ပျောက်ကွယ်တော့မှာလား ရက်ကန်းသံ

ပျောက်ကွယ်တော့မှာလား ရက်ကန်းသံ
Published 2 October 2015
နှင်းဝေေ၀နွယ်

မြန်မာနိုင်ငံမှာ ခေတ်မီတဲ့ စက်မှုလက်မှု လုပ်ငန်းတွေ တဖြည်းဖြည်း ပေါ်ထွက်လာချိန်မှာတော့ မြန်မာ့လက်မှုရိုးရာတွေ တဖြည်းဖြည်း ပျောက်ကွယ်လာနေပါပြီ။ ဒီလို ပျောက်ကွယ်နေပြီဖြစ်တဲ့ လုပ်ငန်းတွေ ထဲကမှ မြန်မာ့ရိုးရာ အထည်လုပ်ငန်းဖြစ်တဲ့ ရက်ကန်းလုပ်ငန်း အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။မြန်မာနိုင်ငံမှာ ရှေးရိုးရာမပျက် ရက်ကန်းရက်လုပ်တဲ့ နေရာဒေသတွေ အများအပြား ကျန်နေပါသေးတယ်။ ယင်းဒေသတွေထဲကမှ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့က ရက်ကန်းလုပ်ငန်းတွေ အကြောင်းကို တင်ပြ ပေးချင်ပါတယ်။ပခုက္ကူမြို့မှ ရက်ကန်းလုပ်ငန်းကိုတော့ တစ်ခေတ်တစ်ခါ စီးပွားဖြစ် ရက်ကန်းရက်တာ အိမ်တိုင်းလိုလိုပါ။ ပခုက္ကူမြို့က ရက်ကန်းအဆင်နဲ့ ရက်ကန်းထည်တွေက မြန်မာနိုင်ငံမှာ နာမည်ကြီး ရက်ကန်းထည်တွေထဲက တစ်ခု အပါအဝင်လည်း ဖြစ်ပါတယ်။ သို့ပေမဲ့ အခုဆိုရင် ပခုက္ကူမြို့မှာ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူတွေ ရှားပါးလာနေပါပြီ။ပျောက်ကွယ်စ ရက်ကန်းလုပ်ငန်းရက်ကန်းလုပ်ငန်း ပျောက်ကွယ်လာရတဲ့ အဓိက အကြောင်းအရင်းကတော့ ရက်ကန်းရက်သမ ရှားပါးလာခြင်းပါပဲ။ ဒါတင် မကသေးပါဘူး။ပခုက္ကူ မြို့ပြင်နားမှာ အထည်ချုပ်စက်ရုံ အလုပ်ရုံတွေ ပေါ်ထွက်လာမှုကြောင့် အလုပ်သမ ငှားရမ်းမှု ရှားပါးနှုန်းက မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းကို လူတွေနဲ့ အဝေးကို တွန်းပို့လိုက်သလိုပါပဲ။ အလုပ်သမား ရှားပါးမှုကြောင့် မျိုးရိုးအစဉ်အဆက် လုပ်လာတဲ့ ရက်ကန်းလုပ်ငန်းကိုနားပြီး တခြားသော စီးပွားရေး ပြောင်းလုပ်သူများ၊ နိုင်ငံရပ်ခြားသွား စီးပွားရှာသူများနဲ့ ပခုက္ကူမြို့က ရက်ကန်းသံ ပျောက်ကွယ်နေတာ ကြာနေပြီဖြစ်သည်။“အရင်ကတော့ အဘွားတို့ ရက်ကန်းရက်တယ်။ နောက်အလုပ်သမားက ငှားရခက်တော့ ရက်ကန်းစင်တွေကို ပြန်ရောင်း။ သားတွေကလည်း နိုင်ငံခြားမှာဆိုတော့ ရက်ကန်းလုပ်ငန်း မလုပ်တော့တာ တောင်တော်တောင် ကြာနေပါပြီ” ဟု အသက် ၆၀ အရွယ် ဒေါ်ဆန်းက ပြောကြားသည်။ဒါ့အပြင် မျိုးဆက်သစ် လူငယ်များကို ရက်ကန်းရက်နည်း ပညာအမွေပေးမှု နည်းပါးသွားခဲ့ပြီး တခြားသော လုပ်ငန်းများကိုသာ ပြောင်းလဲ လုပ်ကိုင်နေကြကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဟိုတစ်စ ဒီတစ်စ ကျန်ရစ်နေသေးသည့် ရက်ကန်းလုပ်ငန်းတချို့သော အိမ်တွေမှာတော့ ရက်ကန်းစင် တစ်လုံး၊ နှစ်လုံး ရှိနေပါသေးတယ်။သူတို့ ရက်ကန်းလုပ်ငန်း ဆက်လုပ်နေတာက အလုပ်သမားငှားတာ အဆင်ပြေလို့ မဟုတ်ပါဘူး။ ကိုယ်တိုင်ကိုယ်ကျ တစ်နိုင်တစ်ပိုင် ရက်လုပ် နေရလို့ပါလို့လည်း ပြောကြပါသေးတယ်။ကချင်ထည် ပခုက္ကူရက်ကန်းကချင်ထည် ပခုက္ကူရက်ကန်းရဲ့ အဓိပ္ပာယ်ကတော့ ကချင်ပြည်နယ်က အထည်ကိုယ်စားလှယ်တွေက ပခုက္ကူမြို့က ရက်ကန်း ရက်လုပ်သူတွေကို ကချင်အဆင်တွေမှာပြီး ရက်လုပ်ခိုင်းတာပါ။ တစ်လတစ်ကြိမ်၊ နှစ်လတစ်ကြိမ် ပခုက္ကူမြို့က ရက်လုပ်ပြီးတဲ့ အထည်တွေကို ကိုယ်စားလှယ်တွေက လာရောက် သိမ်းဆည်းပါတယ်။ သူတို့ စိတ်ကြိုက် အဆင်တွေကို ယက်လုပ်ပေးနေရပြီး ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ကချင်ထည် တချို့တစ်ဝက်ကို ပခုက္ကူက ရက်လုပ်တာလို့လည်း သိရပါသေးတယ်။ ကိုယ်ပိုင် အဆင်ပျောက်ကွယ်သွားတဲ့ ပခုက္ကူမှာတော့ ကချင်ပြည်နယ်က စိတ်တိုင်းကျ အဆင်တွေကိုသာ ယက်လုပ်နေရပေမယ့် လက်သုတ်ပဝါတွေကိုတော့ သူတို့ကိုယ်ပိုင်ဒီဇိုင်းနဲ့ ရက်လုပ်နေကြတုန်းပါ။ရက်ကန်းထည်တန်ဖိုးနဲ့ တစ်ထည်ကြာချိန်ရက်ကန်းထည် တစ်ထည်ကို အရင်း ကျပ် ၁၄၀၀၀ ရင်းရပြီး ရက်ကန်း သမများကို အထည်တစ်ထည်ပြီးပါက ကျပ် ၆၀၀၀ ပေးရကြောင်း သိရပါတယ်။ ဈေးကွက်ထဲမှာတော့ ကချင်ထည်ဆိုပြီး ကျပ် ၂၅၀၀၀ နဲ့ ပြန်လည် ရောင်းချကြပါတယ်။ ရက်ကန်းတစ်ထည်ကိုတော့ သုံးရက်ခွဲ အချိန်ယူ ရက်လုပ်ရတယ်လို့လည်း သိရပါသေးတယ်။ရက်ကန်းလုပ်ငန်း ပျောက်ကွယ်လာရခြင်း နောက်ထပ် အကြောင်းအရင်းမှာလည်း သုံးရက်နေလို့မှ တစ်ထည်ပြီးပြီး လုပ်ခလစာ နည်းပါးမှု၊ အိမ်တွင်း တစ်နေကုန် ကိုယ်လက်အနာခံပြီး ရက်လုပ်ရခြင်း၊ ပြင်ပဗဟုသုတနဲ့ ဝေးကွာနေရခြင်း၊ အထည်ချုပ် စက်ရုံများတွင် လုပ်ခလစာ တစ်သိန်းကျော် ရရှိခြင်း စတဲ့အချက်တွေကြောင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။ဒါကြောင့် အခုဆိုရင် ပခုက္ကူမြို့မှာ ရက်ကန်းသံတွေကို ဆူဆူညံညံ မကြားရတော့ဘဲ ဟိုတစ်စ၊ ဒီတစ်စနဲ့သာ ခပ်ယဲ့ယဲ့လေး ကြားနေရပါတယ်။ နောင်နှစ်ပေါင်း ကြာသွားခဲ့မယ်ဆိုရင် ရက်ကန်းရက်တတ်သူ ရှားပါးပြီး ရိုးရာ လက်လုပ်အထည်တွေ နေရာကို Ready Made အဝတ်အထည်တွေ အစားထိုး ဝင်လာမလားဆိုတာတော့ မခန့်မှန်းရဲသလောက်ပါ။ရက်ကန်းထည်တွေကို ရက်လုပ်ရတဲ့ ကြာချိန်၊ အသုံးပြုရတဲ့ ချည်မျှင်၊ ယက်လုပ်တဲ့ အလုပ်သမား ရှားပါးခြင်း၊ အသေးစိတ်ကျကျ သပ်သပ်ရပ်ရပ် ယက်လုပ်ရတဲ့အတွက်ကြောင့် ဈေးကွက်အတွင်းမှာ ရောင်းချတဲ့ ချည်ထည်၊ နှစ်တစ်ရာထည်၊ ပိုးထည်တွေရဲ့ ဈေးနှုန်းက စက်နဲ့ရက်လုပ်တဲ့ စက်ရက်ကန်းထက် ဈေးအနည်းငယ် ပိုများနေပါတယ်။ဒါ့ကြောင့် မြန်မာနိုင်ငံက လက်မှုအထည်တွေထက် စက်မှုအထည်တွေ ဝင်ရောက် ရောင်းချလာနေကြတာပါ။ သို့ပေမဲ့လည်း မြန်မာအမျိုးသမီးတွေ အနေနဲ့က ကိုယ့်ရိုးရာ အထည်တွေကို ဝတ်ဆင် အားပေးနေကြတာ ဒီနေ့ထိ တိုင်ပါပဲ။ ဈေးနှုန်းသင့်တင့် မျှတတဲ့ ချည်ထည် အဝတ်အထည်လေးတွေကလည်း နိုင်ငံရဲ့ ရာသီဥတုနဲ့အညီ ကိုက်ညီတာကြောင့် အားပေးမှု လျော့ကျမသွားပါဘူး။ ဒီလိုလက်နဲ့ ရက်လုပ်လိုက်တာနဲ့ အဝတ် တစ်ထည် ဖြစ်သွားအောင် လုပ်နိုင်တဲ့ ရက်ကန်းစင်နဲ့ ရက်ကန်းထည်တွေ တိမ်မြုပ်သွားခြင်း မရှိရင် မြန်မာ့ရိုးရာ လက်လုပ်အထည်တွေကလည်း တိမ်မြုပ်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာ့ရိုးရာနည်းပညာတွေကို နောင်လာနောက်သားတွေ ထိန်းသိမ်း လက်ဆင့်ကမ်းနိုင်ပါစေလို့ ဆုတောင်းမိပါတယ်။

Most Read

Most Recent