လေဒီဂါဂါကို ၂၀၁၅ ခုနှစ် သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး အဆိုတော်အဖြစ် Billboard မဂ္ဂဇင်းက ရွေးချယ်

လေဒီဂါဂါကို ၂၀၁၅ ခုနှစ် သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး အဆိုတော်အဖြစ် Billboard မဂ္ဂဇင်းက ရွေးချယ်
Published 1 October 2015

အဆိုတော် လေဒီဂါဂါကို ၂၀၁၅ ခုနှစ် သြဇာလွှမ်းမိုးမှု အရှိဆုံးအမျိုး သမီးအဆိုတော်အဖြစ် ရွေးချယ်ခဲ့သည်ဟု Billboard မဂ္ဂဇင်းက ထုတ် ပြန်ခဲ့သည်။
ဂရမ်မီဆုရ အဆိုတော် လေဒီဂါဂါသည် ဒီဇင်ဘာ ၁၁ ရက်တွင် နယူးယောက်ရှိ Cipriani Midtown ၌ပြုလုပ်မည့် အမျိုးသမီး ဂီတပွဲတွင် အဆိုပါ ဂုဏ်ပြုဆုကို လက်ခံရယူမည်ဖြစ်သည်။
“ဂီတနယ်ပယ်တွင် ဦးဆောင်မှု၊ ပင်ကို စွမ်းရည်ရှိမှု၊ ပရဟိတ လုပ်ဆောင်မှု၊ ဂီတအတွက် တီထွင် ဖန်တီးမှုနှင့် လူသန်းပေါင်းများစွာကို စေ့ဆော်နိုင်မှု စသည့်အချက်များကြောင့် ဂါဂါကို ၂၀၁၅ ခုနှစ်အတွက် သြဇာ လွှမ်းမိုးမှု အရှိဆုံး အဆိုတော်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်” ဟု Billboard က ထုတ်ပြန်ခဲ့သည်။
‘‘ဒီနှစ် ပေါ့ပ်နယ်ပယ်မှာ လေဒီဂါဂါလောက် လွှမ်းမိုးနိုင်တဲ့ အမျိုးသမီး အဆိုတော် မရှိပါဘူး။၂၀၁၅ ခုနှစ် အော်စကာ ဆုပေးပွဲမှာလည်း ဖျော်ဖြေခဲ့တယ်။ တိုနီဘန်နက်နဲ့ တွဲပြီး ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေ လုပ်ခဲ့တဲ့အပြင် လူငယ်တွေအတွက် ဖောင်ဒေးရှင်းတစ်ခု ထူထောင်ပေးပြီး ပရဟိတတွေ လုပ်ပေးခဲ့တယ်။ ဒါ့အပြင် ရုပ်သံ ဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ကောင် အဖြစ်လည်း ပါဝင် သရုပ်ဆောင်ခဲ့တယ်”ဟု Billboard ထုတ်ပြန်ခဲ့သည်။
အသက် ၂၉ နှစ်အရွယ်ရှိ ဂါဂါသည်  ကောလိပ်ကျောင်းများတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအကြောင်း မှတ်တမ်း ရုပ်ရှင် ပုံစံ ရိုက်ကူးထားသည့် Til It Happens to You သီချင်းဗီဒီယိုနှင့် သီချင်းကို ယခုလတွင် ဖြန့်ချိခဲ့သည်။
ယင်းသီချင်းရောင်းချမှု၏ အကျိုးအမြတ်များကို လိင်ပိုင်းဆိုင်ရာ စော်ကားခံရသူများအား အကူအညီပေးသည့် အဖွဲ့အစည်းများကို လှူဒါန်းမည်ဟု ဂါဂါက ပြောကြားခဲ့ သည်။
ဂါဂါ၏ ပွဲဦးထွက် ရုပ်သံဇာတ်လမ်းတွဲ American Horror Sory ကို အောက်တိုဘာ ၇ ရက်တွင် စတင် ထုတ်လွှင့်မည်ဖြစ်သည်။ လေဒီဂါဂါသည် အယ်လ်ဘမ်သစ်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ၂၀၁၆ ခုနှစ်တွင် ဖြန့်ချိရန် စီစဉ်ထားသည်ဟု ယခုလတွင် ပြောကြားခဲ့သည်။
ယခုနှစ် အမျိုးသမီး ဂီတပွဲတော်တွင်  ဂီတနယ်ပယ်၌ သြဇာ လွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး ၅၀ ကိုလည်း ဂုဏ်ပြုဆု ချီးမြှင့်မည်ဖြစ်သည်။ တေလာဆွစ်ဖ်၊ ပင့်ခ်၊ ကေတီပယ်ရီနှင့် ဘီယွန်းစေးတို့သည်လည်း Billboard မဂ္ဂဇင်း၏ သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး အဆိုတော်အဖြစ် ရွေးချယ်ခံရဖူးသည်။

Most Read

Most Recent