ရက်ကန်းကို အမှီပြုပြီး ဘဝကို ရုန်းကန်ကြသူများ

ရက်ကန်းကို အမှီပြုပြီး ဘဝကို ရုန်းကန်ကြသူများ
Published 4 October 2015
သန်းလှိုင် (စစ်တွေ)

 ရွာလယ်လမ်း ခပ်ကျဉ်းကျဉ်းကို ဝင်လိုက်တာနဲ့ လမ်းဘေး ဝဲယာ အိမ်တွေဆီက ရက်ကန်းခတ်သံ “တဒင်းဒင်း”ကို ကြားလိုက် ရပါတယ်။ အဲဒီ အသံတွေဟာ ဒီရွာကလေးမှာတော့ ရှေးယခင် ဘိုးဘေး၊ ဘီဘင် ကတည်းက လုပ်ကိုင် လာခဲ့ကြတာလို့လည်း ဆိုပါတယ်။ ရွာလေးရဲ့ အမည်ကတော့ ဝါဘိုလို့ ခေါ်ပါတယ်။
ဝါဘို ရွာကလေးဟာ အိမ်ခြေ ၂၈၀ လောက် ရှိပေမယ့် ဆင်းရဲ ချမ်းသာမရွေး ဒီရက်ကန်း လုပ်ငန်းကို လုပ်ကိုင်ကြပြီး ဆယ်ဂဏန်းလောက်သာ မလုပ်ကြဘူးလို့ သိရပါတယ်။ ရခိုင်တို့ရဲ့ ရိုးရာလက်မှု ပညာရပ်တစ်ခုဖြစ်တဲ့ ရက်ကန်း ရက်လုပ်တဲ့ အလုပ်ဟာ အိမ်တွင်းမှု ဝင်ငွေရတဲ့ အလုပ်လည်း ဖြစ်သလို အိုးမကွာ အိမ်မကွာ လုပ်ကိုင်လို့ရတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရခိုင် တိုင်းရင်းသား တွေဖြစ်တဲ့ ဒီရွာကလေးဟာ ရှေးရိုးရာ မပျက်အောင် ခုံမင်စွာနဲ့ လုပ်ကိုင် လာခဲ့ကြတာလည်း ဖြစ်ပါတယ်။
“အဘွားတို့ရဲ့ အဘွား လက်ထက်ကတည်းက လက်တွေ့ သင်ပြပေးခဲ့တာကြောင့် အခုလိုမျိုး အဘွားတို့ကတစ်ဆင့် မြေးတွေ၊ မြစ်တွေကို ပြန်လည် လက်ဆင့်ကမ်း သင်ကြား ပေးလာခဲ့တဲ့အတွက် ဒီပညာရပ်ဟာ အခုတိုင် မပျောက်မပျက် တည်ရှိနေတာပေါ့လေ။ ဒီအလုပ်ကို ရွာက မိန်းကလေးတိုင်း တတ်မြောက်ကြသလို ရက်ကန်းပညာကိုလည်း ခုံမင်ကြတယ်။ မဖြစ်မနေ တတ်သင့်တဲ့ ပညာရပ် တစ်ခုလို့လည်း ခံယူထားကြတယ်”လို့လည်း အသက် ၈၀ ရှိနေပြီဖြစ်တဲ့ အဘွား ဒေါ်ဘုမက ရှင်းပြပါတယ်။
ကြီးကြီးမားမား အရင်းစိုက်စရာမလိုဘဲ အိမ်ထဲမှာနေပြီး ဝင်ငွေရတဲ့ အလုပ်ဖြစ်တာကြောင့် အလုပ်လည်းမြဲပါတယ်။ တစ်နေ့ကို အနည်းဆုံး ကျပ် ၃၀၀၀ ကနေ ကျပ် ၅၀၀၀ အထိ ဝင်ငွေရနိုင်တဲ့ အလုပ်လည်း ဖြစ်ပါတယ်။ကျွမ်းကျင်သလောက်၊ မနေမနား လုပ်နိုင်သလောက် ဝင်ငွေရတဲ့ အလုပ်ဖြစ်တဲ့ အတွက် အမျိုးသမီးတိုင်းမှာ တစ်နှစ်ပတ်လုံး အလုပ်မပြတ်အောင် လုပ်နိုင်တဲ့အပြင် မိသားစု စားသောက်ရေး အတွက်လည်း အဆင်ပြေနိုင်တယ်လို့ သိရပါတယ်။

တကယ်တော့ ရက်ကန်းရက်လုပ်တယ် ဆိုတာ အရင် ခေတ်တုန်းကဆိုရင် ချည်တွေ ရလာဖို့အတွက် ဝါဂွမ်းကနေစပြီး အဆင့်ပေါင်း အများကြီး လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။ ချည်တွေကို ရက်လုပ်လို့ ရတဲ့အထိ ဗိုင်းငင်၊ ဗိုင်းဖိုင့်၊ ချည်မျှင်စိမ်၊ချည်မျှင်ဆေး၊ ချည်မျှင်ဖွပ်၊ ဆေးဆိုး၊ အခြောက်လှန်း စတဲ့ အဆင့်တွေ အများကြီး လုပ်ကိုင်ခဲ့ရတာမို့ သိပ်ပြီး ပင်ပန်းခဲ့တယ်။ လက်ဝင်တယ်လို့လည်း ဆိုကြပါတယ်။ ဒီလို အဆင့်တွေ အများကြီး လုပ်ပြီးမှ အထည် ရက်လုပ်နိုင်ခဲ့တာ ဖြစ်တာကြောင့် ဇွဲကြီးကြီးနဲ့ လုပ်ဆောင်ခဲ့ကြတဲ့ ပညာရပ် တစ်ခုဆိုရင်လည်းမမှားပါဘူး။
ဒါပေမဲ့ အခုအချိန်မှာတော့ ချည်မျှင်တွေကို လွယ်လင့်တကူ ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်တာကြောင့် သိပ် မပင်ပန်းတော့ဘူးလို့လည်း ဆိုကြပါတယ်။ ဒီလို မပင်ပန်းတဲ့အတွက် ခေတ်ကာလ အမျိုးသမီးတွေဟာ ဗိုင်းငင်၊ ဗိုင်းဖိုင့်၊ ဗိုင်းလိပ်တဲ့ ပညာရပ်တွေကို နားမလည် မတတ်ကျွမ်းသလို သင်ယူဖို့လည်း မကြိုးစားတော့တာကို တွေ့ရပါတယ်။ ဒါဟာ ပညာရပ်တစ်ခုရဲ့ အစိတ်အပိုင်းတချို့ ပျောက်ကွယ်သွားတဲ့ သဘောလည်း ဖြစ်ပါတယ်။ ပြန်လည် သင်ယူ တတ်မြောက် ထားသင့်တယ်လို့လည်း တချို့က ပြောဆိုကြပါတယ်။
“ဝါဂွမ်းကနေ အသင့် ရက်လုပ်လို့ရတဲ့ ချည်တွေ ဖြစ်လာဖို့ အတွက်တော့ ဒီနေ့ခေတ် အမျိုးသမီးတွေ မတတ် ကြတော့ဘူး။ သင်ဖို့လည်း စိတ်မဝင်စားတော့သလို ဝါဂွမ်းကလည်း ရှားပါးခဲ့ပြီ ဖြစ်တယ်။ ပညာရပ်တချို့ ပျောက်ကွယ်သွားတဲ့ လက္ခဏာ တစ်ခုပေါ့။ ဗိုင်းငင်တယ် ဆိုတာကလည်း လွယ်တဲ့အလုပ်မှ မဟုတ်တာလေ။ ပညာဆိုတာ မသင်ယူတော့ရင်၊ အသုံးမပြုတော့ရင်တော့ ပျောက်ကွယ် သွားတတ်စမြဲပါပဲ”လို့လည်း အသက် ၈၂ နှစ်အရွယ် အဘွားဒေါ်သူဇာက ပြောပြပါတယ်။ လသာတုန်း ဗိုင်းငင်လို့ ဆိုရိုးစကား ရှိခဲ့ပေမယ့် ဝါဘို ကျေးရွာ သူတွေကတော့ လသာတုန်း ဗိုင်းငင်ဖို့ အခွင့်အရေး မရှိတော့ပါဘူး။
စာရေးသူ ငယ်ငယ်တုန်းကတော့ အဘွား ဗိုင်းငင်တာကို ထိုင်ကြည့်ဖူးတယ်။ ဗိုင်းငင်သံတွေ တွေကြားခဲ့ဖူးတယ်။ သံစဉ်တစ်ခုလို ကြားရတဲ့ ဗိုင်းငင်သံကတော့ အခုခေတ်မှာ မကြားရ သလောက်ရှိခဲ့ပါပြီ။ စာရေးသူတို့ မွေးရပ် ဇာတိဖြစ်တဲ့ တမန်းသား ကျေးရွာမှာလည်း အဲဒီ ဗိုင်းငင်တဲ့ အလုပ်တွေကို လုပ်ခဲ့ကြပေမယ့် အခုတော့ မရက်တော့ပါဘူး။
ခေတ်တွေ ပြောင်းလာခဲ့ပြီ၊ စနစ်တွေ ပြောင်းလာခဲ့ပြီ ဖြစ်တဲ့အတွက် လမသာရင်လည်း အင်တာနက် အသုံးပြုနေပြီ ဖြစ်ပါတယ်။ လက်ဆင့်ကမ်း အမွေ အနှစ် ဆိုတာဟာ သင်ယူဖို့ အတွက်လည်း လွယ်ကူသလို တတ်မြောက်ဖို့လည်း လွယ်ကူတဲ့ ပညာရပ်ဖြစ်ပါတယ်။ အိမ်တွင်းမှာ ရက်လုပ်ရတဲ့ အလုပ်ဆိုတော့ အဘွားတွေက အိမ်မှာရှိတဲ့ မြေးတွေကို သင်ပေးလိုက်တော့ မကြာခင်မှာ ရက်ကန်းခတ်တဲ့အလုပ် (ရက်လုပ်တဲ့အလုပ်)ကို တတ်မြောက်သွားပါတော့ တယ်။
ဒီလို ပညာရပ်တွေကို လက်ဆင့်ကမ်း ထားတဲ့အတွက် တစ်ရွာလုံး အမျိုးသမီးတွေက ရက်လုပ် တတ်ကြတဲ့အတွက် နိုင်ငံရပ်ခြားကိုလည်း ထွက်သွားဖို့ မလိုတော့ပါဘူး။ အမျိုးသားတွေကသာ အလုပ်အကိုင် ရှာဖို့ ထွက်သွား ကြလေ့ရှိပြီး မိသားစု အနည်းငယ်ကတော့ လယ်အလုပ်ကို လုပ်ကြပါတယ်။ ဒါပေမဲ့လည်း အိမ်မှာရှိတဲ့ အမျိုးသမီးတွေက ရက်ကန်း ရက်လုပ်တဲ့ အလုပ်ကို မပြတ်တမ်း လုပ်ကိုင်လေ့ရှိပါတယ်။ အလုပ်အကိုင် ရှာဖွေဖို့အတွက် နိုင်ငံခြားကို အပြေးအလွှား သွားနေကြတဲ့ ခေတ်မှာ ဒီရွာက အမျိုးသမီးတွေကတော့ အိမ်ခြံဝင်းထဲမှာပဲ ရက်ကန်းရက်လုပ်ပြီး ဝင်ငွေ ရှာနိုင်ကြတာမို့ မိဝေး ဖဝေး လည်း သွားစရာ မလိုသလို လုံခြုံမှု အတွက်လည်း စိုးရိမ် ပူပန်စရာ မရှိတော့ပါဘူး။
မိဘတွေ အနေနဲ့လည်း သမီး တွေအတွက် စိတ်မပူရတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အိမ်တစ်အိမ်မှာ အနည်းဆုံး ရက်ကန်းစင် တစ်ခုကနေ အများဆုံး လေးစင်အထိ တည်ဆောက် ရက်လုပ်ကြတာကိုလည်း တွေ့ရပါတယ်။ အမျိုးသမီး လေးယောက်ရှိရင် ရက်ကန်းစင် လေးစင်၊ နှစ်ယောက်ရှိရင် နှစ်စင် ဒီလိုမျိုး အားကြိုးမာန်တက် လုပ်ကိုင် ကြတာဟာလည်း လေးစား ဂုဏ်ယူစရာ ကောင်းလှပါတယ်။
မြို့နဲ့ အလှမ်းဝေးတဲ့အတွက် တောသူ တောင်သား ရိုးသားကြသူ၊ ကြိုးစားကြသူတွေ အဖြစ်လည်း မြင်ရတယ်။ ဖော်ရွေတတ်တဲ့ ဝါဘို သူလေးတွေကိုလည်း တွေ့ရ မြင်ရတာဟာ ပင်ကို ရိုးသားတဲ့ စိတ်တွေ ပေါ်လွင်နေ ပါတယ်။ “မိန်းကလေးဆိုရင် ရက်ကန်း ရက်တတ် ရတယ်၊ ရက်ကန်း မတတ်ရင် အိမ်ထောင်ဖက် ရွေးတာ ခက်တယ်၊ ရက်ကန်း ရက်ကောင်းမှ စာမတတ်လည်း လူရာသွင်းပြီး အလေးထားကြတယ်၊ ရွာထဲမှာ နာမည် ထင်ရှားတယ်။ကျွန်မတို့အတွက် ဒီဘိုးဘွား လက်ထက်ကတည်းက ပညာရပ်ဟာ ဘ၀ တစ်သက်စာ စားမကုန်တဲ့ ပညာရပ်လည်း ဖြစ်တယ်၊ ဒါကြောင့် အလေးထားကြလေ့ ရှိပါတယ်”ဟုလည်း အမျိုးသမီးကြီး တစ်ဦးက ပြောပါတယ်။

တောရွာ တောဓလေ့၊ တောအလှ၊ တောသဘာဝ၊ တောရွာ ယဉ်ကျေးမှုတွေကလည်း သူတို့ဆီမှာတွေ့ရတယ်။ ဒီရက်ကန်း ပညာရပ်ကြောင့် ပညာတတ်တွေ အများကြီး မွေးထုတ် ပေးနိုင်ခဲ့တယ်။ သားသမီးတွေကို ဒီပညာတွေနဲ့ ကျောင်းထားနိုင်ခဲ့တယ်။ ဒါဟာ ဘယ်လိုမှ ငြင်းလို့မရတဲ့ အနုပညာ ဖန်တီးမှု တစ်ရပ်ဆိုရင်လည်း မမှားပါဘူး။ နည်းပညာနဲ့ အတတ်ပညာကို ပေါင်းစပ် ပုံဖော်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက်ဟာ တစ်ရက်ကို ပုဆိုးတစ်ထည်မှ တစ်နဲ့တစ်ဝက်လောက်ကို ပြီးအောင် ရက်နိုင်ခဲ့ကြတယ်။ ဒါဟာ မရိုးနိုင်တဲ့ ဝါဘိုရဲ့အတတ်ပညာ ဖန်တီးမှု တစ်ခုပါ ပဲ။
တစ်ချိန်တုန်းက နိမ့်ကျ ဆင်းရဲခဲ့ပေမယ့် သားသမီးတွေကို မြေတောင် မြှောက်ပေးနိုင်ခဲ့တာ ဒီပညာရပ်ကြောင့်ပဲဆိုတာ သက်သေအ ထင်အရှားပါပဲ။ ကျေးရွာအနီးက မဟာဓာတ်အားလိုင်း မီးကြိုးတွေ ဖြတ်သန်းသွားပေမယ့် ကျေးရွာမှာ မီးမရ၊ နေဝင်ရင် ရေနံဆီမီးခွက်၊ ဖယောင်းတိုင်မီး၊ ဆိုလာမီးတွေကို အသုံးပြုပြီး ကလေးငယ်တွေ စာကျက် စာဖတ်ခဲ့ရတယ်။ ဒါဟာ မိဘတွေရဲ့ကြိုးစား အားထုတ်မှု၊ သားသမီးတွေ အပေါ်မှာ ပေးဆပ်မှု ဆိုရင်အနှိုင်းမဲ့ပါဘဲ။ ရွာလယ်လမ်း ကောင်းကောင်းမရှိ၊ ကွန်ကရစ်လမ်း မမြင်ဘူး၊ ကတ္တရာလမ်း ဆိုရင် အိပ်မက်တောင် မဖက်ဖူးပေမယ့် ပညာရေးမှာတော့ ဝါဘိုကျေးရွာဟာ ခပ်ညံ့ညံ့ထဲမှာ မပါဘူးလို့လည်း သိပါတယ်။ ရိုးသား၊ ကြိုးစား၊ ဒီအချိန်မှာ လမ်းတွေ ကောင်းအောင် လုပ်ပေးသူတွေကိုမှ မဲပေးချင်ကြတဲ့ ရွာသားတွေရဲ့ဆန္ဒကလည်း မှားမှာ မဟုတ်ပါဘူး။ဘက်ပေါင်းစုံ နိမ့်ကျနေတဲ့ ရွာကလေးဟာ ကားလမ်းနဲ့ တိုက်ရိုက် မပေါက်ဘဲ ရာတန်ကျေးရွာ ကနေ လှေစီးပြီး သွားရတဲ့ဘဝ။ ပျော်ရာမနေ ရပေမယ့် တော်ရာမှာ နေကြရတယ်ဆိုပေမယ့် ဘဝကို အရှုံးမပေးဘဲ ရုန်းကန်ကြသူတွေ ဖြစ်ပါတယ်။
အမွေအနှစ်ကို ရွှေအဖြစ်အသုံးချပြီး မိသားစု ဝင်ငွေ ရအောင် ရှာတတ်ကြတဲ့ တစ်ရွာလုံးရဲ့ ဆန္ဒကလည်း မသေးလှ။ အခုအချိန် မှာဆိုရင် အရင်းအနှီး မရှိရင်လည်း မပူရ တော့ပေ။ ချည်လုံးတွေ လာပေးပြီး ရက်လုပ်တဲ့ လုပ်အားခကို ရအောင် လုပ်ယူနိုင်ခဲ့ပြီလို့လည်း သိရပါတယ်။ ရက်လုပ်ပြီးတာနဲ့ ချည်ပိုင်ရှင်တွေက သတ်မှတ်ထားတဲ့ တန်ဖိုး ဈေးဖြတ်ပြီး ဝယ်ယူသွားကြတယ်။ ချည်မပေးဘဲ ရက်လုပ်ရင်တော့ ချည်ပေးတာထက်ပိုပြီး ဈေးကောင်းရတယ်။ မြို့ပေါ်တက် ရောင်းစရာ မလိုဘူးလို့လည်း ဆိုကြပါတယ်။ကိုယ့်ရွာ ကိုယ့်ဇာတ် အလုပ်တွေ အဆင်ပြေလာကြတဲ့ သဘောလို့ ဆိုရမှာပေါ့လေ။
တကယ်တော့ စစ်တွေမြို့နယ်ထဲမှာ ဒီလိုမျိုး ရက်ကန်း ရက်တဲ့ ရွာတွေရှိပေမယ့် ဝါဘိုရွာလို ဇွဲမရှိ၊ ပညာကို မမြတ်နိုး၊ အတတ် ပညာအပေါ် အလေးမထားတော့ တချို့ရွာတွေမှာဆို အနည်းအကျည်းလောက် လာ ရက်လုပ်ကြတယ်လို့လည်း သိရပါတယ်။ ကံ့ကော်ကျွန်း၊ ကျားမသောက်၊ သိန်းတန်၊ ရာတန် အစရှိတဲ့ ကျေးရွာတွေမှာလည်း ရက်လုပ်ကြတာ ရှိပေမယ့် ဝါဘိုမှာ ရက်လုပ်တဲ့ ရက်ကန်းစင်လောက် မများလို့လည်း ဆိုကြပါတယ်။ ရက်ကန်းဟာ ဝါဘိုကျေးရွာရဲ့ ပြယုဂ် တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်တော့ ခေတ်ကာလတစ်ခုရဲ့ တိုးတက် ပြောင်းလဲမှုအောက်မှာ ရက်ကန်း ရက်လုပ်တဲ့ အလုပ်တွေ ပျောက်ကွယ် လာခဲ့တာလည်း ရှိတယ်။ ချည်းသား စောင်တွေ ရက်လုပ်ခဲ့ပေမယ့် ခေတ်ပေါ် စောင်တွေကို ခုံမင် လာကြတာကြောင့် စောင် ရက်လုပ်တဲ့ အလုပ်တွေ ပျောက်ကွယ် လာတာလို့လည်း ပြောဆိုကြပါတယ်။
ဒါပေမဲ့ ဘယ်လောက်ပဲ ခေတ်တွေ ပြောင်းလဲပြောင်းလဲ ရက်ကန်း အလုပ်ကို ခုံမင် တွယ်တာစွာ လုပ်ကိုင်ကြတဲ့ ဝါဘို ကျေးရွာသူ ကျေးရွာသားတွေရဲ့ အမွေအနှစ်ကို ထိန်းသိမ်းတဲ့စိတ်၊ ရခိုင့်ရိုးရာ လက်မှု ပညာတစ်ခုကို စောင့်ရှောက်တဲ့ စိတ်ဟာ မွန်မြတ်လေးစား အတုယူဖွယ် ကောင်းလှပါကြောင်း…..။