ကမ္ဘာ့အကြီးဆုံး Logos Hope ရေပေါ် စာအုပ်သင်္ဘောသို့ လာရောက်ကြည့်ရှုသူ များပြား

ကမ္ဘာ့အကြီးဆုံး Logos Hope ရေပေါ် စာအုပ်သင်္ဘောသို့ လာရောက်ကြည့်ရှုသူ များပြား
Published 3 October 2015

ကမ္ဘာ့အကြီးဆုံး Logos Hope ရေပေါ် စာအုပ်သင်္ဘောသည်  မြန်မာနိုင်ငံ၊ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် အောက်တိုဘာ ၃ ရက်မှ ၁၄ ရက်အထိ ၁၂ရက်ကြာ ဆိုက်ကပ်ထားမည်ဖြစ်ကာ  မည်သူမဆို တက်ရောက် လေ့လာနိုင်ကြောင်း သတင်း ရရှိပါသည်။    Logos Hope ရေပေါ် စာအုပ်သင်္ဘောသည် အောက်တိုဘာ၂ ရက်တွင် အလုံအပြည်ပြည်ဆိုင်ရာ သင်္ဘောဆိပ်ကမ်းသို့ ဆိုက်ကပ်မည်ဖြစ်ပြီး အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီတွင် ဖွင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်ကာ သင်္ဘောပေါ်တွင် စာအုပ် ပြပွဲများ၊ ရောင်းချပွဲများ၊ မှတ်တမ်းရုပ်ရှင် ဇာတ်ကားများ၊ ကလေးများနှင့် သင်္ဘောပေါ်သို့ လာရောက် လည်ပတ်သူများအတွက် အခြား ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များ ပါဝင်ကာ ဝင်ကြေး အခမဲ့ဖြင့် သွားရောက် လည်ပတ်နိုင်ကြောင်း သိရသည်။Logos Hope ရေပေါ် စာအုပ်သင်္ဘောပေါ်တွင် အမျိုးအစားပေါင်း ၅၀၀၀ ကျော် ပါဝင်သည့် အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ် ထုတ်ဝေထားသည့် စာအုပ်များကို အနည်းဆုံး မြန်မာငွေ ၂၄၀၀ ကျပ်မှ စတင်ကာရောင်းချပေးလျက်ရှိပြီး အမှတ်တရ ပစ္စည်းများအဖြစ် သင်္ဘောပုံ ပါဝင်သည့် ရုပ်ပုံများ၊ ပြက္ခဒိန်များ၊ စတေကာများနှင့် အခြားအမှတ်တရ ပစ္စည်းများကို မြန်မာငွေကျပ် ၆၀၀ မှစတင်ကာ အမှတ်တရ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။“ကလေးတွေ ကျောင်းပိတ်ရက်နဲ့ တိုက်ဆိုင်တာနဲ့ မြန်မာနိုင်ငံကို ပထမဆုံးလာတဲ့ စာအုပ်သင်္ဘောပေါ်ကို ပို့ပေးဖြစ်တာပါ။ ကလေးတွေအကြိုက် စာအုပ်တွေလည်း အများကြီးရှိပြီး ဈေးနှုန်းကလည်း သင့်တင့်တဲ့ လက်လှမ်းမီတဲ့ ဈေးနှုန်းတွေ ဖြစ်တာကြောင့် အဆင်ပြေပါတယ်။ ကလေးတွေလည်း စာအုပ်စာပေကို စိတ်ဝင်စားစေတာပေါ့” ဟု Logos Hope ရေပေါ် စာအုပ်သင်္ဘောသို့ လာရောက်လည်ပတ်သူ ဒေါ်ကေခိုင်က ပြောပြခဲ့သည်။မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည့် Logos Hope ရေပေါ် စာအုပ်သင်္ဘောသည် ယခုနှစ်အတွင်း အရှေ့တောင်အာရှ နိုင်ငံများကို အဓိကထား လှည့်လည်နေခြင်းဖြစ်ကာ ရန်ကုန်ခရီးစဉ် ပြီးစီးပါက သီရိလင်္ကာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ယခု ၂၀၁၅ ခုနှစ်အတွင်း ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုးရီးယား၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ အစရှိသည့် နိုင်ငံများကို သွားရောက်ခဲ့ပြီး လာမည့် ၂၀၁၆ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံများသို့ သွားရောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။Logos Hope ရေပေါ် စာအုပ်သင်္ဘောသည် စာပေအရင်းအမြစ် ပြန့်ပွားစေရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ခြင်းနှင့် ရင်းနှီး ချစ်ကြည်စေရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ လှည့်လည်သွားလာကာ အမျိုးအစားပေါင်း ၅၀၀၀ ကျော်သည့် စာအုပ်များကို သင့်တော်သည့် ဈေးနှုန်းများဖြင့် ရောင်းချခြင်း၊ ဆိုက်ကပ်ရောက်ရှိရာ နိုင်ငံများအလိုက် ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းတို့ကို ပြုလုပ်လျက်ရှိသည့် ရေပေါ် စာအုပ်သင်္ဘောဖြစ်ကြောင်း သိရသည်။

Most Read

Most Recent