မြို့ဘုရားပွဲ

မြို့ဘုရားပွဲ
Published 4 October 2015
ဝဏ္ဏ (မိတ္တီလာ)

ဒီနှစ်မိတ္ထီလာ ဖောင်တော်ဦး ဘုရားပွဲ ကျင်းပမှာလား ဆိုတဲ့ မေးခွန်းက ဘုရားပွဲချိန် ရောက်ပြီဆိုလျှင် မြို့ကလေးက လူတွေ ကြားမှာ ရေပန်းစားလို့ နေသည်။နှစ်စဉ် ကျင်းပနေကျ ဆိုသော်လည်း မိတ္ထီလာအရေး အခင်းကြောင့် မကျင်းပနိုင်တာ နှစ်နှစ် ရှိခဲ့ပြီမို့ ဒီနှစ်တော့ အစဉ်အလာအတိုင်း သေသေချာချာ ကျင်းပဖို့ မြို့သူမြို့သားတွေက ဆန္ဒ ရှိနေကြသည်။ မိတ္တီလာမြို့လူထုက ဒီနှစ်တော့ လုံခြုံရေး စိတ်ချသင့်သလောက် စိတ်ချရပြီမို့ အစဉ်အလာမပျက် ဘုရားပွဲ ကျင်းပစေလိုချိန်တွင် သတင်းစာ မျက်နှာများမှာ မြို့လေးရဲ့ ဖောင်တော်ဦး ဘုရားပွဲကို နှစ်စဉ် ကျင်းပ နေကျအတိုင်း စည်ကား သိုက်မြိုက်စွာ ကျင်းပမယ်လို့ ဖော်ပြ ပါရှိချိန်မှ စတင်ပြီး  မြို့လူထုက ဖောင်တော်ဦး ဘုရားပွဲချိန်ကို မျှော်လင့်လို့ နေလေပြီ၊

“၂၀၁၃ ခုနှစ်က  မိတ္ထီလာမှာ ပဋိ ပက္ခဖြစ်ခဲ့တော့ ဖောင်တော်ဦး ဘုရားပွဲ မကျင်းပနိုင်ခဲ့ဘူး။၂၀၁၄ ကျတော့ အဲဒီအငွေ့ အသက်လေးတွေ ပါလာနိုင်တော့ လုံခြုံရေးအရ ဘုရားပွဲ မလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ် ၂၀၁၅ ကျတော့  ဘုရားပွဲ စည်စည်ကားကား ဖြစ်အောင် သက်ဆိုင်ရာ အဖွဲ့တွေကလည်း အားလုံး ပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ လုံခြုံရေးအနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ မြို့ပေါ် (၁၄) ရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးတွေ ပါမယ်။ မြို့မိမြို့ဖတွေနဲ့ဆို အင်အား (၃၀၀)လောက်နဲ့ ဘုရားပွဲ လုံခြုံရေး လုပ်ပါမယ်။ ဖောင်တော်ဦးဘုရားပွဲ လှေပြိုင်ပွဲကို အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း သုံးမျိုးခွဲပြီး အစဉ်အလာအတိုင်း ကျင်းပမယ်။ ပျော်ပွဲ ရွှင်ပွဲနဲ့ ဈေးဆိုင်ခန်းတွေပါပဲ။ ဇာတ်ပွဲတော့ မပါဘူး။ လမ်းပိတ်ဆို့မှုနဲ့ ပျက်ဆီးမှု မရှိအောင် မိတ္ထီလာကန်ရဲ့ အရှေ့ဘက်မှာ ဆိုင်ခန်း (၄၀၀)ကျော်၊ ကန်ရဲ့အနောက်ဘက်မှာ ဆိုင်ခန်းပေါင်း (၅၀၀) လောက်ခင်းပါမယ်။ စုစုပေါင်းဆိုင်ခန်း (၉၉၃) ခန်း ခင်းကျင်း ရောင်းချပြီး ကိုးရက်ကြာ ကျင်းပပါမယ်”ဟု မိတ္ထီလာမြို့ သမိုင်းဝင် ကရဝိက် ဖောင်တော်ဦး ဘုရားဂေါပက ဥက္ကဋ္ဌ ဦးဝင်းက ပြောပြသည်။
မိုးအကုန် ဆောင်းအကူး ရာသီ အကူးအပြောင်းပေမယ့် အပူဒဏ်၊ မိုးဒဏ်ကို မမှုနိုင်ဘဲ ဘုရားပွဲ ရက်တွေမှာ ဒေသခံ လူထုက ဘုရားပွဲတော်ဆီကို ချီတက်လို့ လာလေပြီ။ ဒေသတွင်း မြို့ရွာများမှာ အစည်ကားဆုံး ဘုရားပွဲ၊ အပျော်ရွှင်ရဆုံး ဘုရားပွဲမို့ အဖိတ်နေ့နှင့် လပြည့်ရက် တွေမှာတော့ အစည်ကားဆုံးအဖြစ်နဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့လေသည်။ အဝေးရောက် ထီလာသားတို့ကလည်း ဖောင်တော်ဦး ဘုရားပွဲ ဒီနှစ်ဖြစ်တယ်ဆိုတဲ့ အသံတွေကြားမှာ ပြန်မလာနိုင်ပေမယ့် လူမှုကွန်ရက်တွေမှာ ဓာတ်ပုံတွေ ရှာကြည့်ကြ၊ ဝေမျှကြနဲ့ ဘုရားပွဲတော်ကို ဆင်နွှဲလို့ နေကြသည်။
“သူငယ်ချင်းရေ ကန်စောင်းက အကြော်ဆိုင်က လူစည်သေးလား၊ အာပူလျှာပူလေးသောက်ပြီး ဘုရားပွဲ လည်ကြရအောင်၊ ဒီနှစ်ရဟတ်က အရင်နေရာ မဟုတ်တော့ဘူးဆို၊ ဘယ်ရွှေ့သွားလဲ၊ ဘုရားပွဲတွင်းက မုန့်သိုင်းခြုံဆိုင်ကော စားဖြစ်လား၊ မုန့်လင်မယားနဲ့ ရေမုန့် စားချင်တယ်ကွာ၊ ကောက်ညှင်းပေါင်း ပူပူလေး စားရရင် အာဂပါးစပ် လူဖြစ်ကျိုးနပ်ပါပြီ”ဆိုတဲ့ ကနေဒါရောက် သူငယ်ချင်းတစ်ယောက်ရဲ့ ဖောင်တော်ဦး အလွမ်းသံမှာ မြန်မာ့ရိုးရာ အစားအစာတွေ ဖုံးလွှမ်းနေသည်။

တော်သလင်းနေရောင် အောက်မှာ လှေပြိုင်ပွဲ စောင့်ကြည့်သူတွေနဲ့ မိတ္ထီလာ ကန်ပေါင်တစ်လျှောက် စည်ကားလို့နေသည်။ လှေပြိုင်ပွဲ စောင့်ကြည့်သူတွေ နေပူထဲ စောင့်ကြည့်နေဆဲမှာပင် ပြိုင်လှေတစ်စီးက တာထွက်ပြီး နစ်မြုပ်သွားသဖြင့် ပရိသတ်များမှ ငိုအားထက် ရယ်အား သန်ကြရ သည်။ “တရားရေးရဲ့အထက်မှာ ဘယ်သူရှိလဲတော့ မသိဘူး၊ ငါတော့ အုပ်ချုပ်ရေး အထက်မှာ ရောက်နေတယ်၊ ခု ငါ ခရိုင်အုပ်ချုပ်ရေး ရုံးဘေးက ရဟတ်ပေါ်မှာ ရောက်နေတာ လေ”ဆိုတဲ့ ရွှင်မြူးဖွယ် အသံတွေကိုလည်း မြို့လေးရဲ့ ဘုရားပွဲမှာ ကြားရနိုင်ပါသည်။

မြို့နေလူထုက ဘုရားပွဲကို ညဘက်မှာ လည်လေ့ရှိပြီး ကျေးလက်လူထုက ဘုရားပွဲကို နေ့ဘက်မှာ လည်ပတ်လေ့ ရှိတယ်လို့ ယေဘုယျ သတ်မှတ်ထားပေမယ့် တရုတ်ဆိုင်ကယ်တွေ တန်ခိုးနှင့် ကျေးလက် လူထုကလည်း ညဘက်မှာပါ ဘုရားပွဲ ဆင်နွှဲလို့နေကြသည်။ ကန်ပေါင်ပေါ်မှာ လျှောက်ရင်း လှေပြိုင်ပွဲကို ငေးရင်း ဘုရားပွဲ ၊နေ့၊ ညတို့မှာ လမ်းမတစ်လျှောက် ဘုရားပွဲလာ ပရိသတ်တို့နှင့် စည်ကားလို့နေသည်။
“ဒီနှစ် ဘုရားပွဲက အရင် နှစ်တွေလို မဟုတ်ဘဲ ဈေးတန်းကို နှစ်နေရာ ခွဲခင်းတော့ ကားသိပ်မကျပ်တော့ဘူး၊ အရင်တုန်းကဆို ညပိုင်း အဝေးပြေးကားတွေ  ဘုရားပွဲ ဈေးသည်တွေနဲ့  အန္တရာယ် များတယ်၊ ဒီနှစ်ကစပြီး အဝေးပြေးလမ်းမပေါ်မှာ ဈေးဆိုင်ခန်း မခင်းတော့ ကားကျပ် တော်တော် သက်သာသွားတယ်၊ ကလေးတွေကို ဘုရားပွဲလိုက် လည်ပေးနေတာ၊ ပွဲဈေးက နှစ်နေရာ ဖြစ်နေတော့ လျှောက်ရတာ ကိုယ်တော့ တော်တော်ညောင်းနေပြီ၊ ကလေးတွေကတော့ ဘုရားပွဲဇောနဲ့ ဆိုတော့ သိပ်မသိသာဘူး၊” ပွဲခင်းထဲမှာ နှုတ်ဆက်ဖြစ်တဲ့ ရတနာမာရ်အောင် သားတစ်ယောက်ကလည်း ဘုရားပွဲ အတွေ့အကြုံကို ပြောပြသည်။
မလှိုင် စန်းသီတာမှာ ဓာတ်ပုံရိုက်သူတွေ ၊မုန့်သိုင်းခြုံဆိုင်မှာ မုန့်ဝယ်နေသူတွေ ပင်လယ်ဓားပြ စီးဖို့ စောင့်ဆိုင်းနေသူတွေ၊ ရဟတ်စီးဖို့ စောင့်ဆိုင်းနေသူတွေ နဲ့ ပွဲခင်း တစ်လျှောက် လမ်းမကတော့ စည်ကားလို့နေသည်။ “ဒီနှစ်က မျှော်မှန်း ထားသလောက် မရောင်းရဘူး၊ အစည်ဆုံး အချိန် နှစ်ရက်လုံး ညနေပိုင်း မိုးရွာချလိုက်တော့ ဈေးသည်တွေ ထင်သလောက် မဟုတ်ဘူး၊ ဈေးဆိုင်ခန်းက ဈေးကြီးပေမယ့် ကိုယ်က လမ်းပေါ်ခင်းတဲ့ လူဆို တော့ ပွဲပြီးတာနဲ့ ဆိုင်ခန်း ဖျက်ပေးရတော့မှာ” လို့လည်း ဖောင်တော်ဦး ဘုရားပွဲ ဈေးသည်က တော့ပြောပြသည်။

“ကျွန်မတို့ ဖောင်တော်ဦး လာလည်တာ ရွာက သုံးဘီးစီးပါတယ်၊ နေ့ခင်း ဘုရားပွဲ လည်ပြီး ညဖိုးချစ်ပွဲ ဆက်ကြည့်မယ်၊ ဖိုးချစ်က ဗလာပွဲမို့ ကြည့်နိုင်တာ၊ လူကြီးစရိတ်နဲ့ ကလေးတွေ သေနတ်ဖိုးတင် ငွေတစ်သောင်း အေးအေးကုန်နေပြီ” လို့ ကလေးနှစ်ယောက် လက်ဆွဲပြီး ဘုရားပွဲလည်နေတဲ့ ကျေးလက်က အမေအိုက ရှင်းပြသည်။  ဒီမိုးဒီလေနဲ့ ဘုရားပွဲ စည်ပါ့မလားဆိုတဲ့ အတွေးအဆုံးမှာ မိုးတိတ်ချိန် ရောက်တော့  ဘုရားပွဲရှိရာဆီ သုံးဘီးနဲ့တစ်ဖုံ ခြေလျင်တစ်သွယ်၊ ဆိုင်ကယ်နဲ့တစ်မျိုး ဘုရားပွဲ ပရိသတ်က ချီတက်လို့ လာလေပြီ၊ ကန်ရေပြင်ထက်က လှိုင်းက တငြိမ့်ငြိမ့် စီးဆင်းလို့ နေလေသည်။ ဟိုးတစ်ဖက် ဘုရားပွဲ ဈေးဆိုင်တန်းများဘက်မှ သီချင်းသံက လေအသင့်မှာ တိုးလိုက်ကျယ်လိုက် ဖြစ်လို့နေသည်။ မိတ္ထီလာ ဖောင်တော်ဦး ဘုရားတစ်လျှောက် ဘုရားပွဲ ဈေးဆိုင်တန်း များမှာတော့ ဈေးသည် ဈေးဝယ်တွေက ကြိတ် ကြိတ်တိုးလို့ တစ်နှစ်တစ်ခါ ဘုရားပွဲကို ပျော်ရွှင်စွာ ဆင်နွှဲလို့ နေကြလေသည်။

Most Read

Most Recent