လှိုင်မြို့နယ်တွင် NLD လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပုံပါ မဲဆွယ် စည်းရုံးရေး ကြော်ငြာ ဆိုင်းဘုတ် ဖျက်ဆီးခံရပြီး ဒဂုံမြို့သစ ်အရှေ့ပိုင်းမြို့နယ်NLD ရပ်/ကျေး အောင်နိုင်ရေးရုံး ခဲဖြင့်ထုခံရ

လှိုင်မြို့နယ်တွင် NLD လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပုံပါ မဲဆွယ် စည်းရုံးရေး ကြော်ငြာ ဆိုင်းဘုတ် ဖျက်ဆီးခံရပြီး ဒဂုံမြို့သစ ်အရှေ့ပိုင်းမြို့နယ်NLD ရပ်/ကျေး အောင်နိုင်ရေးရုံး ခဲဖြင့်ထုခံရ
Published 30 September 2015
ကျော်ဇင်ဝင်း၊ မင်းသိန်းနိုင်

ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပုံပါ မဲဆွယ် စည်းရုံးရေး ကြော်ငြာ ဆိုင်းဘုတ်တစ်ခု ဖျက်ဆီးခံရပြီး ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်/ကျေး အောင်နိုင်ရေး ရုံးသည်လည်း ခဲဖြင့် ထုခံရကြောင်း သတင်းရရှိသည်။
အဆိုပါ ဖျက်ဆီးခံရသည့် ဆိုင်းဘုတ်မှာ လှိုင်မြို့နယ် (၁၂) ရပ်ကွက် အောင်ဓမ္မ ရိပ်သာလမ်း အဝင်တွင် စိုက်ထူထားခြင်း ဖြစ်ပြီး ယင်းဆိုင်းဘုတ်ကို စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက စိုက်ထူ ခဲ့ခြင်းဖြစ်ကာ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ဖျက်ဆီး ခံခဲ့ရခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးထက်အောင်မင်းက ပြောကြားသည်။
“ဗွီနိုင်း ဆိုင်းဘုတ်က တစ်မြို့နယ်လုံး ၁၄ ခု ထောင်ပြီးသွားပြီ။ ဒီတစ်ခုပဲဖြစ်တာ။  မနေ့က ညနေ ၅ နာရီ လောက်မှာ ထောင်တယ်။  ည ၂ နာရီလောက်ထိ ကျွန်တော်တို့ သိတဲ့သူတွေကို စုံစမ်းကြည့်တော့ ည ၂ နာရီ လောက်အထိ အကောင်းအတိုင်း ရှိသေးတယ်။ မနက် ၅ နာရီလောက်မှာ (၁၂) ရပ်ကွက်က ကျွန်တော်တို့ ဥပဒေ အထောက်အကူ ပြုအဖွဲ့က တာဝန်ခံ အမျိုးသမီး လမ်းလျှောက်တော့မှ ဆုတ်ပြဲနေတာကို တွေ့ရ တာ”ဟု ဦးထက်အောင်မင်းက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ တိုင်ကြားထားခြင်း မရှိသေးဘဲ မည်သို့ ဆောင်ရွက်မည်ကို လတ်တလောတွင် မြို့နယ် ဥပဒေ အထောက်အကူပြု အဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောကြားသည်။
“ကျွန်တော်တို့ကတော့ သန့်သန့်ရှင်းရှင်းနဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို ပြပြီးတော့ လူထုဆီက မဲတောင်းခံသင့်တယ်လို့  ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီလိုမျိုးတွေ ကြုံရမယ်လို့ တွေးတော့ တွေးထားတာပေါ့” ဟု လှိုင်မြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ကျော်ဦးက ပြောကြားသည်။
အလားတူ စက်တင်ဘာ ၂၇ ရက်က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်  ၁၂၅ ရပ်ကွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်/ကျေး အောင်နိုင်ရေး ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဝင်းသည် အောင်နိုင်ရေးရုံး၌ အသံချဲ့စက်ပစ္စည်း များအား စောင့်ဆိုင်းနေစဉ် လူငယ်ငါးဦးသည် ယင်းလမ်းပေါ်မှ လမ်းလျှောက်လာပြီး ပါတီ အောင်နိုင်ရေး ရုံးရှေ့အရောက်တွင် “ထု၊ ထု”ဟု ပြောဆိုပြီး ငါးဦးထဲမှ နှစ်ဦးက ခဲဖြင့် တစ်ယောက် တစ်ချက်စီထုပြီး ထွက်ပြေးသွားကြောင်း သိရသည်။အဆိုပါ အောင်နိုင်ရေးရုံးခန်းအား ခဲဖြင့်ထုသည့်ဖြစ်စဉ်ကို ရဲစခန်းသို့ တိုင်တန်းခဲ့ပြီး ဒဂုံအရှေ့မြို့မရဲစခန်းက (ပ)၅၆၆/ ၁၅ ပြစ်မှု ပုဒ်မ ၃၃၆/၁၁၄ ဖြင့် စက်တင်ဘာ ၂၉ ရက်တွင် အမှုဖွင့်ကာ လူငယ်နှစ်ဦးအား အရေးယူရန် ဆောင်ရွက်လျက ်ရှိကြောင်းသိရသည်။
NLD ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် (၂) မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်မောင်က” ဒီ ဖြစ်စဉ်ကိုတော့ ကျွန်တော်က မျက်မြင်ကိုယ်တွေ့ တွေ့တာတော့ မဟုတ်ပေမယ့် အဲဒီ လူငယ်နှစ်ဦးကိုတော့ သိထားတယ်။ အဲဒီ ၁၂၅ ရပ်ကွက် ထဲကတော့ မဟုတ်ဘူး။ သူတို့ကို နောက်ကွယ်က ခိုင်းစေတဲ့သူ ရှိ၊ မရှိကို လိုက်လံ စုံစမ်းနေပါတယ်။ အခုလို လုပ်တဲ့ လုပ်ရပ်ဟာ ကျွန်တော်တို့ပါတီရဲ imageကို အနည်းနဲ့အများ ထိခိုက်စေပါတယ်။ အဲဒါကြောင့် သေချာ စုံစမ်းပြီးရင်တော့ ထိထိရောက်ရောက် တရားစွဲဆိုဖို့ စီစဉ်ထားပါတယ်”ဟု ပြောကြားသည်။
ထိုကဲ့သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလောင်းပုံပါ ကြော်ငြာဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်း၊ မဲဆွယ် စည်းရုံးရေး ယာဉ်တန်းအား ခဲဖြင့်ထုခြင်း၊ မဲဆွယ် ဟောပြောမှု ပြုလုပ်နေစဉ် ပွဲအတွင်း ဝင်ရောက် နှောင့်ယှက်ခြင်း စသည့်ဖြစ်စဉ်များ  ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း သာပေါင်းမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ မလှိုင်မြို့နယ်၊ ဆားလင်းကြီး မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သည်။

Most Read

Most Recent