တောင်ယာတွေကို ကျောခိုင်းနှုတ်ဆက်ရတော့မယ့် လိုင်ဘုံ

တောင်ယာတွေကို ကျောခိုင်းနှုတ်ဆက်ရတော့မယ့် လိုင်ဘုံ
Published 29 September 2015
ကိုဆူး ( ချင်းတောင်ခြေ )

ကနေဒီ တောင်တန်းကြီးလို့ ပြောလိုက်ရင် ချင်းပြည်နယ်ဆိုတာ လူတိုင်း သိပြီးသားပေါ့။ မြင့်မားလှတဲ့ တောင်တန်းကြီးပေါ်မှာ မြူခိုးတွေ အမြဲေ၀ နေတတ်တာ။ တိမ်လွှာတွေရဲ့ အထက်မှာ ကိုယ်က ရောက်နေသလိုမျိုး၊ တိမ်ခိုးတွေကြားမှာ လမ်းလျှောက် နေရသလိုမျိုး၊ ကျွန်တော်တို့ရဲ့ စိတ်ကူးယဉ် ဘဝတွေကို ကနေဒီ တောင်တန်းကြီးပေါ်ကိုလာတိုင်း ရစေတတ်ပါတယ်။
ကနေဒီ တောင်တန်းကြီးဆီကို မကြာခဏ ရောက်ရှိခဲ့တဲ့ ကျွန်တော့်အတွက်တော့ ကနေဒီ တောင်ခြေမှာ နေထိုင်ကြတဲ့ ချင်းတိုင်းရင်းသား ဒေသခံတို့ရဲ့ ကျေးရွာတွေနဲ့ ရင်းနှီးနေသလို ဒေသခံတွေနဲ့လည်း ညီအစ်ကိုလို ဖြစ်နေခဲ့တာပေါ့။ ကလေးမြို့ကနေ လာမယ်ဆိုရင် မိုင် ၃၀ လောက်ဝေးတဲ့ သိုင်းငင်းဆိုတဲ့ ရွာလေးကနေပြီး တီးတိန်မြို့နယ်ဘက်ကို လမ်းခွဲ လာလိုက်ပြီဆိုရင်တော့ ကနေဒီတောင်ခြေက လမ်းမကြီးကို ဖြတ်သန်းရစမြဲ။
ဒီဇင်ဘာ၊ ဇန်နဝါရီဆိုရင် တောင်ဇလပ်တွေ ရဲမှည့်နေတဲ့ တောင်ဇလပ်တောရှိရာ လေသာ တောင်တန်းကတော့ ကနေဒီ တောင်ခြေ ဝန်းကျင်မှာပေါ့။ တောင်ဇလပ်တွေရဲ့အလှကို ငေးလိုက်၊ မြူခိုး တိမ်လွှာတွေဆီကို လက်ဆန့်တန်းလိုက်၊ ကနေဒီ တောင်ကြီးကို လှမ်းမျှော် ကြည့်လိုက်နဲ့ ချမ်းလှတဲ့ ချင်းတောင်တန်း။
ကနေဒီတောင်ခြေ တစ်ဝိုက်မှာတော့ တီးတိန်မြို့နယ်အတွင်းက ကျေးရွာတွေ တော်တော်များများရှိပြီး ကျွန်တော်တို့ ရောက်ခဲ့တဲ့ လိုင်ဘုံဆိုတဲ့ ကျေးရွာလေးကတော့ ကနေဒီ တောင်ခြေအောက်ကို အားလွယ် ကျေးရွာအနီးကနေ ဆင်းပြီး လမ်းလျှောက် ရပါတယ်။ အခုခေတ်တော့ ဆိုင်ကယ်နဲ့ပေါ့။ သို့ပေမဲ့ ဆိုင်ကယ်လမ်း မပေါက်ခဲ့တဲ့ အချိန်အခါဆိုတာ ဒီနှစ် မိုးရာသီဖြစ်တဲ့ သြဂုတ်လ အတွင်းမှာ ဖြစ်ခဲ့ပါသေးတယ်။ ဘာဖြစ်တာလဲ ဆိုရင်တော့ ချင်းပြည်နယ်ရဲ့ မရိုးနိုင်တဲ့ စကားလုံးတစ်ခု ဖြစ်တဲ့ ‘မြေပြိုတာ’ ပေါ့လေ။
သူငယ်ချင်းတွေရှိတဲ့ လိုင်ဘုံကျေးရွာမှာ ကနေဒီ တောင်ခြေတစ်ဝိုက်မှာ အိမ်ထောင်စု ၁၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာ၊ ခွါဒိုပွဲတော် ကျင်းပချိန်ဆိုရင် ကျွန်တော့်ကို အမြဲခေါ်ပေမယ့် အကြောင်းမတိုက်ဆိုင်၍ ကျွန်တော်မရောက်ဖြစ်။ ရောက်မယ့် ရောက်တော့လည်း နှစ်ပေါင်းရာဂဏန်းလောက် တည်ရှိခဲ့တဲ့ ဒီရွာကြီးက ပြောင်းရွှေ့ရတော့မယ်လေ။ ဒီနှစ်မိုးရာသီက ကနေဒီ တောင်ခြေမှာရှိတဲ့ လိုင်ဘုံရွာလေးကို အလန့်တကြား ခြောက်လှန့် ဖျက်ဆီးလိုက်ပြီလေ။ ကနေဒီ တောင်ခြေတစ်ဝိုက်မှာ မြေပြိုမှု အများဆုံးဖြစ်ပြီး ကားလမ်းတွေပါ ပြတ်တောက် ခဲ့ရတယ်လေ။ တောင်ယာတွေ သွားဖို့ လမ်းတွေ ပျောက်ခဲ့ရသလို တောင်ယာအချို့လည်း ပျက်စီးခဲ့ရတာပေါ့။ တောင်ယာတွေ အပါအဝင် လယ်ယာမြေတွေပါ ဆုံးရှုံးမှုက ချင်းပြည်နယ် တစ်ပြည်နယ်လုံးဆိုရင် ဧက ၆၇၉၆ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ အဆိုးဆုံးက
ရွာနဲ့ ကားလမ်းမကြီးတွေ ချိတ်ဆက်ထားတဲ့ လမ်းတွေ ပျက်စီးသွားတာပါပဲ။ အခု ကျွန်တော် သွားတော့လည်း တစ်ပေသာသာလောက် ကျယ်တဲ့ မြေသားလမ်းလေးကို ချောက်ကမ်းပါး နံဘေးကနေပြီး ဆိုင်ကယ်စီးခဲ့ရသလို နှစ်နာရီဝန်းကျင်လောက် လမ်းလျှောက်ပြီးမှ အားလွယ်ရွာကနေ လိုင်ဘုံရွာကို ရောက်ခဲ့ရတာပါ။
အာလွယ်ရွာကနေ ဆိုင်ကယ်နဲ့ ဆင်းတယ်ဆိုပေမယ့် ဆိုင်ကယ်လမ်းက တောင်ပေါ်သား သွားနေကျ ဖြစ်နေတဲ့သူတွေအတွက် မခက်ခဲပေမယ့် ကျွန်တော်တို့လို မြေပြန့်က လာတဲ့သူတွေအဖို့တော့ တကယ့် မဟာ စွန့်စားခန်းကြီးပါ ။
လမ်းအကျယ် တစ်တောင် (၁၈ လက်မ) ခန့်ရှိတဲ့လမ်းမှာ တစ်ဖက်က ချောက်ကမ်းပါး တစ်ဖက်က တောင်နံရံ။  ဒီလိုလမ်းတွေကိုမှ မသွားဘူးဆိုရင်လည်း ဘယ်လို သွားကြမလဲနော။ ကိုယ်တွေကမှ ဆိုင်ကယ်နဲ့ လမ်းတစ် ဝက်လောက်အထိ စီးလိုက်သေးတယ်။  ရွာလူတွေက တီးတိန်-ကလေး ကားလမ်းဘေးက အားလွယ်ကျေးရွာကနေ ဆန်အိတ်တွေ ပစ္စည်းတွေ ကိုယ်စီနဲ့ဆိုတော့ ပြောရမှာတောင် ခပ်ရှက်ရှက်။ တကယ်တော့လည်း ဆန်တစ်အိတ်ကို အားလွယ်ကနေ လိုင်ဘုံကို သယ်မယ်ဆိုရင် ဆိုင်ကယ်ကယ်ရီခက ကျပ် ၄၀၀၀ လောက်ရှိတယ်။ မြေမပြိုခင်က အားလွယ်ကနေ လိုင်ဘုံကျေးရွာအထိ ကားလမ်း ပေါက်ပြီးသား အခုတော့ ပျက်သွားပြီပေါ့။
“ကျွန်တော်တို့ ရွာကလူတွေ ပလိုင်းကို ပြန်ထမ်းကြတာ သိပ်မကြာသေးဘူး။ အရင်ကတော့ လိုင်ဘုံအထိ ကားလမ်း ပေါက်နေလို့ ပလိုင်းကို စွန့်ပစ်ထားတာ ကြာပြီလေ။ အခုတော့ သူတို့လည်း ပလိုင်းပြန်ထမ်းပြီး သူများ လှုထားတဲ့ ပစ္စည်းတွေကို ပြန်ထမ်း ကြရတော့တာပေါ့”လို့ ဒေသခံက ပြောပါတယ်။
ကျွန်တော်တို့သာ သူတို့ ထမ်းသလို သွားမယ်ဆိုရင် အားလွယ်နဲ့ လိုင်ဘုံရွာကို တစ်ညလောက် အိပ်ရမယ်ထင်တယ်။ တကယ်တော့ ထမ်းဖို့ရာ မလွယ်ဘူး။ ဆိုင်ကယ်ကို လမ်းတစ်ဝက်မှာ ထားခဲ့ပြီးတော့ ကျွန်တော်တို့ လမ်းစလျှောက်တော့ အဆင်းပေမယ့် တကယ်မလွယ်မှန်း သိခဲ့ရတယ်။ တောင်ပေါ် သားတွေရဲ့ဘဝဟာ တကယ် ကြမ်းတမ်းတယ်ဆိုတာ သူတို့နဲ့ အတူနေကြည့်မှ သိတဲ့အရာမျိုးဗျ။
ကျွန်တော်တို့ သွားခဲ့တဲ့လမ်းက ဟိုးယခင် ကတည်းက ရှိခဲ့တဲ့ ခြေကျင်လမ်းလေးပါတဲ့။ တော်တော်လေး လျှောက်လာခဲ့တော့ အဆင်းခရီးဆိုတော့ ဒူးတွေနာပါတယ်။ ဒါပေမဲ့လည်း လိုင်ဘုံ ကျေးရွာဆိုတဲ့ ရွာအဝင် ဆိုင်းဘုတ်လေးကို မြင်လိုက်တော့ ပင်ပန်းမှုတွေ တစ်ဝက် လျော့ကျသွားပါတယ်။
တကယ်တော့ ချင်းတောင်ပေါ်က ရွာတစ်ရွာ ဆိုတာ တောင်စောင်း၊ တောင်စွယ်တွေပေါ်မှာ မြေပြန့်တဲ့ နေရာလေးတွေ ရွေးပြီး တည်ဆောက်ထားရတာဆိုတော့ အိမ်ခြေ ၁၀၀ ဆိုတဲ့ရွာက တကယ့်ရွာကြီးပါ။ ပုံမှန်အားဖြင့်တော့ ကျေးရွာတစ်ရွာမှာ အိမ်ခြေ ၁၀ အိမ်၊ ၁၅ အိမ်ကနေ အိမ်ခြေ ၄၀၊ ၅၀ လောက်ပဲ ရှိတတ်တာပါ။ အိမ်ခြေ ရာဂဏန်းနဲ့ ရှိတယ်ဆိုတဲ့ ရွာမျိုးက ရှားလှပါတယ်။ ကျွန်တော်နဲ့ ပါလာတဲ့ ဒေသခံက လမ်းတစ်လျှောက်မှာ ရွာတည်ထားတဲ့ တောင်ကြောဘေးက မြေပြိုမှုအပြင် ရွာအဝင်က ချောင်း ရေ တိုက်စားလို့ ပါသွားတဲ့ အိမ်နေရာကိုလည်း လိုက်ပြပါတယ်။
ကျွန်တော်တို့ ရွာရဲ့အပေါ်က ကြည့်နေရင်းကို ချောင်းရေသံက ကြောက်မက်ဖွယ်။ မိုးရွာလို့ ရေကျခဲ့မယ်ဆိုရင် ဘယ်လောက် ကြောက်စရာ ကောင်းလိုက်လေမလဲလို့ စဉ်းစားမိတယ်။ ရွာရဲ့ပတ်ပတ်လည်မှာ မြေပြိုမှုတွေက တင်းကျမ်း။
“မြေပြိုမှုကြောင့် ရွာမှာ အိမ်ခြေ ဆယ်ဂဏန်းလောက် ပျက်စီးသွားတယ်။ သိပ်မများဘူး ဆိုပေမယ့် အခု လက်ရှိ အနေအထားအရတော့ ကျွန်တော်တို့ နောက်တစ်ကြိမ် မြေပြိုလာရင် မလွယ်တော့ဘူး။ လမ်းတွေ ပိတ်သွားမယ်။ လမ်းပိတ်သွားရင် စားနပ်ရိက္ခာ မရှိတော့ဘူး။ တောင်ယာတွေ သွားဖို့  မလွယ်တော့ဘူး။ အခုတောင် ကျွန်တော်တို့ရွာမှာ ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာ ဖြစ်ခဲ့မယ် ဆိုခဲ့ရင်တောင်မှ မြို့ကိုသွားဖို့လမ်းက ခက်ခဲနေသေးတယ်။ တချို့က ပြောတယ်။ ဒါက တောင်ပေါ် သဘာဝတဲ့။ အဲဒီလိုပြော တဲ့သူတွေက တောင်ပေါ်မှာ မနေတော့ဘဲ အရွယ်ရောက်ကတည်းက ချင်းတောင်ကို စွန့်ခွာသွားခဲ့ ကြတာလေ။ တောင်ပေါ်မှာ တကယ်နေတဲ့သူတွေရဲ့ ဒုက္ခက မလွယ်ပါဘူး။ ချင်းပြည်နယ်က နိုင်ငံရေးသမားတွေ ကလည်း ဒီလို အခြေအနေတွေကို သိအောင် မလာကြဘူးလေ။ သူတို့ လုပ်နေကြတာက ရန်ကုန်နိုင်ငံရေးနဲ့ နေပြည်တော် နိုင်ငံရေးပဲ။ ချင်းပြည်နယ်မှာ လူလည်တွေ များနေတာ မှန်ပါတယ်။ ဒါပေမဲ့ တကယ့် ကျေးလက်တွေက လူတွေထဲမှာတော့ ရိုးရိုးအအနဲ့ ချင်းတောင်ရဲ့ ဒုက္ခတွေကို ခါးစည်းခံ နေကြရတုန်းပေါ့။ ဒါမှလည်း ချင်းတောင်ကြီးက မပျောက်သွားမှာပေါ့”လို့ ဒေသခံ ကိုထွမ်ပီးက ပြောပြပါတယ်။
လိုင်ဘုံ ရွာဘေးမှာရှိတဲ့ ချောင်းရေရဲ့ တိုက်စားမှုကြောင့် သူ့အိမ်လည်း ဖျက်လိုက်ရတယ်လေ။ လိုင်ဘုံရွာရဲ့ ချောင်းရဲ့တိုက်စားမှုက ရွာကို ဖြတ်ကူးပေးထားတဲ့ ကြိုးတံတား မရှိတော့ပါဘူး။ ရေအားလျှပ်စစ်တွေ မရှိတော့ပါဘူး ။ တီးတိန်မြို့နယ် အတွင်းမှာ အောင်ချက် အနေနဲ့ ဒုတိယဆု ရရှိဖူးခဲ့တဲ့ အလယ်တန်း ကျောင်းလေးလည်း ညစာကျက်ဝိုင်း မလုပ်နိုင်တော့ဘူးလို့ ပြောပါတယ်။ ဒါနဲ့ ကျောင်းအုပ်ကြီးကို မေးမြန်းပြီး ကုန်ကျစရိတ် တွက်ချက် အလှုခံကြည့်တော့ မုံရွာ GTI ကျောင်းသားဟောင်းတွေ အဖွဲ့က အလှုပေးမယ်ဆိုလို့ ဝမ်းသာရပြန်ပါတယ်။
လိုင်ဘုံရွာလေးက သက်တမ်းရှည်ကြာခဲ့တဲ့ ရွာလေးဆိုတော့ တချို့က မပြောင်းမရွှေ့ချင်ကြတဲ့ သူတွေ ရှိတယ် ဆိုတာကလည်း သိပ်မဆန်းလှ။“မပြောင်းဘူး ဆိုရင်လည်း ရွာမှာနေပြီး ကျနော်တို့ တောင်ယာသွာဖို့၊ တောင်ယာ လုပ်ဖို့ကလည်း မလွယ်တော့ဘူး။ နွားနောက်တွေ မွေးထားတာကလည်း ဟိုး တစ်တောင်ကျော်မှာ ကျနော်တို့ သွားဖို့ မလွယ်သေးတော့ မသွားရသေးဘူး။တောင်ယာမှာလည်း ကျနော်တို့ စိတ်ကူးတွေနဲ့ အပင်တွေ စိုက်ထားကြတာ။အဲဒီတုန်းက ကားလမ်းကလည်း ကလေးမြို့နဲ့ တိုက်ရိုက်ပေါက်နေ၊ ရေအားလျှပ်စစ်ကလည်း ရှိနေတယ်လေ။ ခုတော့ အကုန်ပျက်စီးခဲ့ပြီ။ကျနော် စိတ်ကူးတွေလည်း ပျက်သွားပြီ ။ ကျနော်တို့ အနာဂတ် ကလေးငယ်တွေ အတွက်ကျနော်တို့ စဉ်းစားရမယ်လေ” လို့ အသက် ၂၅ နှစ်အရွယ် ချင်းလူငယ်တစ်ဦးက ပြောပါတယ်။ လိုင်ဘုံညရဲ့ စကားဝိုင်းက ညနက်သည် အထိပေါ့။ ချင်းတောင်ရဲ့အအေးဓါတ်ကြောင့် စောင်အတွင်းကို ဝင်ရောက်ရင်း လိုင်ဘုံညကို
နှစ်နှစ်ချိုက်ချိုက် အိပ်စက်ခဲ့ရပါတယ်။နောက်မှ သိခဲ့ရတာက ကျနော်တို့ အိပ်ခဲ့တဲ့အိမ်က အရင်က နှစ်ထပ်အိမ် အခုတော့ တစ်ထပ်သာ ရှိတော့တယ်။မြေပြိုလာလို့ အိမ်ဟောင်းကိုဖျက်ပြီး ပြန်ဆောက်ထားတာ တစ်လတောင် မပြည့်သေးဘူးတဲ့။
ချင်းတောင်ကျေးလက် မနက်ခင်းကတော့ သာသာယာယာ။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ကျေးလက်တို့ရဲ့ သသဘာ၀ ခံစားမှု ပုံစံအတိုင်း၊“ကြက်သံ၊ခွေးသံတွေ ပြန်ကြားရတာ သိပ်မကြာသေးဘူး၊ မြေပြိုတုန်းက လမ်းတွေပိတ်တုန်းကဆို ကြက်သံ၊ ငှက်သံ၊ ခွေးသံတွေ တိရိစ္ဆာန်တွေရဲ့ အသံတွေကအစ တိတ်ဆိတ်နေခဲ့တာ။ အခုမှ အသံတွေ ပြန်ကြားရလာတာ”လို့ ကပူး ( ဦးလေး ) ကလှမ်းပြောတယ်။ သက်တမ်းရှည်ခဲ့တဲ့ ရွာလေး ချင်တောင်တွေရဲ့ ကြားထဲက ရွာလေး၊ ချင်းတောင်ရဲ့ အရသာ အပြည့်အ၀ ပေးခဲ့တဲ့ ရွာလေးကို ဘယ်သူကများ ပြောင်းချင်ကြမှာပါလိမ့်။ ဒါပေမယ့်လည်း ပြောင်းလို့ကို မရတဲ့ အခြေအနေတွေ ရှိနေပြီဆိုတာ ကျနော်တို့ မျက်မြင်ကိုယ်တွေ့။ ပြောင်းဖို့အတွက် နေရာကို ခိုင်ကမ်းရွာနဲ့ အာလွယ်ရွာ နေရာကို ပြောင်းရွှေ့ဖို့ လုပ်ထားပေမယ့် ခိုင်ကမ်းရွာ နေရာကိုတော့ မြို့သစ်တည်မှာကြောင့် မပေးနိုင်ဘူးဆိုတဲ့ သတင်းတွေ သိရပါတယ်။
ကျနော် နားမလည်နိုင်တာက မြို့သစ်တည်တယ် ဆိုတာကလည်း လူတွေနေဖို့ မဟုတ်ပါလား။ အခု ပြောင်းရွှေ့မယ့် လိုင်ဘုံရွာသားတွေကလည်း လူတွေ မဟုတ်ဘူးလား။ တချို့က ခိုင်ကမ်းရွာဖက်က ကလေးမြို့နဲ့ နီးတော့ မြေဈေး ပိုကြီးတယ် အဲဒါကို ရွာသားတွေက ရချင်ကြတာလို့ ပြောကြတယ်။ အဲဒီလူတွေကို ပြောချင်ပါတယ်။ဘယ်သူမဆို ကိုယ့်အိမ်ကိုယ့်ယာကို မစွန့်ချင်ကြပါဘူး။ ကလေးမြို့နဲ့
နီးတဲ့ နေရာကို ပြောင်းရွှေ့ရမယ်ဆိုတော့ သူတို့ရဲ့ ကျမ္မာရေး၊ ပညာရေး၊ လူမှုရေးတွေ ပိုကောင်းလာတာပေါ့။ အဲလို ပိုကောင်းတဲ့ နေရာကို လူတိုင်း ရွှေ့ချင်ကြမှာပဲလေ။ နောင်တချိန် မြို့သစ်တည်မယ် ဆိုတော့လည်း ဘယ်သူတွေ များကလာနေကြမှာလဲ။ မြေကွက် ရောင်းစား ချင်ကြသေးတာလားမသိ။ ခုကတည်းက လိုင်ဘုံ ရွာသားတွေကို မြို့သစ်တည်မယ် နေရာကို ချပေးလိုက်တော့ အဆင်မပြေဘူးလား။ ရွာသားတွေက မြို့သစ်မှာ နေခွင့်မရှိဘူးလား၊ ကလေးမြို့ကြီးနဲ့ တဆက်တစပ်ထဲ မြို့သစ်တည်မယ်လို့ ပြောပြီး မြေနေရာတွေကို ဒေသခံတွေ
နေဖို့  ငြင်းနေခဲ့တဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကိုတော့ ကျနော့် အနေနဲ့ ဘယ်လိုမှ နားမလည်တော့။ ချင်းပြည်နယ် ဒေသခံတွေ အပေါ်မှာထားတဲ့ သူတို့စေတနာက ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းကြီးလို ရှင်းရှင်းလင်းလင်း ရှိလှပဗျာ။
လိုင်ဘုံရွာကနေ အာလွယ်ကျေးရွာကို ရောက်အောင် ပြန်တက်ခဲ့ရတဲ့ ခရီးကလည်း မလွယ်လှ။ ခြေလှမ်း ၁၀ လှမ်းလောက် လှမ်းပြီးတော့ ဆယ်မိနစ်လောက်နားရ။ ဒေသခံတွေ ကတော့ အလေ့အကျင့်ကြောင့် အသားကျနေပြီ ။ ဒီရွာလေးကိုဘယ်သူတွေက များလာပြီး မဲဆွယ်ကြအုန်းမလဲ၊ မဲဆွယ်လာပြီး မဲပေးလိုက်ပြီးတော့ ခြေဦးတောင် မလှည့်တဲ့ အမတ်တွေကို လိုင်ဘုံရွာသားတွေက သိပ်မကြိုက်ကြ။ သူတို့တွေ တောင်ယာတွေ အကြောင်း၊ ခြံတွေအကြောင်း၊ လမ်းပြင်ဖို့အကြောင်း ၊ အိမ်ပြောင်းဖို့ အကြောင်းတွေ ၊ နေရာ မကျသေးတဲ့ ရွာနေရာ၊စတဲ့ ကိစ္စတွေက သူတို့ရဲ့ စိတ်နှလုံးသားထဲမှာ စွဲမြဲနေဆဲ။ “ မဲပေးရမယ် ဆိုရင်လည်း ကျနော်တို့ ချင်းတောင်ကို တကယ်စေတနာ ရှိတဲ့ သူကိုပဲ မဲပေးချင်တယ်။ ဒါပေမယ့် အဲလို အမတ်ကလည်း ရှိအုန်းမှာလား မသိ” တဲ့။ တောင်ယာတွေကို ကျောခိုင်းရတော့မယ် လိုင်ဘုံရွာလေးကို အဝေးက လှမ်းကြည့်တော့ မြူခိုးတွေက အုံ့ဆိုင်းမှုံမှိုင်းလို့ ။အဝေးက မျှော်ကြည့်ရင်း သတိရတဲ့ လိုင်ဘုံရွာ ကျနော်တို့ ဘယ်တော့မှ မေ့မှာမဟုတ်။

Most Read

Most Recent