ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးပြားများ စံချိန်တင် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များနှင့်ဆက်စပ်၍ ကွင်းဆက်အဖြစ် ဒဂုံအရှေ့ပိုင်းမြို့နယ် တက္ကသိုလ်ရိပ်မွန်အိမ်ရာဝင်းအတွင်း နေအိမ်တစ်အိမ်မှ ကျပ် ၁၉ ဘီလျံကျော် တန်ဖိုးရှိ WY မူးယစ်ဆေးပြားများကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိကြီးတစ်ဦးက ဆိုသည်။
စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာ၊ အင်ကြင်းလမ်း၊ အိမ်အမှတ် (၇)တွင် ကျပ် ၁၉ ဘီလျံကျော် တန်ဖိုးရှိ WY ဆေးပြားပေါင်း ၃၈ သိန်းကျော်နှင့် Ice (အိုက်စ်) ၃၅၀ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“အခု ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကတော့ ဆေးပြားကြီးပဲ အလုံးပေါင်း ၃၈ သိန်းကျော်နဲ့ Ice ၃၅၀ ဂရမ်တို့ ဖမ်းဆီးရမိတာပါ။ အခု ဖမ်းဆီးရမိတဲ့ဖြစ်စဉ်က ပထမတစ်ကြိမ် ဒီအိမ်ရာအတွင်းထဲမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးဖြစ်စဉ်နဲ့ ဆက်နွှယ်နေတယ်။ နေအိမ်မှာရှိတဲ့ အစောင့်နှစ်ယောက်ကိုလည်း ဖမ်းဆီးစစ်ဆေးနေပါတယ်” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။
အဆိုပါ စံချိန်တင်မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟုဆိုသည့် KALADAN DELTA DEVELOPMENT ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ မင်းဦးခိုင်ဆိုသူအား စက်တင်ဘာအတွင်း မြဝတီမြို့နယ်၌ ဖမ်းဆီးရမိခဲ့သည့် နောက်ပိုင်း ၎င်းအား စစ်ဆေးပေါ်ပေါက်ချက်အရ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တက္ကသိုလ်ရိပ်မွန်အိမ်ရာအတွင်းရှိ နေအိမ်တစ်အိမ်မှ ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးပြား နှစ်သန်းခန့်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုဖြစ်စဉ်နှင့်ဆက်စပ်၍ ယင်းအိမ်ရာတွင်လည်း ကျပ် ၁၉ ဘီလျံကျော်တန်းဖိုးရှိ မူးယစ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် မြို့သစ် (၁) လမ်းရှိ ရိုးကြီးချောင်းအတွင်း၌ အထုပ်တစ်ထုပ် မျောပါလာသည်ကို ယင်းချောင်းအနီး နေထိုင်သည့်သူများက မြင်တွေ့ခဲ့ပြီး စစ်ဆေးရာ အထုပ်ထဲမှ Y1 အမှတ် တံဆိပ်များ ကပ်ထားသော တစ်ထုပ်လျှင် ဆေးပြား ၂၀၀ ပါ ၁၆ ထုပ်နှင့် ရေစိုတံဆိပ်ပျောက်ဆေးပြား ၂၀၀ ပါ တစ်ထုပ် စုစုပေါင်း ၃၄၀၀ ပြား၊ တစ်ထုပ်လျှင် ၆၀၀၀ ပြားပါ ၁၀ ထုပ်၊ ၁ ထုပ်လျှင် ၂၀၀ ပြားပါ စက္ကူဖြင့် ထုပ်ထားသော အထုပ် ၁၀ ထုပ် စုစုပေါင်း ဆေးပြား ၆၅၄၀၀ ပြားအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ ဆေးပြာများမှာ ပန်းရောင်မူးယစ်ဆေးပြားများဖြစ်ပြီး စုစုပေါင်းတန်ဖိုးမှာ ကျပ် သန်း ၃၂၀ ကျော်အထိရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ ဖမ်းဆီးရမိသော မူးယစ်ဆေးပြားများမှာ ယခုနှစ်အတွင်း စံချိန်တင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးပြားများ၏ အရောင်နှင့် တူညီနေသော်လည်း ဆေးပြားများအား ထုပ်ပိုးထားသည့် ပါကင်ထုပ်ပိုးမှုပုံစံမှာ မတူညီကြောင်း သိရသည်။
အိမ်အတွင်းမှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအား တွေ့ရစဉ်
ထို့ပြင် ယခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်၌ ရပ်ထားသော ကွန်တိန်နာယာဉ်တစ်စီးပေါ်မှ ကျပ် ၁၃၃ ဘီလျံကျော်တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၂၆၇သိန်းအား စံချိန်တင် ဖမ်းဆီးရမိခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ဆက်စပ်၍ သြဂုတ်လတွင် မြောက်ဒဂုံမြို့နယ်၌ WY ပန်းရောင် မူးယစ်ဆေးပြား ၁၅ သိန်းခန့်အား လည်းကောင်း၊ သာကေတမြို့နယ်၌ WY ပန်းရောင်စိတ်ကြွဆေးပြား ခြောက်သိန်းခန့်နှင့် အလျား ခြောက်လက်မ အနံလေးလက်မ ထုတစ်လက်မ ရှိ ဘလောက်တုံးများကို အသီးသီးဖမ်းဆီးရမိခဲ့သည်။ အဆိုပါ စံချိန်တင် စိတ်ကြွဆေးပြားတွေ့ရှိမှုတွင် မရမ်းကုန်းမြိုနယ်အတွင်းရှိ ရေလုပ်ငန်းလုပ်ကိုင်သော KALADAN DELTA DEVELOPMENT ကုမ္ပဏီနှင့် မြောက်ဒဂုံမြို့နယ်အတွင်းရှိ Arakan bay ဆောက်လုပ်ရေးကုမ္ပဏီမှ ပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ဆောင်သူအချို့ ပါဝင်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မူးယစ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စိတ်ကြွမှုးယစ်ဆေးပြားများ စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့သည့် ဖြစ်စဉ်များ နှင့် ဆက်နွှယ်သူ ၁၂ ဦး၏ ဓာတ်ပုံများအား နိုင်ငံတစ်ဝန်းရှိ ရဲစခန်းများနှင့် ဟိုတယ်များသို့ ပေးပို့ရှာဖွေလျက်ရှိကြောင်း သိရသည်။










