Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် တိုက်ခိုက်ခံရမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသော အမျိုးသားနှစ်ဦးအား ဗဟန်းမြို့နယ် တရားရုံးတွင် အောက်တိုဘာ ၂ ရက်က ခြောက်ကြိမ်မြောက် ရုံးချိန်းအဖြစ် စစ်ဆေးခဲ့ပြီး အဓိကတရားခံဖြစ်သော စရဖ သန်းထိုက်အောင်အား ဖမ်းမမိသေးကြောင်း သိရသည်။အဆိုပါရုံးချိန်းတွင် ယင်းအမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားလိုအဖြစ် နာမည်တင်သွင်းခံထားရသော ဦးထိန်လင်း၏ တရားလိုပြသက်သေအဖြစ်သာ အစစ်ဆေးခံရန် လျှောက်ထားမှုကို မြို့နယ်တရားသူကြီးက လက်ခံခဲ့ပြီး ဦးထိန်လင်းအား လာမည့် အောက်တိုဘာ ၁၆ ရက်၊ နံနက် ၁၁ နာရီတွင် စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။“ပြစ်မှုဆိုင်ရာမှုခင်းတွေမှာ နိုင်ငံတော်က တရားလိုပဲပေါ့။ တရားစွဲအဖွဲ့အစည်းက တင်ပြထားတဲ့ ရဲစွဲချက်မှာလည်း လိုပြသက်သေအမည်စာရင်း အကုန်လုံးတန်းစီ ဖော်ပြထားတယ်။ အဲဒီတော့ ဦးထိန်လင်းက သတင်းပေး တိုင်ကြားတဲ့သူလည်းဖြစ်တယ်။ ကျန်တဲ့ သက်သေတွေကို လိုပြသက်သေအနေနဲ့ စစ်မယ်။ နောက်တစ်ချိန်ကျရင် လိုပြသက်သေအနေနဲ့ ဦးထိန်လင်းကို စစစ်မယ်" ဟု တရားခွင်တွင် ဗဟန်းမြို့နယ် တရားသူကြီးက ပြောကြားခဲ့သည်။ယခင် ငါးကြိမ်မြောက်ရုံးချိန်းတွင် အထွေထွေမန်နေဂျာ ဦးထိန်လင်း၏ တရားလိုပြသက်သေအဖြစ်သာ စစ်ဆေးခံရန် လျှောက်ထားမှုကိစ္စကို မြို့နယ်ဥပဒေအရာရှိမှ ပြစ်မှုဆိုင်ရာအမှုများနှင့် ပတ်သက်၍ တရားစွဲဆိုသည့် ကိစ္စများ၌ နိုင်ငံတော်မှ တရားလိုအဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမှုတွဲအတွင်း ပါဝင်သည့်သူများမှာလည်း သက်သေများဖြစ်ကြောင်း၊ ပထမဦးဆုံး သတင်းပေးတိုင်ကြားသူ တရားလို ဦးထိန်လင်းအနေဖြင့် ၎င်းသတင်းပေးချက်ကို သက်သေခံတင်သွင်းရန် လိုအပ်သဖြင့် သက်သေအဖြစ် လာရောက် အစစ်ခံရခြင်းဖြစ်ကြောင်း၊ သတင်းပေး တိုင်တန်းချက်ကိုလည်း သက်သေခံအဖြစ် တင်သွင်းရန်လိုအပ်သည့်အပြင် ယခုအမှု၌ တရားလို ဦးထိန်လင်းမှာ သတင်းပေးသူနေရာတွင် လက်မှတ်ရေးထိုး တိုင်ကြားထားသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် တရားလို ဦးထိန်လင်းအား တရားလိုပြသက်သေအဖြစ် စစ်ဆေးခွင့်ပြုပါရန် ဗဟန်းမြို့နယ် တရားသူကြီးထံ တင်ပြလျှောက်ထားခဲ့သည်။ဦးထိန်လင်းက တရားရုံးသို့ လျှောက်ထားသောစာတွင် ဗဟန်းရဲစခန်းမှ တာဝန်ရှိသူများက အခင်းဖြစ်နေရာသို့ ရောက်ရှိလာရာတွင် ကျွန်တော် ဦးထိန်လင်းက ရဲစခန်းတာဝန်ရှိသူများကို မြင်တွေ့ကြားသိရသည့် အချက်အလက်များကို ပြောပြခဲ့ကြောင်း၊ တာဝန်ရှိသူများက ရေးမှတ်ကာ လက်မှတ်ထိုးခိုင်းသဖြင့် လက်မှတ်ရေးထိုးခဲ့ရခြင်းဖြစ်ကြောင်း ပါရှိသည်။ဒေါက်တာသန်းထွဋ်အောင် တိုက်ခိုက်ခံရမှုတွင် တတိယပါဝင်သူအဖြစ် ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ အမှတ်(၁) တပ်မတော် စစ်ဘက်ရေးရာလုံခြုံရေးအကူတပ် (ရန်ကုန်)မှ သန်းထိုက်အောင်ဖြစ်ကြောင်း သိရပြီး ယင်းနှင့်ပတ်သက်၍ အဆိုပါ စစ်တပ်မှသာ တာဝန်ယူ ဖမ်းဆီးစစ်ဆေးမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ်တရားရုံးသို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။၎င်းနှင့် ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးနေသော ရလဒ်အခြေအနေကိုမှု ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းများမှ ယနေ့အချိန်ထိ ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ “ကျွန်တော်တို့အနေနဲ့ သန်းထိုက်အောင်ကို ဖမ်းမိပြီလား၊ မမိသေးဘူးလားဆိုတာ သိချင်တယ်။ အရင်တစ်ခေါက် ရုံးချိန်းမှာတော့ ရဲတွေပြောနေတာကြားတာတော့ မိပြီလို့လည်း ကြားတယ်။ ဘာမှ ရေရေရာရာ မသိရဘူးဖြစ်နေတယ်။ ပြီးတော့ ဖမ်းမိတဲ့အခါကျရင်လည်း စစ်တပ်ကပဲ စစ်ဆေးမယ်ဆိုတော့ ကျွန်တော့်သားအတွက် နစ်နာပါတယ်။ ကျွန်တော့်သားက ကားငှားလို့ လိုက်လာရတာ။ ဘာမှလည်း မသိဘူး” ဟု ရန်နိုင်(ခ)တီကောင်၏ ဖခင်ဖြစ်သူက ပြောကြားသည်။ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီဝန်းကျင်က ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်း၊ မင်းလမ်း မှတ်တိုင်အနီး ဖြစ်ပွားခဲ့သော Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် အား အမျိုးသားငါးဦးပါဝင်သောအဖွဲ့မှ ကုန်းသီးဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင် ၁၄ ရက် ညပိုင်းနှင့် ဇူလိုင် ၁၅ ရက် နံနက်ပိုင်းတို့တွင် ကျူးလွန်ရာ၌ ပါဝင်သော မျိုးမြင့်အောင် (ခေါ်) စပိုက်ဒါနှင့် ရန်နိုင် (ခေါ်) တီကောင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ယင်းနောက်အမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိဘဲ ကျူးလွန်ရာတွင် ပါဝင်သော အခြားသူများကိုလည်း ထပ်မံဖမ်းဆီးရမိခြင်း မရှိတော့ဘဲ ဇူလိုင် ၁၈ ရက်နှင့် ဇူလိုင် ၂၀ ရက်တို့တွင် Eleven Media Group အနေဖြင့် စုံစမ်းသိရှိရသော အချက်အလက်များအရ ကျူးလွန်ရာတွင် သန်းထိုက်အောင်ဆိုသူ ပါဝင်ကြောင်း ရဲတပ်ဖွဲ့ကို သတင်းပေးပို့ခဲ့ရသည်။ ယင်းနှင့်ပတ်သက်၍ သြဂုတ် ၁၁ ရက် က အမှုအား ဒုတိယအကြိမ် ရုံးထုတ်ခဲ့ရာတွင် CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံခဲ့သူများအနက် တတိယတရားခံဖြစ်သူ သန်းထိုက်အောင်မှာ အမှတ်(၁)တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအကူတပ် (ရန်ကုန်)မှ ဖြစ်ကြောင်း အမှုစစ်မြို့နယ်တရားသူကြီး က ပြောကြားသည်။ထို့ပြင် သန်းထိုက်အောင်ကို ဖမ်းဆီးရမိရေးနှင့် စစ်ဆေးခြင်းကို စစ်တရားရုံးက ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်ကို တပ်မတော် မှ တရားရုံးသို့ အကြောင်းပြန်စာ ပေးပို့ခဲ့ကြောင်း သိရသည်။ ဗဟန်းမြို့နယ်တရားရုံးတွင် ဖမ်းဆီးရမိထားသူ နှစ်ဦးအား ပြစ်မှုကြီးအမှတ် ၃၅၄/၁၅၊ ပုဒ်မ ၄၄၀/၁၄၄ ဖြင့် အမှုဖွင့် ရမန်ယူထားခြင်းဖြစ်ပြီး ဇူလိုင် ၂၈ ရက်တွင် ဗဟန်းမြို့နယ် တရားရုံး၌ စတင်ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော့်ကို တိုက်ခိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အဓိကဖမ်းရမယ့် စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) က ဒုတပ်ကြပ် သန်းထိုက်အောင်ကို ခုထိ ဖမ်းမမိသေးပါဘူး။ ဒါနဲ့ပတ်သက်လို့လည်း ဘယ်လိုအခြေအနေရှိတယ်ဆိုတာ အခုအထိ တရားဝင် သတင်းမထုတ်ပြန်ဘူး။ ရန်ကုန်မြို့ လူမြင်ကွင်းမှာ ဥပဒေမဲ့ ကျူးလွန်ရာမှာ စရဖက တပ်ဖွဲ့ဝင်တစ်ဦးပါဝင်ခဲ့တဲ့အပေါ် ဖမ်းဆီးရမိခြင်း ရှိ မရှိနဲ့ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်နိုင်ဖို့ တပ်မတော်နဲ့ စရဖမှာ တာဝန်ရှိတယ်။ ကျွန်တော့်ကို ဒီလိုလုပ်လို့ ပြောတာမဟုတ် ပါဘူး။ ခုလိုမြို့လယ်ခေါင် လူမြင်ကွင်းမှာ ဥပဒေမဲ့လုပ်ဆောင်တဲ့နေရာမှာ စရဖက လူ ပါဝင်နေတဲ့အပေါ် အလျှော့ပေးမှာမဟုတ်ဘူး။ ၂၀၀၄ ခုနှစ်က ဥပဒေကို ကျော်လွန်လုပ်ဆောင်ခဲ့လို့ တပ်မတော်က ဖျက်သိမ်းခဲ့ရတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့လိုမျိုး အခု စရဖက ဖြစ်သွားမှာကို မလိုလားဘူး။ ဒါကြောင့် စရဖက သန်းထိုက်အောင်နဲ့ စစ်ထောက်လှမ်းရေးလို ဥပဒေအထက်မှာရှိနေတဲ့ သူ့နောက်ကွယ်က တာဝန်ရှိသူတွေကို ဖမ်းဆီးအရေးယူပေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တရားဝင်တောင်းဆိုပါတယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားသည်။
EMG ၏ CEO တိုက်ခိုက်ခံရမှုတွင် ပါဝင်မှုဖြင့် ဖမ်းဆီးထားသူ နှစ်ဦးအား ခြောက်ကြိမ်မြောက် ရုံးထုတ်၊ အဓိကတရားခံဖြစ်သော စရဖမှ သန်းထိုက်အောင်အား ဖမ်းမမိသေး















