သမိုင်းသွေးအိုင်

သမိုင်းသွေးအိုင်
Published 27 September 2015
မောင်တင်ဦး (မြောင်းမြ)

ဘုန်းဘုန်းနဲ့ ဒကာ ထိုနေ့က မိုးဖွဲဖွဲ ရွာနေတယ်၊ နေရောင်က ပြပြလေးပဲ အရောင် ပြနိုင်တယ်။ ဦးပဉ္ဇင်း ဦးတက္ခ ဘုရားရှိခိုးပြီး ထုံးစံအတိုင်း ရုပ်မြင်သံကြား သတင်းကို ကြည့်တယ်။ သတင်း နားထောင်ပြီး ပုတီးစိတ်ရမယ်၊ ဘုရားဂုဏ်တော် ကိုးပါး ရွတ်ရမယ်။ အိပ်ယာမဝင်မီ မကျိန်းမီ ပိဋကတ် သုံးပုံ ဆက်ဖတ်ရမယ်။ မေတ္တာပို့ရမယ်။ ဒါနေ့တဓူ၀ ဦးတိက္ခရဲ့ ကျင့်ဆောင်မှုပဲ။
ခုတစ်လော ဘုန်းကြီးကျောင်းကို လာကြတဲ့ ဒကာ၊ ဒကာမ တွေကို ကြည့်ရတာ ဦးပဉ္ဇင်း ဦးတက္ခ စိတ်ထဲ တစ်မျိုးကြီးပဲ ခံစားနေရတယ်။ ဒကာတွေ အလာ ကျဲသွားသလို လှူတာ တန်းတာလည်း ပုပ္ပ၊ မုဉ္စ၊ ပရ စေတနာ ပြတ်ပြတ်သားသား မဟုတ်ကြသလိုပဲ။ သဒ္ဓါတရား အားကောင်းတဲ့၊ လှူတာ တန်းတာ ဝါသနာ ထုံတဲ့ ဗုဒ္ဓဘာသာ အနွယ်ဝင်တွေကို သဒ္ဒါ အားပျက်အောင် ဘယ်အရာတွေက တားမြစ်နေသလဲ။
ဦးတိက္ခ အတွေး နယ်ချဲ့နေတုန်း၊ ဦးမြစံ ရောက်လာတယ်။ ရေစိုထီးကို ကျောင်းဝရံတာမှာ ချိတ်ပြီး၊ ပုဆိုး ပြင်ဝတ်တယ်။ ခြေသုတ်ခံေ ရှ့ခြေထောက်ကို ပွတ်သပ် သန့်ရှင်းတယ်။ပြီးမှ ဦးပဉ္ဇဇင်းရှေ့ ပုဆစ်တုတ် ထိုင်ရင်း ထိခြင်းငါးပါးနဲ့ ဦးချတယ်။ ဦးတိက္ခက ဒကာ ဦးမြစံရဲ့အပြုအမှုတွေကို အသေးစိတ် လိုက်ကြည့်ရင်း စကားပြောဖို့ အချိန်ကို စိတ်ရှည်ရှည် စောင့်နေလိုက်တယ်။
ဦးမြစံ နေသာသလို ထိုင်သည်အထိ စောင့်ဆိုင်းနေတယ်။ ဦးမြစံလည်း ဦးချပြီး လက်အုပ်ချီထားတဲ့ လက်ကို ချလိုက်ကာ ဦးပဉ္ဓဇင်းကို မော့ကြည့်လိုက်တယ်။
“အိမ်း၊ ဒကာလည်း ပျောက်ချက်သား ကောင်းနေပဲလား။ ဘာတွေများ အလုပ်ရှုပ် နေတာတုန်း။”
“မှန်ပါ့ဘုရား၊ လူကိစ္စဆိုတာ အများသားပဲ မဟုတ်လား”
“ဘာကိစ္စတွေများ နေတာလဲ၊ ဒကာရဲ့”
“အခုတစ်လော ကုန်ဈေးနှုန်းတွေ တအား တက်ကုန်တယ်ဘုရား၊ ဘယ်ပစ္စည်းဝယ်ဝယ် ပိုက်ဆံတွေနဲ့ လဲနေရသလိုပဲ။ ဒီခြားထဲေ လာင်စာဆီကလည်း အဆမတန် ဈေးတက် ယူလိုက်သေးတယ်။ တပည့်တော်တို့ နေ့စဉ် မရှိမဖြစ် စားဝတ်နေရေး ပြဿနာက ခေါင်းခိုက်နေပြီဘုရား။”
“အော် ဒကာတို့လည်း ဒုက္ခ တယ်ကြီးသကို”
“ တပည့်တော်က ကိုယ့်ကိုယ်ကိုယ် ဗုဒ္ဓဘာသာဝင် ဖြစ်ရတာ၊ ဗုဒ္ဓဘာသာ စစ်စစ် ထွန်းကားတဲ့ ဒီမြန်မာနိုင်ငံမှာ လူလာဖြစ်ရတာ တကယ် ဂုဏ်ယူခဲ့တာ၊ခုတော့ မှားပြီနဲ့ တူပါရဲ့ဘုရား”
“ ဟ၊ ဘယ်လို ဖြစ်တာတုန်း ဒကာရ”
ဒကာရင်ဖွင့်သံ
“တပည့်တော်တို့ ငယ်စဉ်က ဘုန်းကြီးကျောင်းမှာ စာသင်ခဲ့ရတာ။ သင်ပုန်းကြီးကို ဘုန်းဘုန်းတို့က စာချပေးတာ။ ဒီလိုနဲ့ အရေးလေး အဖတ်လေး တတ်လာတာ။ ဒီကျေးဇူးနဲ့တင် ဘုန်းဘုန်းတို့ကို ကျေးဇူးတင်လို့ မဆုံးဘူး။ ပြီးတော့ အဲဒီရွာက ဘုန်းဘုန်းကပဲ မြို့ပေါ်တက် အလုပ်လုပ်ဖို့ အဆက်အသွယ် လုပ်ပေးတာ။ ဒါနဲ့ ခုလို မြို့ပေါ်ရောက်ပြီး ပုံနှိပ်တိုက်မှာ ဝင်လုပ်လာတာ။ နောက်တော့ အိမ်ထောင်ကျ။ သားတစ်ယောက်ရတယ်။ သားက ရွာက ကျေးဇူးရှင် ဘုန်းဘုန်းဆီမှာ ကိုရင်ဝတ်ပြီး စာပေ သင်ကြားနေတာ။ မနှစ်က ပထမငယ်တန်း အောင်ခဲ့ပြီ၊ ခု ပထမလတ်တန်း ဖြေတော့မယ်။ တစ်ရွာလုံးလည်း စာတတ်ပေတတ် ဖြစ်ကုန်ပြီ။နောက်ဘုန်းဘုန်းက လောကုတ္တရာ စာပေသာ မကဘူး။လောကီ စာပေကိုလည်း လူငယ် ရဟန်းတွေ လေ့လာစေတယ်။ ကွန်ပျူတာတွေ၊ အင်တာနက်တွေနဲ့လည်း ရင်းနှီးစေတယ်။ တတ်မြောက်စေတယ်။ ဆရာတော်က သာသနာ ပြုတယ်ဆိုတာ သာသနာ သက်သက်ပဲ သာသနာပြုလို့ မရဘူးလို့ မိန့်ဆိုတာ။ နိုင်ငံတော် တိုးတက်ပြီး သာယာဝပြောက တိုင်းသူူပြည်သူရဲ့ လူမှုရေး ငြိမ်းချမ်း သာယာ ငြိမ်းချမ်း သာသနာကို ကောင်းစွာ ပြုနိုင်တယ်လို့ ယူဆတယ်။
တိုင်းပြည် မတိုးတက်ရင်၊ လူမူရေး ရိုင်းစိုင်းရင် သာသနာကို ထိခိုက်တာပဲ။ ကမ္ဘာပေါ်မှာ ကိုးကွယ်မှု အမျိုးမျိုးရှိ ခဲ့တာပဲ။ အချို့ ကိုးကွယ်မှု အယူအဆတွေ ပျောက်ကွယ် သွားကြတယ်။ သဘာဝနဲ့ ဝေးကွာတဲ့ ကိုးကွယ်မှု၊ ယုံကြည်မှုဟာ တစ်နေ့နေ့ ပျောက်ကွယ်ရမှာပဲ။
ထို့အတူ သဘာဝကျတဲ့၊ သဘာဝနဲ့ နီးကပ်ထိစပ်တဲ့၊ သဘာဝကို ထိန်းသိမ်း စောင့်ရှောက် ချစ်မြတ်နိုးတတ်တဲ့၊ ကမ္ဘာပေါ်နေ လူသားကို ကမ္ဘာပေါ်နေ လူသားစိတ်နဲ့ ချစ်တတ်တဲ့ ကိုးကွယ်မှုတွေ ကမ္ဘာနဲ့ အတူတည်မြဲနေမှာ ဖြစ်တယ်။
ခုပဲ ပိဋကတ်သုံးပုံကို အာဂုံဆောင်ရ ုံတင် ရပ်မထားကြဘဲ နိုင်ငံတကာကို ထိုးဖောက် သာသနာ ပြုနိုင်ဖို့ အင်္ဂလိပ်စာတွေကို တိုးချဲ့ လေ့လာ ဆည်းပူး နေကြတာကို အားပေးကြရမယ်။ သာမန် လူငယ်တွေဟာ ရဟန်းပျိုတို့ကို  ပင်ကို လေးစားမှု ရှိတဲ့အတွက် လူငယ် တော်တော်များများ ရဟန်း သံဃာတော်တွေ ဖွင့်လှစ်တဲ့ အင်္ဂလိပ် ဘာသာစကား၊ ကွန်ပျူတာ သင်တန်း၊ စာရင်းအင်း သင်တန်းတွေ တက်ရောက် သင်ယူနေကြတာ အနာဂတ်အတွက် အလားအလာတွေပဲ မဟုတ်ပါလား။
“ဒကာ ဦးမြတ်စံ ဒီနေ့စကားတွေ အများကြီး ပြောနေပါကလား”
“မှန်ပါတယ်ဘုရား။ မြန်မာနိုင်ငံဟာ အနော်ရထားမင်း လက်ထက်ကတည်းက ဗုဒ္ဓဘာသာ ဆိုတာ ထွန်းကားလာပြီးမှ မြန်မာပြည်သူများ ကလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်လာတာ။ ယနေ့ထိပဲ ဖြစ်ပါတယ်ဘုရား။ ခုထိ ထေရဝါဒ စစ်စစ်နဲ့ သာသနာကို စောင့်ရှောက်တဲ့ နိုင်ငံလို့ ပြောနိုင်တဲ့ နိုင်ငံဖြစ်တယ်။ ဒါတွေဟာ ဗုဒ္ဓဘာသာဝင် ဘုရား သားတော် ရဟန်း၊ သံဃာတော်တို့ စောင့်ရှောက် ကျင့်ဆောင်လာတဲ့ ကျေးဇူးတွေပဲ။ သံဃာတော်တွေကို ကြည်ညိုလို့ မဆုံးဘူး။ သံဃာတော်တွေကို တပည့်တော်ကတော့ စိတ်နဲ့တောင် မပစ်မှားဝံ့ဘူး။ ဒါ့အပြင် ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝီစာရတို့ဟာ အင်္ဂလိပ် နယ်ချဲ့တွေကို တော်လှန်ခဲ့တာဟာ သာသနာပြုတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေ အပါအဝင် နိုင်ငံသားတွေ အနှိမ်ခံ နေရတာ မကြည့်ရက်ဘူး။ မခံစားနိူင်ဘူး။ ဒါကိုကြည့်ပြီး ရဟန်းတွေ နိုင်ငံရေး မလုပ်ရဘူးဆိုတဲ့ ကန့်သတ်ချက်နဲ့ ပြည်သူနဲ့ ရဟန်းကို ခွဲခြားပစ်လို့မရဘူး။ ရဟန်းတွေကို နိုင်ငံရေးနဲ့ခွဲ၊ ဝန်ထမ်းတွေကို နိုင်ငံရေးနဲ့ခွဲ၊ ကျောင်းသားတွေကို နိုင်ငံရေးနဲ့ခွဲ၊ သူတို့ကျတော့ ယူနီဖောင်း ဝတ်လျက်နဲ့ နိုင်ငံရေးထဲလည်းပါ။ ဝန်ထမ်း အရာရှိတွေမှာလည်း နေရာအခန့်သား ဝင်ယူ။ စီးပွားရေး လုပ်ငန်း တွေမှာလည်း လက်ဝါးကြီးအုပ်၊ ဘာသာရေးမှာလည်း သူတို့လက်၊ သူတို့ခြေ၊ သူတို့ပြောသမျှ ဖြစ်နေရပြီဘုရား။”
“အိမ်း ဟုတ်သားပဲ”
ဘုန်းဘုန်းရဲ့ ရင်ဖွင့်သံ
“တကယ်တော့၊ ဘုန်းဘုန်းတို့လည်း၊ ဒကာကြီးတို့ရဲ့ဘ၀ ခံစားချက်တွေကို သိနားလည် နေကြတာပဲ၊ ကုန်ဈေးနှုန်းတွေ တက် လောင်စာဆီ ဈေးနှုန်းတွေ တက်တာ၊ ဒကာတို့ တင် ထိခိုက်တာ မဟုတ်ဘူး၊ ဘုန်းကြီးတို့လည်း ထိခိုက်တာပဲ။ ခုဆို ဆွမ်းကွမ်းက အစ ဘုန်းဘုန်းတို့မှာ ရှားပါးနေပြီ၊ ဒါတွေက တကယ် တော့ အပရိက ကိစ္စတွေပါ။ တကယ့်ကိစ္စက ခုန ဒကာကြီး ပြောခဲ့သလို လောကုတ္တရာ အရေးအပြင် လောကီရေးမှာလည်း ဘုန်းဘုန်းတို့ တတ်မြောက်ဖို့ လိုလာတယ်။ သာသနာပြုတာပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှု ဖြန့်ဖြူးတာပဲဖြစ်ဖြစ်၊ ပညာသင်ကြားပဲဖြစ်ဖြစ်၊ ကိုယ့်အိမ်တွင်း (ပြည်တွင်း) ထဲ လုပ်နေလို့ မရဘူး။ နွားခြေရာခွက် ထဲမှာတင် ပင်လယ် ထင်နေလို့ ရှိရင် ကြာလာတဲ့အခါ၊ သာသနာရေး၊ ယဉ်ကျေးမှုပါ ပျောက်သွားမှာ။ အခုဆို အမြင်ကျယ်တဲ့ ဆရာတော်၊ သံဃာတော်တွေက နိုင်ငံတကာအထိ သာသနာပြုဖို့ ဆောင်ရွက်နေကြတယ်။ အမေရိကန်တို့၊ ထိုင်းတို့၊ ကိုရီးယားတို့ထိ မြန်မာ ဘုန်းကြီးတွေက ခြေဆန့်ကာ သာသနာ ပြုနေကြတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ ကျောင်းက ကိုရင်တွေ၊ ဦးပဉ္ဇဇင်းတွေကို ကမ္ဘာရွာထဲ ဝင်ဆံ့ သာသနာ ပြုနိုင်ဖို့ သိအပ်တဲ့ နည်းပညာတွေကို ပို့ချပေးခဲ့တာ။ ဒါတွေဟာ တစ်လမ်းသွား သာသနာ ပြုနေတဲ့ ရှေးရိုး အဖွဲ့အစည်းတွေ မလိုလားမှန်း သိတယ်။ ဒါပေမဲ့ ရေရှည် အမြင် ကြည့်ပြီး၊ သာသနာ ပြုဖို့ရာ နည်းပညာ၊ ဘာသာ စကား၊ ကွန်ပျူတာ ဒါတွေဟာ မလွဲမသွေ လိုအပ်တယ်။ ဒီနည်းပညာတွေရဲ့ ပံ့ပိုးမှုကြောင့် ဘုန်းဘုန်းတို့ဟာ ပြည်သူဒကာတို့ရဲ့ ဒုက္ခသတင်းတွေ၊ သောက အခင်းအကျင်းတွေနဲ့ လောဘတို့ရဲ့ ရက်စက်မှုတွေကို သိလာရတယ်၊ ဒီတော့ ဒကာဦးမြစံ၊ ဦးမြစံ သားအတွက် စိတ်မပူနဲ့။ ဦးပဉ္ဇဇင်းတို့လည်း ဒကာတို့အတွက် ဦးဆောင် လှုပ်ရှားပေးရမှာပေါ့”
ဦးမြစံကို ဘုန်းဘုန်းကို ဦးသုံးကြိမ်ချ၍ ပြန်သွားလေရဲ့။
ဦးတိက္ခ အတွေးထဲ နစ်မျောရင်း ကျန်ခဲ့တယ်။ ပြည်သူ ဒကာတွေ ဒုက္ခရောက်ရင် သာသနာ ဘယ်လို ပြုနိူင်မှာလဲ။ ငါတို့ ပြည်သူတွေကို လျစ်လျူရှု မထားနိုင်ဘူး။
ဒီလိုနဲ့ ဦးပဉ္ဇဇင်း ဦးတိက္ခ လမ်းပေါ်ထွက် မေတ္တာသုတ် ရွတ်တယ်၊ ပြည်သူ ခံစားနေရတာကို ကိုထင်ကျော်၊ မစုစုနွေး၊ ကိုမင်းကိုနိူင်၊ ကိုကိုကြီး(၈၈)မျိုးဆက် ကျောင်းသားတွေကတောင် မျှဝေခံစား ပေးနေပြီ။ တို့ဘုန်းဘုန်းတို့လည်း ဒကားတွေ ဆွမ်းစားနေပြီး ဒကာတွေကို ဒုက္ခကယ်ရမယ်။
ဒီလိုနဲ့ စက်တင်ဘာ ၈ ရက်ကစတဲ့ ဦးပဉ္ဇဇင်းတို့ ပြည်သူကို မေတ္တာသုတ် ရွတ်သံဟာ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူ၊ စစ်တွေမှ တစ်နိုင်ငံလုံး အနှံ့ ပျံ့နှံ့ကုန်တယ်။ ပြည်သူတွေရော၊ကျောင်းသားတွေပါ ဘုန်းဘုန်းတို့ကို ဝန်းရံပေးကြတယ်။
ဒါပေမဲ့ သေနတ်တွေ၊ တုတ်တွေ၊ ကိုင်ဆောင်ထားတဲ့ ရဲနဲ့ စစ်သားတွေက အရပ်လေးမျက်နှာက ပေါ်ထွက်လာတယ်။ စစ်ထရပ်ကားတွေ၊ အရပ်ဘက်(ချောဆွဲ) ခရီးသည် တင်ကားတွေ ရောက်လာတယ်။
ဦးပဉ္ဇဇင်း ဦးတိက္ခက ပြည်သူတွေရဲ့ ဒုက္ခကို ရင်နှင့်အမျှ ခံစားမိတယ်၊ မေတ္တာ တရားရဲ့ အစွမ်းကို အပြည့်အ၀ ယုံကြည်တယ်။
ဗုဒ္ဓဘုရားရဲ့ ဂုဏ်တော်ကို အမြဲတန်း ဆည်းကပ် ကိုးကွယ်တယ်။ ဒါ့အပြင် မြန်မာလူမျိုး အများစုနဲ့ ဖွဲ့စည်းထားတဲ့ ရဲနဲ့ စစ်သားတွေ။
သူတို့လည်း ဗုဒ္ဓဘာသာဝင်တွေ များတာပဲ။ ခု ငါလုပ်နေတာ ရာဇဝတ်မှူ ကျူးလွန်နေတာလား။ တော်လှန် ပုန်ကန်နေတာလား။မဟုတ်ဘူး။ လုံး၀ မဟုတ်ဘူး။ ပြည်သူနဲ့အစိုးရ မေတ္တာချင်းဖက်၊ လက်ချင်း ယှက်စေချင် လို့လုပ်နေတာပဲ။
နောက်ဆုံး ငါဘုရားကို အာရုံ ပြုရမယ်၊ ဦးချ ကန်တော့မယ်။ မေတ္တာသုတ် ရွတ်မယ်။ ဦးတိက္ခ ဒူးထောက်ထိုင်ချရင်း ရဲနဲ့ စစ်သားတွေဘက် မျက်နှာမူကာ လက်အုပ်ချီ ထားတယ်။ မျက်စိ စုံမှိတ်ထားတယ်။ ဘုရား တန်ခိုး၊ မေတ္တာ တန်ခိုး၊ ပြည်သူ့ တန်ခိုးတွေကို ယုံကြည်မှု အပြည့်။ ဆောင့်ကြောင့်ထိုင် မပျက်။ နေမြဲနေ။ ရွတ်မြဲရွတ်တယ်။ ကန်တော့ မြဲကန်တော့တယ်။
နားကတော့ ပိတ်ထားလို့ မရဘူး။ ဆူညံတဲ့ အသံ၊ အော်ဟစ်တဲ့ အသံ၊ ညည်းညူတဲ့ အသံ၊ စစ်ဖိနပ်သံ၊ တုတ်နဲ့ရိုက်သံ။ နာလို့ အော်သံ ဘယ်ဘက်နား၊ ညာဘက်နားမှာ ငရဲပြည်ထဲ ရောက်နေသလို ကြားနေရတယ်။
ရုတ်တရက် ခေါင်းမှာ ပြင်းထန်စွာ နာကျင်တဲ့ ဒဏ် ခံစားရတယ်။ နောက်ကုတ်ပေါ်၊ နောက် ကျောကုန်းပေါ်။ လက်အုပ်ချီထားတဲ့ လက်ပေါ် စေးထန်းတဲ့ သွေးတွေ စီးကျလာတယ်။ နာကျင်မှု တစ်ကိုယ်လုံးပေါ် ကျရောက် လာတယ်။ နာရင်နာတယ် မှတ်ပေမယ့် အနာက ကိုယ်ပေါ်က စိတ်ထဲအထိ ရောက်သွားတယ်။ စိတ်နာတယ်လို့ မပြောချင်ဘူး။ ကိုယ့်ပြည်သူ အချင်းချင်းတွေပဲ မဟုတ်လား။တုတ်တွေ၊ သေနတ်တွေ ကိုင်ထားတဲ့ ရဲတွေ၊ စစ်သားတွေ သူတို့က  ဦးပဉ္ဇဇင်းကို ရိုက်နေတာလား။ မဟုတ်နိူင်ဘူး။ သူတို့ လူသားတွေ၊ မြန်မာ လူမျိုးတွေ၊ ဗုဒ္ဓဘာသာဝင်တွေ၊ သူတို့ လူရိုင်းတွေမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ကို ရိုင်းအောင် ရိုက်ရဲအောင် တွန်းပေးနေသူ၊ မြှောက်ပေးနေသူရှိနေတယ်။
ဆံတစ်ပြင်မှ မကျန်အောင် ရိတ်ထားတဲ့ ကတုံး ပြောင်ပြောင်ဟာ တုတ်နဲ့ရိုက်တာနဲ့ အပြိုင် သွေးချင်းချင်း နီရပြီ။ ဒီသွေးနီနီဟာ ဘုရား သားတော်ဝတ်တဲ့ သင်္ကန်း ရွှေဝါရောင်ပေါ် စွန်းထင်းကုန်ပြီ။
ဒီလို အဖြစ်အပျက်မျိုး ဘယ်သူ ဖန်တီးတာလဲ။ တုတ်လည်း မဟုတ်ဘူး။ သေနတ်လည်း မဟုတ်ဘူး။ ရဲနဲ့စစ်သားတွေလည်း မဟုတ်ဘူး။ ဘာဖြစ်ဖြစ် ဦးတိက္ခ ဆက်တွေးကြည့်တယ်။ တွေး မရတော့ဘူး။ သတိက လစ်စ ပြုလာပြီ။ သွေးထွက်လွန်လာပြီ။ မြေပေါ် ဆောင့်ကြောင့်ထိုင်မပျက် လက်အုပ်ချီမပျက် စောင်းလျက် လဲကျသွားတယ်။ ဦးခေါင်းက သွေးတွေ မြေကြီးပေါ်မှာ စီးကျလျက်။
မြေကြီးပေါ် ကျတဲ့ သွေးတွေ တစ်နေရာကို စီးဆင်းသွားနေတယ်။ တစ်နေရာမှာ သွေးအိုင် တစ်ခု ရှိနေတယ်။ အဲဒီသွေးအိုင်က သမိုင်း အဆက်ဆက် ကျခဲ့တဲ့ သွေးတွေ စုစည်းရာမှ အိုင်ထွန်း လာတာ ဖြစ်တယ်။ ကျောင်းသားတွေရဲ့ သွေး၊ အလုပ်သမားတွေရဲ့သွေး၊ လယ်သမားတွေရဲ့သွေး၊ ကျဆုံးလေပြီးတဲ့ ပြည်သူတွေရဲ့သွေး။ ခုတော့ ဘုန်းဘုန်းတို့ရဲ့သွေးစိမ်းရှင်ရှင်နဲ့ ပေါင်းဆုံမိကြပြီ။ သမိုင်းသွေးအိုင်က ဘယ်အခါများမှ ခန်းခြောက်တော့မှာလဲ။

Most Read

Most Recent