထောင်အတွင်း အထူးခုံရုံးဖွဲ့ကာ ဦးခင်ညွန့်အား ခြစားမှုစွဲချက် အမျိုးမျိုးဖြင့် တရားစွဲဆိုရန် ကြိုးပမ်းခဲ့သည်။ သူ့အား ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခဲ့သည်ဟု ဆိုသော်လည်း သူသည် ထောင်ထဲ၌ မနေရဘဲ နေအိမ်အတွင်း၌သာ အကျယ်ချုပ် ကျခံခဲ့ရသည်။ ဦးခင်ညွန့်၏ သားနှစ်ဦးကိုလည်း ထောင်ဒဏ် ၅၁ နှစ်နှင့် ၆၈ နှစ်စီ ချမှတ်ခဲ့သည်ဟုဆိုသည်။ သူ၏ ဇနီးကိုမူ ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ရှိ၊ မရှိ မသိရပေ။
၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်း ဦးခင်ညွန့်နေအိမ်၌ ရှိနေစဉ် ဝန်ကြီးဟောင်း ဗိုလ်မှူးချုပ် တင့်ဆွေက လာရောက်ခေါ်ဆောင်ပုံ ဗီဒီယိုဖိုင်သည် အွန်လိုင်း၌ ပျံ့နှံ့ခဲ့သည်။ ယင်းသည် ၂၀၀၈ ခုနှစ် မတ်လနောက်ပိုင်း ဦးခင်ညွန့်နှင့်သူ၏ ဇနီးတို့ ပထမဆုံး နေအိမ်ပြင်ပသို့ ထွက်ခွင့်ရခြင်း ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဦးခင်ညွန့်၊ ရဲချုပ်ဦးခင်ရီနှင့် အခြားအကြီးတန်း ရဲအရာရှိများ တွေ့ဆုံနေပုံ ဗီဒီယိုဖိုင်သည် YouTube မှတစ်ဆင့် ပျံ့နှံ့ခဲ့ပြန်သည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် ဦးခင်ညွန့် နေအိမ်အကျယ်ချုပ်မှ လွတ် မြောက်ခဲ့သည်။

 

Most Read

Most Recent