သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ ရှိလဲ

သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ ရှိလဲ
Published 3 October 2015

မေမြင့်မိုရ်
လောလောဆယ်တော့ မော်ဒယ်ရှိုးတွေ၊ မင်္ဂလာဝတ်စုံ ပြပွဲတွေမှာ ပါဝင်ဖြစ်ဖို့ရှိမယ်။ ဇာတ်လမ်းတွဲလည်း ဆက်ရိုက်ဖို့တော့ ရှိပါမယ်။ ဇာတ်ကားတွေလည်း ရိုက်ဖို့ ပြောထားတာတွေ ရှိတယ်။ အဓိက,ကတော့ ညီမနဲ့လိုက်မယ့် ဇာတ်ကောင်စရိုက်မျိုးလေးတွေ ရွေးပြီး လက်ခံ ဖြစ်သွားမယ်။ ပြက္ခဒိန်တွေလည်း ရိုက်ဖို့ ရှိပါမယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ လေ့လာစရာတွေကတော့ အများကြီးပါပဲ။ မေမြင့်မိုရ် လိုအပ်တာတွေကို လေ့လာ သင်ယူနေဆဲပါ။ နောက်ထပ်လည်း အများကြီး လေ့လာဖို့တွေ  လိုအပ်နေပါသေးတယ်။
လွှမ်းပိုင်

လောလောဆယ်တော့ နယ်တွေမှာ ရှိုးတွေ ဆက်တိုက် ဆိုဖြစ်နေတယ်။ အခုနှစ်က နယ်ပွဲများတယ်လေ။ အောက်တိုဘာလထဲမှာလည်း ပြည်နဲ့ မကွေးမြို့တွေမှာ သွားဆိုဖို့ရှိမယ်။ သီတင်းကျွတ် လပြည့်နေ့မှာလည်း ရန်ကုန်မှာလုပ်မယ့် ဟစ်ဟော့ပ်ရှိုးမှာ ပါဝင်ဖြစ်ပါမယ်။ ပွင့်လင်းရာသီကတော့ ရှိုးတွေပဲ ဆက်တိုက်ရှိနေပါမယ်။ ကျွန်တော့်ရဲ့ ဂီတစာဆို လွှမ်းပိုင် ဒီဗွီဒီလည်း ရိုက်တာ တော်တော် ပြီးနေပါပြီ။ ဒီနှစ်ကုန်ပိုင်းလောက် ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ရှေ့လထဲမှာပဲ ဘိုဘို အင်တာတိန်းမန့်က စီစဉ်တဲ့ ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်ဖို့ရှိမယ်။ ကျွန်တော်ရယ်၊ ရဲရင့်အောင်ရယ် မင်းသမီးကတော့ ဖွေးဖွေးနဲ့ပါ။ ကျွန်တော် ရိုက်ထားတဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ထွက်ပါတော့မယ်။ ပရိသတ်တွေလည်း ကျွန်တော် သရုပ်ဆောင် ထားတာတွေကြည့်ပြီး ဝေဖန်ပေးကြပါဦးလို့ ပြောချင်ပါတယ်။
နွေးနုနုနိုင်

လတ်တလောတော့ နွေးနု ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ သွားတာကတော့ အောက်တိုဘာ ၅ ရက်နေ့ ညပိုင်းမှာ သွားဖြစ်မှာပါ။ မြန်မာကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် နွေးနုအများကြီး ကြိုးစားခဲ့မှာပါ။ တာဝန်လည်း ကြီးပါတယ်။ Talent အတွက်လည်း ရှမ်းတိုင်းရင်းသား အကကို ပြင်ဆင်ထားပါတယ်။
ဘုဏ်းသိုက်

လတ်တလောကတော့ ကြော်ငြာလေးတွေ ရိုက်ဖို့ရှိမယ်။ ပြက္ခဒိန် ရာသီဆိုတော့ ကျွန်တော်နဲ့ ချမ်းချမ်းနဲ့ နှစ်ယောက်တွဲ ပုံတွေ ရိုက်ပေးဖို့ရှိမယ်။ ဗွီစီဒီတွေမှာ သရုပ်ဆောင်ပေးဖို့တွေလည်း ရှိပါတယ်။ ဝါကျွတ်ဆိုတော့ မင်္ဂလာဝတ်စုံ ပြပွဲတွေလည်း လုပ်ဖို့ရှိကြတော့ ကျွန်တော်တို့ ဇနီးမောင်နှံကို လျှောက်ပေးဖို့ ပြောထားတာတွေလည်း ရှိတယ်။ အနုပညာကို ဝါသနာပါတဲ့ သူအနေနဲ့တော့ အနုပညာနဲ့ ပတ်သက်လို့ ကိုယ်လုပ်နိုင်သလောက် လုပ်နေမှာပါပဲ။ ဘယ်လို အခွင့်အရေးပဲ ရရပေါ့လေ။ ဇာတ်ကားတိုတွေလည်း ဆက်ရိုက်ဖြစ်မှာပါ။ တကယ်တမ်း ဝါသနာပါတာ လုပ်ချင်တာက သရုပ်ဆောင်တစ်ယောက် ဆိုပေမယ့် ကျွန်တော် လုပ်ခွင့်ရတဲ့ အနေအထားနဲ့က အဆင်မပြေတာတွေ ရှိနေတော့ တခြား ကျွန်တော် လုပ်တတ်တဲ့ အနုပညာအလုပ်တွေ လုပ်ဖြစ်တဲ့ အနေနဲ့ ဇာတ်ကားတိုတွေ ရိုက်ဖြစ်တာပါ။မိသားစု အတွက်လည်း ပုံမှန်တော့ အချိန်ပေး ဖြစ်ပါတယ်။
အိနုဝေ

အိနု သွားရောက် ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲမှာ အတွေ့အကြုံတွေ အများကြီးရပါတယ်။ နိုင်ငံပေါင်း  ၉၀ ကျော်က လာပြီး ပြိုင်ကြတာဆိုတော့ သူ့နိုင်ငံအကြောင်း ကိုယ့်နိုင်ငံအကြောင်း အကုန်လုံးကို ဝေမျှခွင့် ရခဲ့ပါတယ်။ အိနု အကောင်းဆုံးတော့ ကြိုးစားပြီး ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုမရတဲ့အတွက် စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ အခုပြန်လာတော့ အနုပညာ လုပ်ငန်းတွေ ဆက်လုပ် ဖြစ်နေပါတယ်။ မော်ဒယ်ရှိုးတွေ လျှောက်ဖို့ရှိမယ်။ ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းထားတာတွေလည်း ရှိပါတယ်။ အနုပညာ လုပ်ငန်းတွေမှာပဲ ကြိုးစားသွားပါမယ်။
အိမ့်ချစ်

လတ်တလောတော့ နယ်ခရီးတွေပဲ ထွက်ဖြစ်နေပါတယ်။ အင်းလေးဘက်မှာ ရှိုး ဆိုပြီး ပြန်လာတာပါ။ မန္တလေးမှာ ရှိုးသွားဆိုဖို့ ရှိမယ်။ ပွင့်လင်းရာသီမှာတော့ ရှိုးအကြီးတွေ ဆိုဖို့ရှိပါမယ်။ အောက်တိုဘာလထဲမှာ တစ်ပွဲဆိုဖို့ရှိမယ်။ နိုဝင်ဘာမှာ နှစ်ပွဲဆိုဖို့ရှိပါမယ်။ ပြည်ပပွဲကတော့ ရှေ့လထဲမှာစ င်ကာပူမှာ ဆိုဖို့ ပြောထားတာ ရှိပါတယ်။ ဖေဖေနဲ့နှစ်ယောက်တွဲပွဲကတော့ ရက်ရွှေ့ထားပါတယ်။ တတိယစီးရီးကိုလည်း စပြီး လုပ်နေပါပြီ။ ၂၀၁၆ သင်္ကြန်မတိုင်ခင်မှာ အခွေ ထွက်နိုင်အောင် ကြိုးစားသွားပါမယ်။
ခင်ဆုရည်

ဆီဒိုးနား ဟိုတယ်မှာလုပ်တဲ့  မင်္ဂလာဝတ်စုံပြပွဲမှာ My Dream Wedding Fashion & Studion၊ မိတ်ကပ်မေဦးမောင်နဲ့ Star & Model Int’l တို့ပြုလုပ်တဲ့မှာ Wedding Show မှာ မြန်မာဝတ်စုံနဲ့ သတို့သမီးအရံအဖြစ် ပါဝင်ခဲ့ပါတယ်။ လောလောဆယ် ကာယ ကြံ့ခိုင်မှု ပြိုင်ပွဲတွေတော့ ဝင်မပြိုင် ဖြစ်သေးပါဘူး။Gym နှစ်ခုကကြော်ငြာအတွက် ကမ်းလှမ်းထားတာ ရှိပါတယ်။ ရှေ့လျှောက်လည်း Star & Model Int’l Agency နဲ့လက်တွဲပြီးတော့လည်း အနုပညာအလုပ်တွေ ဆက်လုပ်သွားဖြစ်ပါမယ်။ Gym မှာတော့ အမြဲသွားပြီး လေ့ကျင့်ဖြစ်နေပါတယ်။ မော်ဒယ်ရှိုးတွေလည်း လျှောက်ဖြစ်ဖို့ရှိပါဦးမယ်။ အေဂျင်စီရဲ့ လမ်းညွှန်မှုအတိုင်းပဲ ဆက်လုပ်ဖြစ်သွားမှာပါ။
ဒါရိုက်တာ အောင်မြတ်
လတ်တလောကတော့ ဗွီစီဒီလေးတွေ ရိုက်ဖြစ်နေတယ်။ ကျွန်တော်က သီချင်းတစ်ပုဒ်ချင်းစီတိုင်းကို မရိုက်ခင် Story Book ပြင်ဆင်ပြီးမှ ရိုက်ဖြစ်တာဆိုတော့ အခုလည်း ရိုက်တဲ့သီချင်းလေးတွေကို အချိန်ယူပြီး ရိုက်ကူးဖြစ်နေတာပါ။ ထပ်ပြီး ရိုက်ကူးဖို့ ကျန်နေတဲ့ သီချင်းလေးတွေလည်း ရှိပါသေးတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ရုပ်ရှင်ကားကြီးကတော့ နိုဝင်ဘာလထဲမှာ စပြီးရိုက်ကူးရမှာပါ။ တောင်ကြီး တန်ဆောင်တိုင် မီးထွန်းပွဲတော်မှာ သွားရိုက်ဖို့အတွက် စီစဉ်ထားပါတယ်။ ပထမဆုံး ကားကြီးဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားနေပါတယ်။

Most Read

Most Recent