CMP လုပ်ငန်းများသည် အခွန်ကင်းလွတ်ခွင့် အကန့်အသတ်မရှိ ဖြစ်နေသလို ပြည်တွင်း၌ ဆေးဆိုးပန်းရိုက်နှင့် အထည်အလိပ် လုပ်ငန်း လာရောက် လုပ်ကိုင်ရာတွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိ ဖြစ်နေရာ CMP လုပ်ငန်းများ ခံစားခွင့် ရရှိနေမှုများကို ပြန်လည်သုံးသပ် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ ပါရမီလမ်း MBA အဆောက်အအုံတွင် ပြုလုပ်သည့် Foreign Direct Investment as A Key Driver for Myanmar Economic Development and Prosperity ခေါင်းစဉ်ဖြင့် ဟောပြောပွဲ၌ မြန်မာနိုင်ငံတွင် အထည်ချုပ်ကဏ္ဍ အနေဖြင့် CMP လုပ်ငန်းများသာ ဖြစ်နေပြီး FOB စနစ်သို့ ပြောင်းလဲလာနိုင်ခြင်း မရှိသေးမှုနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် မေးမြန်းမှုကို ဦးအောင်နိုင်ဦးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ဘာကြောင့် မြန်မာနိုင်ငံက CMP စနစ်နဲ့ပဲ ဖြစ်နေရလဲဆိုရင်(1) အချက်က မြန်မာနိုင်ငံမှာ အထည်အလိပ် စက်ရုံတွေ မရှိဘူး။ (၂) အချက်က ဆေးဆိုးပန်းရိုက် စက်ရုံတွေ မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့် ဒီလုပ်ငန်း တွေမှာလည်း လာရောက်ရင်းနှီး မြှုပ်နှံကြဖို့ ဖိတ်ခေါ်နေပါတယ်။ CMP လုပ်ငန်းတွေချည်းပဲ ဖြစ်နေတာကတော့ သူတို့က ကင်းလွတ်ခွင့်တွေ အကန့်အသတ်မရှိ ဖြစ်နေလို့ ဖြစ်ပါတယ်။ ပြည်ပနေပြီးတော့ လိုအပ်တဲ့ ပစ္စည်းတွေ Custom Duty ဆောင်စရာ မလိုဘဲ သွင်းလို့ရတယ်။ ပြီးတော့ အခွန်ပေးစရာ မလိုဘဲ သူတို့ဈေးကွက်တွေကို ပြန်ပို့လို့ရတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရက သုံးနှစ် အခွန်ကင်းလွတ်ခွင့် ပေးတယ်။ သုံးနှစ် နောက်ပိုင်းဆိုရင်တော့ အခွန်ပေးရမယ်ဆိုတော့ သူတို့အနေနဲ့ CMP နစ်နဲ့ မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ CMP ကို ပေးထားတာတွေကို ပြန်လည်သုံးသပ်နေတယ်။ အခုလာမယ့် ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ CMP ဖြစ်စေ၊ ပြည်ပပို့သူဖြစ်စေ တစ်ပြေးညီဖြစ်သွားဖို့ လုပ်နေပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် အခြားနိုင်ငံများကဲ့သို့ FOB စနစ်ဖြင့် လုပ်ကိုင်နေခြင်း မဟုတ်သည့်အတွက် အမြတ်အစွန်းမှာ နည်းပါးကြောင်း၊ အလုပ်သမားများ တောင်းဆိုနေသည့် အနည်းဆုံး တစ်နေ့လုပ်ခ ကျပ် ၃၆၀၀ ကို ပေးချင်သော်လည်း FOB စနစ် မဟုတ်ဘဲ လက်ခစားစနစ်ဖြင့် လုပ်ငန်းများ ဖြစ်သည့်အတွက် ယင်းကဲ့သို့ပေးရန် ခက်ခဲနေခြင်း ဖြစ်ကြောင်းလည်း အထည်ချုပ် လုပ်ငန်းရှင်များက အနည်းဆုံး အခကြေးငွေ မသတ်မှတ်မီက အနည်းဆုံး အခကြေးငွေနှင့် ပတ်သက်၍ ပြောကြား ဆွေးနွေးမှုများ ရှိခဲ့သည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းများမှ ပြည်ပတင်ပို့မှု အနေဖြင့် ၂၀၁၂ ခုနှစ်တွင် ဒေါ်လာ ၉၀၈ သန်း၊ ၂၀၁၃ ခုနှစ်တွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလီလျံ၊ ၂၀၁၄ ခုနှစ်တွင် ၁ ဒသမ ၅၆ ဘီလျံနှင့် ယခုနှစ် နှစ်ဘီလျံရရှိ မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။ယခုကဲ့သို့ မြန်မာနိုင်ငံမှ တင်ပို့မှု ဘီလျံချီ ရရှိသော်လည်း ယင်းငွေပမာဏသည် ပြည်တွင်း အထည်ချုပ်လုပ်ငန်း အားလုံးက ရခြင်းမဟုတ်ဘဲ နိုင်ငံခြား ကုမ္ပဏီများမှအပ်သည့် ကုန်ကြမ်းများကို ချုပ်ပေးသည့် လက်ခကို ရာခိုင်နှုန်း တစ်ခုအနေဖြင့်သာ ရရှိခြင်းဖြစ်ကြောင်း သိရသည်။
CMP လုပ်ငန်းများသည် အခွန်ကင်းလွတ်ခွင့် အကန့်အသတ်မရှိ ဖြစ်နေသလို ပြည်တွင်း၌ အထည်အလိပ် လုပ်ငန်း ထွန်းကားလာခြင်းမရှိ ဖြစ်နေမှုကို ပြန်လည်သုံးသပ်မည်










