လက်ရှိဘဏ္ဍာနှစ် ငါးလကျော်အတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာနှစ်ဘီလျံကျော် ရှိနေ

လက်ရှိဘဏ္ဍာနှစ် ငါးလကျော်အတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာနှစ်ဘီလျံကျော် ရှိနေ
Published 27 September 2015

လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ငါးလကျော် ကာလအတွင်း သွင်းကုန်တင်သွင်းမှုမှာ ပို့ကုန်တင်ပို့မှု မြင့်တက်နေသဖြင့် ကုန်သွယ်မှုလိုငွေ ဒေါ်လာနှစ်ဘီလျံကျော် ရှိနေကြောင်း စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များအရ သိရသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁၂၇၈၂ ဒသမ ၁၃၂ သန်းရှိပြီး ယင်းပမာဏတွင် သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၇၄၈၆ ဒသမ ၅၇၀ သန်း၊ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၅၂၉၅ ဒသမ ၅၆၂ သန်း ပါဝင်ကြောင်း သိရသည်။သွင်းကုန်ပမာဏမှာ ပို့ကုန်ရရှိငွေ ပမာဏထက် များနေသဖြင့် အဆိုပါ ကာလအတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၂၁၉၁ ဒသမ ၀၀၈ သန်းရှိနေကြောင်း သိရသည်။ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် ပို့ကုန်အုပ်စု ခုနစ်မျိုးဖြစ်သည့် လယ်ယာထွက်ကုန်၊ ရေထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သစ်တောထွက်ကုန်၊ စက်မှုကုန်ချော၊ သတ္တုတွင်းထွက်နှင့် အခြားပို့ကုန်များကို တင်ပို့ကာ သွင်းကုန်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လူသုံးကုန် ပစ္စည်းနှင့် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများကို တင်သွင်းနေကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးစေရန်အတွက် ကုန်သွယ်မှု ကိန်းဂဏန်းများ တိကျမှန်ကန်စွာ ရရှိရေးအတွက် သတင်းကွန်ရက်စနစ်ဖော် ဆောင်ရေးအတွက် လုပ်ငန်းအဖွဲ့တစ်ရပ် ဖွဲ့စည်းရေး၊ ပို့ကုန်၊ သွင်းကုန်ဘဏ် ဖွင့်လှစ်ထူထောင်နိုင်ရေး၊ မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးတွဲကော်မတီများ တိုးချဲ့ဆောင်ရွက်ရေး၊ ကုန်သွယ်ရေး သင်တန်းကျောင်း ဖွင့်လှစ်ရေး၊ ကုန်စည်ဒိုင်များ ဖွဲ့စည်းရေး၊ ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။နိုင်ငံအတွင်း ကုန်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်သည်နှင့်အမျှ ပြည်တွင်းဈေးကွက် တည်ငြိမ်စေရန်အတွက် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဖြေလျှော့မှုများကို ဆောင်ရွက်ပေးခြင်း၊ ပြည်တွင်းစားသုံးမှု ပိုလျှံသည်များကို နိုင်ငံခြားငွေ တိုးတက်ရရှိစေရန် ပြည်ပသို့ တင်ပို့ရောင်းချခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် ပစ္စည်းများကို ပြည်ပမှ တင်သွင်းခြင်းများကို ကုန်သွယ်မှုကဏ္ဍ အနေဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent