ကဆစ်သီး

ကဆစ်သီး
Published 29 September 2015
ကိုနေ(မန်း)

မနက်ခင်း လမ်းလျှောက် လဖက်ရည်ဆိုင် လျှောက်ရင်း အပြန်မှာ ပျံကျ ဈေးကွင်းကြီးထဲ လျှောက်ငေးတော့ ရှားရှားပါးပါး ကဆစ်သီးကလေးတွေကို တွေ့မိတယ်။ မကြာသေးခင် အားလပ်ရက်က အပြေးကလေး ရောက်ခဲ့တဲ့ အညာကျေးက ‘ဖိုးစ+အိုမိ’ အဖိုးအဖွားတို့ရဲ့ အညာရနံ့ကို ခံစားတွေ့ထိ သတိရမိပြန်တယ်။    
ကဆစ်သီးဟာ သခွားသေးသေး ကြယ်လိပ် ကလေးတွေနဲ့တူပြီး အညာ ယာတော စည်းရိုးတွေမှာ၊ ဝါခင်း နှမ်းခင်းတွေမှာ အလေ့ကျ ပေါက်တဲ့ မိုးခေါင်သီးလေးတွေပါ။ တောကြက်ဟင်းခါးတို့၊ ကင်းပုံတို့လိုပေါ့။ မိုးခေါင်ဒေသတွေမှာက အသီးအရွက် ရှားတယ်။ ဒီတော့ ဒီလို ရာသီဒဏ်ခံနိုင်တဲ့ အသီးတွေကို အညာမှာ မငတ်ပြတ်အောင် မိုးခေါင်စာ မိုးခေါင်သီးအဖြစ်နဲ့ ခူးလှောင်ထားတာ။ တချို့ မခူးသေးဘဲ အပင်လိုက် အနွယ်လိုက် နုတ်သိမ်းထားကြတာ။ ဒါမှ ကြာရှည်ခံပြီး အသီးက စိမ်းဝါဝါ၊ အရိုးဝါဝါ ရွက်ဝါဝါနဲ့ မြေနီ ယာခင်းပေါ်မှာ လှလှသေးတော့။ အညာဒေသ ချင်းအခေါ် ကွဲသလို အရွယ်လည်း ကွဲသား။  အညာဘက်က ကဆစ်သီးလို့ ခေါ်ပြီး မြေလတ်ကျတော့ ဖွတ်မသိန်လို့ ခေါ်ပြန်ရော။ အရသာလည်း ကွာရဲ့။ အပူပိုင်းက အလုံးသေးပြီး အချိုလေးတယ်။ မိုးများဒေသကျတော့ အလုံးကြီးပြီး ပေါ့တယ်။ ခါးသက်စပ်ရှား အချဉ်ဖက်ပြီး မကျည်း၊ ငရုတ်တို့နဲ့လည်း ထောင်းစားသေးရဲ့။ ခရမ်းချဉ် မီးဖုတ်၊ မြေပဲကြော်တို့နဲ့လည်း ထောင်းစားရဲ့။ အမဲသားနဲ့ ငပိချက်ချက် စားရင်တော့ အကောင်းဆုံးပဲတဲ့။ ဘာပဲပြောပြော ကဆစ်သီးဟာ ခေတ်အဆက်ဆက် မရိုးသေးတဲ့ အညာဗမာတွေရဲ့ ‘ဆင်းရဲမွဲတေမှု’ သင်္ကေတပါ။ မိုးခေါင်လို့  မွဲလို့ မရှိသုံးစားရတဲ့ ကဆစ်သီးကို မုန်းတယ်။
ကဆစ်သီးအကြောင်း သတိရစေမယ့်  ရှေးဗမာတွေအကြောင်း ရှေးအညာအကြောင်း ကလောင်အမည် ရွှေရိုးခေါ် ဆာဂျော့စကော့က ရေးခဲ့တယ်။ ‘‘ချမ်းသာကြွယ်ဝမှု ဆိုတာဟာ သူတို့ (ဗမာတောနေလူတန်းစား) အတွက်တော့ မလိုဘူး။ စိတ်မဝင်စားဘူး။ သူ့လယ်ကွင်း လယ်ကွက်တွေရိတ်ပြီး သိမ်းပြီးပြီဆိုတာနဲ့ သူ့မှာ ပူစရာဆိုလို့ အဲဒီ အားလပ်ချိန်တွေကို (နောက်မိုးမကျမီအထိ) ဘယ်လို ဖြတ်သန်းရမလဲ ဆိုတာပဲ။ အဲဒါကလည်း သိပ်မခက်ခဲပါဘူး။ သူ့မှာ ဆေးပေါ့လိပ်နဲ့ ကွမ်း အလုံအလောက်ရှိရင် ပြီးပြီ’’ လို့ ကလောင်အမည် ရွှေရိုးခေါ် ဆာဂျော့စကော့က ရေးခဲ့တယ်။

ဒီလို ရိုးရှင်းဖြူစင်တဲ့ ဗမာ့ဘဝမျိုးကို တန်ဖိုးထား လေးစားအားကျဖို့ ပျက်ကွက်တဲ့ သူတို့ရဲ့ အခြေကြီးလှတဲ့ အင်္ဂလိပ်လူမျိုးတွေ ကိုလည်း စာရေးဆရာက စထား နောက်ထား ပါသေးတယ်။
‘‘အင်္ဂလိပ် အကောင်းစား လူမျိုးကြီးများ လူကြီးလူကောင်း များအတွက် ဗမာတစ်ယောက်က အကောင်းဆုံး ဆုတောင်ပေးချင်တာကတော့ သူတို့တွေ အတိတ် ကံကောင်းရင် ပစ္စုပ္ပုန်မှာ ကောင်းတာလုပ်ရင် ကံ ကံ၏ အကျိုးအဖြစ် အနာဂတ်မှာ ဗုဒ္ဓဘာသာဝင်အဖြစ်နဲ့ မွေးဖွားလာဖို့ပါပဲ’’ လို့ ရွှေရိုးက ထေ့ပါတယ်။ ‘‘ပိုကံကောင်းရင် ဗမာတစ်ယောက် အဖြစ်နဲ့ မွေးလာမှာပါ’’ လို့လည်း ကွန့်လိုက်သေးတယ်။
စကော့က ဒါကိုမသိပါဘူး။ ဒါပေမဲ့ စကော့ရဲ့ ‘ဗမာ’ စာအုပ်က ဧရာမ ကသောင်းကနင်းကြီး ဖြစ်လုလု သို့မဟုတ် ဗမာပြည်ကြီး ချောက်ထဲကျဖို့ လက်နှစ်လုံးအလိုက နိုင်ငံတစ်နိုင်ငံရဲ့ အခြေအနေကို ဖော်ပြထား နိုင်ခဲ့တယ်။ ကူကယ်သူမဲ့ သီပေါဘုရင်က သူ့ရဲ့ မဟာရန်သူ အင်အားကြီး ကိုလိုနီ ဗြိတိသျှတို့နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ရွေးချယ်ထားတယ်။ အဲဒါကြောင့် မြန်မာ့သမိုင်းဟာ အချိုးအကွေ့ကြီး ဖြစ်ခဲ့သလို စကော့အဖို့လည်း ဘ၀ ကံကြမ္မာလမ်းကြောင်း အပြောင်းကြီး ပြောင်းခဲ့တယ်။
‘‘ဒီလိုနဲ့ နောက်ထပ် အဖြစ်ဆိုးကြီး စတင်ခဲ့တယ်။ နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ပွဲကြီး စတင်ခဲ့တယ်။ ၁၈၈၄ မှာ သီပေါရဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးရန်သူတွေနဲ့ ပြည့်နေတယ်။ ထောင်ဖောက်အောင် ဖန်တီးပြီး ထွက်ပြေးသူ လူ ၃၀၀ ခန့်ကို သတ်ဖြတ်ခဲ့တယ်။ အလောင်းတွေကို နန်းတော် ပြင်ပ မြို့ရိုး အပြင်ဘက်က ဧရာမတွင်းကြီး တွေထဲမှာ ပစ်ချထားတယ်။ အဲဒီမှာ ဘေးမဲ့ စည်းမဲ့ ဝက်တွေ သောင်းကျန်း ကျက်စားတဲ့ နေရာပေါ့။ အဲဒီ လူသတ်ပွဲကြီးကြောင့် ရန်ကုန်မှာ မငြိမ်မသက်မှု ဖြစ်ခဲ့တယ်။ အဲဒီက ကုန်သည် လူ့အဖွဲ့အစည်း ဘူဇွာတွေက အထက် မြန်မာနိုင်ငံကို ဗြိတိသျှ လက်အောက်သိမ်းပိုက်ဖို့ လှုံ့ဆော်နေကြပြီ။ နောက်ဆုံးတော့  ဘယ်လိုပဲဖြစ်ဖြစ် ဘုရင့်တော်ဝင် သစ်အခွန်တော်ကိစ္စနဲ့ ပေါက်ကွဲတော့တယ်။ သီပေါရဲ့ မငြိမ်မသက် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့အတွက် သစ်ကိစ္စကို အသုံးချတော့တယ်’’လို့ စကော့ကို ခြေရာခံပြီး ‘‘ဘောင်းဘီဝတ်သူများ’’ အမည်နဲ့ စာအုပ်မှာ အင်ဒရူးမာရှယ် ( ၂၀၁၄ ပူလစ်ဇာဆုရှင်) က ရေးခဲ့တယ်။
၁၈၈၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်စွဲနဲ့ ထိုစဉ် အိန္ဒိယဘုရင်ခံ လော့ဒ်ဒပ်ဖရင်ရဲ့ ဇနီးက သူမရဲ့ ဒိုင်ယာရီထဲမှာ ဒီလိုရေးခဲ့ တယ်။
‘‘ကျွန်မတို့ (၂၀-၁၀-၁၈၈၅) မနက် ၈ နာရီမှာ မနက်စာ စားတယ်။ မနက် ၈ နာရီ ၁၅ မိနစ်မှာတော့ ဘုရင်ခံက မြန်မာနိုင်ငံကို  စစ်ကြေညာကြောင်း အမိန့်စာကို လက်မှတ်ထိုးတယ်’’
နောက်ပြီးတော့ ၈ နာရီခွဲချိန်မှာတော့ မနက်စာ စားတဲ့ အခင်းအကျင်းတွေ အားလုံးကို သိမ်းဆည်း ရှင်းလင်းပြီးပါပြီ။ မြန်မာနိုင်ငံ တစ်ဝန်းလုံးဟာလည်း ဗြိတိသျှလက်အောက်ကို ကျရောက်သွားပါပြီ။ သို့မဟုတ် အဲဒီလို ဖြစ်သွားပုံပေါ်ပါပြီ။ ဗြိတိသျှအင်ပါယာ စစ်သင်္ဘောတွေက ဧရာဝတီမြစ်ကြောင်း တစ်လျှောက် အထက် မြန်မာနိုင်ငံကို ဆန်တက် ခုတ်မောင်းသွားပါပြီ။ မန္တလေးကို ၁၀၀၀ ပင်မပြည့်တဲ့ တပ်အင်အားနဲ့ သိမ်းပိုက်လိုက် ပါပြီ။ သီပေါရဲ့ နောက်ဆုံးဆောင်ရွက်ချက်ကတော့ မြန်မာသမိုင်း ပညာရှင်တစ်ဦးက ပြောဖူးတဲ့ ‘ဘောင်းဘီဝတ် သတ္တဝါတွေ’ ဆိုတဲ့ ဗြိတိသျှတို့ထံ လက်နက်ချ အညံ့ခံလိုက်ခြင်းပါပဲ။ ဝိတိုရိယ ဘုရင်မကြီးအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ၁၈၈၆ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့မှာ အထက် မြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။
မြန်မာတွေ အမျိုးသားနေ့ရယ်လို့ သတ်မှတ်ထားကြတဲ့ ပါတော်မူနေ့ မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့မှာ အင်္ဂလိပ် ကိုလိုနီဖြစ်ခဲ့တာဆိုတော့ ယခုနှစ်မှာ တိုက်တိုက်ဆိုင်ဆိုင် နှစ် ပေါင်း ၁၃၀ ပြည့်ပါပြီ။
အင်္ဂလိပ်က ဗမာပြည်ကို သိမ်းပိုက်ပြီးတဲ့နောက် သေနတ်ရယ်၊ သံလမ်းရယ်၊ သားရေ ဘောလုံးရယ်နဲ့ ဗြိတိသျှ နေမဝင်အင်ပါယာကို တိုးချဲ့တည်ဆောက်ဖို့ နယ်ချဲ့ စစ်အုပ်ချုပ်ရေး ဆေးခါးကြီးကို သကာဖုံးတဲ့ အရပ်ဘက် အုပ်ချုပ်ရေးကို မြေပြန့် တောင်ပေါ်တစ်လွှား ဖြန့်ကြက်ပါတော့တယ်။
၁၂၄၇ ပါတော်မူပြီးနောက် အင်္ဂလိပ်တွေက အာဏာစက်ကွင်း ချဲ့ထွင်ဖို့အတွက်  မီးရထား သံလမ်းတွေ တိုးချဲ့ တည်ဆောက်လာတယ်လို့  ထိုစဉ် ကလေးဘ၀ သာရှိသေးတဲ့ အဘွားအိုမိ ( အဖေ့ဘက်က အဖေရဲ့အမေ)က ပြောဖူးတယ်။ အဖွားအိုမိကို ၁၂၅၀ ကျော်မှာ မွေးတာဆိုတော့ ကျွန်တော့်အဖေ  ဦးဘကြူးကို မွေးတဲ့ ၁၂၉၇ မှာတော့ အရွယ်ကောင်း ၄၀ ခန့်ပါ။ ထိုအချိန်မှာ စကော့ပြောသလို ခြိုးခြံချွေတာပြီး မြေရှင်ယာရှင် အထက် အညာ ဗမာပုံစံကျ သူဌေးဖြစ်နေပြီ။ ထိုဘဝရောက်ဖို့ သူတို့ ဘယ်လိုရုန်းကန်ရသလဲ။
အဘွားအိုမိကိုယ်တိုင်က မြေရှင် သူဌေးသမီးပါ။ အဘွားရဲ့အဖေ ဦးသုခဟာ ရှေးပညာရှိ ဗမာကြီး ဖြစ်ပြီး ဘုန်းကြီးတွေကိုတောင် စာချနိုင်တဲ့ အဆင့်တဲ့။ အဖေကတော့ ကျွန်တော့်ကို ဦးသုခ ဝင်စားတာတဲ့။ဦးသုခက ဗမာလူလည် ဆိုတော့ အင်္ဂလိပ်ကိုတောင် ခေါင်းငုံ့မခံဘူး။ မီးရထားလမ်းဖောက်ဖို့ မြေယာ လျော်ကြေးတွေ နယ်ချဲ့အင်္ဂလိပ်က ထိုက်ထိုက်တန်တန် ပေးတယ်။ မြေသိမ်းတယ်ဆိုတဲ့ ဝေါဟာရဟာ အင်္ဂလိပ် အဘိဓာန်မှာ ပါပုံမရဘူး။ မြေယာ လျော်ကြေးပေးတော့ လူလည်ဦးသုခက သူ့ ဒုတိယတန်းစားမြေတွေကို ပထမတန်းစား အမည်ပေါက်အောင် လုပ်လိုက်ရော။ အင်္ဂလိပ် ဂျော့ဘုရင် ငွေဒင်္ဂါးတွေနဲ့ လျော်ကြေးကောင်းကောင်း ရတော့ နောက်ထပ်မြေယာတွေ အများကြီးပြန်ဝယ်ပြီး နယ်ချဲ့ကျေးဇူးနဲ့  မြေရှင်ကြီးဖြစ်ကရော။
မြေရှင် သူဌေးသမီး ဘွားအိုမိက အညတြ သူရင်းငှား ယာကူလီဘဝနဲ့ ရွာကိုရောက်လာသူ ပေါက္ကံသား ဦးမူက ပေါက်တဲ့ ဦးဖိုးစနဲ့ အိမ်ထောင်ကျတယ်။ လင်မယားနှစ်ယောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရုန်း ကန်ခဲ့ကြရတယ်။ စာရေးဆိုတဲ့ ဘူတာရွာနဲ့  ရွာထောင် ရထားစက်ခေါင်းရုံ ဘူတာ (ယခု ရုံပိုင် ခေတ်သစ် မဲဇာရောက် ကိုရဲသျှမ်း)က ခြေက်မိုင်လောက် ဝေးတာ။ အဲဒီလောက်နီးနီးမှာ ဦးဖိုးစနဲ့ ဘွားအိုမိတို့ ပိုင်တဲ့ ယာခင်းစု ကျယ်ကြီးရှိတယ်။ ဝေးလံပင်ပန်းစွာ ယာလုပ်ရပေမယ့် ထိုမြေယာကို သူတို့ အသက်လောက် ချစ်တယ်။ မိုးခေါင်လို့ ယာစရိတ်ရှုံးရင် ယာအပဲ့မခံဘူး။ ထိုမြေတစ်ကွက် သူ့အသက်တည့် ဆိုတာလို ထိုမြေတွေဟာ သူတို့ လင်မယားအဖို့ လော့ဒပ်ဖရင်က ဝိတိုရိယ ဘုရင်မကြီးကို နှစ်ကူးလက်ဆောင်ပေးတဲ့ တန်ဖိုးထက် မလျော့ပါဘူး။ထိုသို့ ‘ဖိုးစ + အိုမိ’ လင်မယား ကြိုးစားလို့ ‘‘ငါက အသက် ၂၆ နှစ်မှာ ဘုရား အစ်မဖြစ်တာ’’ လို့ အဘွားက လက်မထောင်နိုင်ခဲ့တာ။ အင်္ဂလိပ်ငွေဒင်္ဂါး ၁၀၀၀ အကုန်ခံပြီး ရဟန္တာကြီး ပေါ်တော်မူတဲ့ ကျောင်းရဲ့ တောင်ဘက်နားမှာ ဘုရားတည်နိုင်ခဲ့တာလို့ အဖေက ပြောဖူးတယ်။

ထိုခေတ်က အင်္ဂလိပ်က ဝါတွေကို ဘိလပ်ပို့ပြီး ချည်ထည်လုပ်ငန်း ကောင်းတော့ ဗမာရွာတွေ ဝါဂွမ်းတွေ အပြိုင်စိုက်ကြ ဈေးကောင်းရကြတယ်။ ခူးပြီး လှောင်ထားနိုင်ရင် ပိုကိုက်တာပေါ့။ ဈေးတက်မှ ထုတ်ရောင်းတာ ပိုရတာ။ ဖိုးစနဲ့ ဘွားအိုမိတို့လင်မယားဟာ ဝါ ၁၀၀၀ ဆွဲရသတဲ့။ ဝါတစ်ဆွဲမှာ ၁၂ ပိဿာခွဲ ပါတယ်။ ဘိလပ်ပို့ဖို့ ဝါဝယ်တဲ့ ကုလားတွေက ရာဇူ ချိန်ခွင်ကြီးတွေနဲ့ ချိန်ဝယ်ကြတာ။ ထိုဝါ ၁၀၀၀ ရတာကို အိမ်အောက်မှာ လှောင်သိမ်းပြီး ကျောက်တုံးတွေ ဖိသိမ်းထားတာ။ အပွန်းမခံဘူး။ ဈေးတက်မှ ထုတ်ရောင်းမှာ။ နေ့စဉ် မိသားစု ပါးစပ်ပေါက်တွေအတွက် ဝါလေကောက် ( ကောက်သင်းကောက်၊ အလေ့ကျ ကောက်ရောင်း)စားတယ်တဲ့။
‘‘မခင်ဌေးတို့များ အဲဒီလိုရရင် ဖော့အုန်းလက်တွေ၊ ရွှေခြေကျင်းတွေ၊ စိန်နားကပ်တွေ ဝယ်ဝတ်ပစ်မှာ မြင်ယောင်သေး’’ လို့ ကျွန်တော့်အဖေ ဦးကြူးက အမေ ခင်ဌေးကို စနောက်ဖူးတယ်။ ခုတော့ အဘိုးအဘွား တို့အသက်နဲ့ ရင်းပြီးချန်ခဲ့တဲ့ မြေတွေဟာ တစ်ကွက် သိန်း ၁၀၀၀ တန်နေပြီ။ မြို့ပြ ဧရိယာ ချဲ့လာလို့ တရုတ် ကိုးကန့်တွေက ကြိုတင်ဝယ်နေကြပုံများ အမဲဖျက်သလို အလုအယက်နဲ့။ ရထား လမ်းတစ်လျှောက် စစ်ကိုင်းမြောက်မှာ ယာသမား တောင်သူတွေ အပြိုင် မြေရောင်းပွဲကြီး နွှဲကြပြီ။ စကိုပီ ဆိုင်ကယ်၊ ခွေးဘီလူး လိုက်ထရပ် အပြိုင် ဝယ်စီးကုန်ကြပြီ။ နောင်လာ နောက်သား ခေတ်မီ စက်မှုလယ်ယာ လုပ်စားချင်သူများဟာ ကိုယ့်ဘိုးဘွားပိုင်ခဲ့တဲ့ မြေတွေကို ခေတ်သစ် မျက်နှာဖြူများထံမှ ပြန်ဝယ်ရတဲ့ဘ၀ မရောက်ဘူးလို့ မဆိုနိုင်။
အဆိုပါ ယာ၊ ရွာနဲ့ ခြောက်မိုင်လောက် ဝေးရာ ဦးဖိုးစ ယာခင်းထွန်ရာကို ဘွားအိုမိက ထမင်းထုပ် လိုက်ပို့တယ်။ လင်က ထမင်းစား  ယာထွန်နေချိန် မယားက အအားမနေဘဲ ဝါလေ ကောက်တယ်။ ခုချိန်ဆို ရထားသံလမ်း   နံဘေး ဝါလေခင်းထဲမှာ အလေ့ကျပေါက်တဲ့ ကဆစ်သီးလေးတွေ ပေါတယ်။ ဘွားအိုမိက ဝါလေ အိပ်ထောင်ကို လင့်လှည်းပေါ်ထားပြီး ကဆစ်သီးတောင်း ခေါင်းရွက်ကာ ရထား ဝန်ထမ်း အိန္ဒိယနွယ်သားတွေနဲ့ စည်ကားတဲ့  ရွာထောင်ဈေးကို သွားရောင်းတယ်။ သူတို့က ချဉ်ပေါင်ရွက်၊ မြေပဲဆန်တို့နဲ့ ချက်စားတာ၊ အညာဗမာ တွေကတော့ ခရမ်းချဉ်ခတ်ပြီး ကဆစ်သီး ငပိချက် ချက်စားတာ။ အဘွားက အလကားနေ အလကား ငါးမူးဖိုးလောက်ရရင် အမြတ်လေ။ တစ်မူး (အင်္ဂလိပ်ငွေ) ဖိုးကို ရွာထောင်ဈေးက အိန္ဒိယ နွယ်သားတွေ ရောင်းတဲ့ တို့ဟူးကြော်၊ ကတိုးဝါကြော်တွေ ရွာကသားသမီးတွေ ကလေးတွေအတွက် ဝယ်လာတယ်။ ရွာထောင် ဘူတာဈေးက အပြန်မှာ အင်္ဂလိပ် ရထား ကျောက်မီးသွေး ရေနွေးငွေ့ မီးရထားကိုစီးရင် ဂတ်ဗိုလ်ကို တစ်မူး ပေးရမှာ။ ငါးပါးသီလ လုံတဲ့ ရှေးလူကြီးတွေ ဆိုတော့ ရထားခိုးစီးလို့ မျက်နှာဖြူ လက်မှတ် စစ်မိရင် ဗမာတွေ အထင်သေး ခံရမှာကိုလည်း မခံနိုင်ဘူး။ အဲဒီတော့ တစ်မူးဖိုး ရထားမစီးဘဲ ဇလီဖားတုံးတွေ တစ်လျှောက် ထန်းခေါက်တောင်း ခေါင်းမှောက် တော်သလင်း နေပူပူအောက် လမ်းလျှောက် ပြန်လာပြီး သားသမီးအတွက် ကိုယ်ကျိုး စွန့်သတဲ့။ဆင်းရဲမွဲတေမှု သင်္ကေတ ကဆစ်သီးပုံပြင်က အဲဒီလိုပါတဲ့။