မျှော်လင့်နေကြတဲ့ အပြောင်းအလဲ

မျှော်လင့်နေကြတဲ့ အပြောင်းအလဲ
Published 25 September 2015
သစ်ထွဋ်

ဒီနေ့အချိန်မှာ နိုဝင်ဘာမှာ ကျင်းပတော့မယ့် အထွေထွေ ရွေးကောက်ပွဲကနေ တိုင်းပြည်အတွက် အပြောင်းအလဲကြီး ဖြစ်ပေါ်လာနိုင်ဖို့ အများက မျှော်လင့်နေကြပါတယ်။လက်ရှိမှာ ရွေးကောက်ပွဲအတွက် မဲဆွဲစည်းရုံး နေကြသူတွေက လက်ရှိထက် မည်သို့မည်ပုံ ကောင်းမွန်လာအောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုစည်းရုံး နေကြပါတယ်။ နှစ် ၂၀ ကျော် အတိုက်အခံ ပါတီကြီးအဖြစ် ရပ်တည်လာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကဆိုရင် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး အထူးနှိုးဆော်လျက် ရှိပါတယ်။ တကယ်လည်း မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို ပြန်ကြည့်ရင် အပြောင်းအလဲတွေ ကြီးကြီးမားမား ဖြစ်ပေါ်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတာ ဘယ်ရှုထောင့်ကကြည့်ကြည့် မှန်ကန်နေတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။■ အများကြီး ကွာဟများများကြည့်ဖို့ မလိုပါဘူး။ လက်ရှိ ဒေသတွင်းနိုင်ငံ အများစုနဲ့ မြန်မာနိုင်ငံဟာ ဘာတွေမှာ ဘယ်လောက် ကွာခြားသွားပြီ ဆိုတာကို လေ့လာကြည့်ရင် ပြောင်းလဲမှုတွေ ဘာကြောင့် လိုသလဲဆိုတာ အလွယ်တကူ သိနေနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုးမှု အခြေအနေဟာ ဒေသတွင်းနိုင်ငံ အများစုနဲ့စာရင် အများကြီး ကွာဟနေပြီ ဖြစ်ပါတယ်။ သူများနိုင်ငံတွေက နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလျံထောင်နဲ့ချီပြီး ကုန်သွယ်မှု ပြုလုပ်နေချိန်မှာ မြန်မာနိုင်ငံမှာတော့ ဒေါ်လာဘီလျံ ၃၀ လောက်ကိုပဲ နှစ်စဉ်ကုန်သွယ်မှု ပြုနိုင်ပါတယ်။ စိုက်ပျိုးရေးကို အခြေခံတဲ့ စီးပွားရေးကို လုပ်နေတယ်လို့ ဆိုပေမယ့် အိမ်နီးချင်း ထိုင်းနိုင်ငံက ဆန်တန်ချိန် ၁၀ သန်းလောက် ပြည်ပကို တင်ပို့နိုင်တဲ့ အချိန်မှာ ကိုယ့်ဆီမှာတော့ တန်ချိန် တစ်သန်း ပို့နိုင်ဖို့တောင် မနည်းလုပ်နေရတဲ့ အခြေအနေ ရှိနေဆဲပါ။■ မှီခိုနေရဒေသတွင်း နိုင်ငံတွေဟာ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကနေ ဒေါ်လာဘီလျံ ရာနဲ့ချီပြီး ရနေချိန် ကိုယ်တွေဆီမှာတော့ ကုန်ကြမ်းကိုသာ အဓိက တင်ပို့နိုင်ပြီး အခြားနိုင်ငံတွေက ကုန်ချောတွေ ပြန်ပြီး တင်သွင်းနေရတဲ့ အခြေအနေ ရှိပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတွေက ထုတ်ကုန်တွေ မြန်မာပြည်ထဲ ဘယ်လောက်အထိ လွှမ်းမိုး ဝင်ရောက်နေသလဲ ဆိုတာကတော့ နီးစပ်ရာ Super Market တစ်ခုကိုသာ ဝင်ကြည့်ဖို့ အကြံပြုလိုပါတယ်။ အဲဒီအခါမှ ကိုယ့်နိုင်ငံ ထုတ်ကုန်နဲ့ အခြားနိုင်ငံက ထုတ်ကုန် ဘယ်ဟာတွေက များနေလည်းဆိုတာ အလွယ်တကူ သိမြင်နိုင်ပါတယ်။ နိုင်ငံရဲ့ အဓိကဝင်ငွေဟာ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို အားမပြုဘဲ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်ကဲ့သို့ တစ်ချိန်မှာ ကုန်ခန်းသွားနိုင်တဲ့ သယံဇာတတွေကို နိုင်ငံရဲ့ဝင်ငွေ အဓိကရလမ်းအဖြစ် မှီခိုနေရတာကလည်း ရေရှည်မှာ အခက်တွေ့လာနိုင်တာကြောင့် မဖြစ်မနေ ပြုပြင်ပြောင်းလဲရမယ့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေပါတယ်။■ လာအိုထက်နည်းဒါ့အပြင် ဒေသတွင်းနိုင်ငံတွေရဲ့ တစ်ဦးချင်း GDP ကို ကြည့်မယ်ဆိုရင်လည်း ကပမဘဏ်က ဖော်ပြထားတဲ့ ၂၀၁၄ ခုနှစ် စာရင်းအရ မြန်မာက ၁၂၀၃ ဒသမ ၈ ဒေါ်လာရှိပြီး၊ ထိုင်းက ၅၅၁၉ ဒသမ ၄ ဒေါ်လာ ရှိပြီး၊ စင်ကာပူက ၅၆၂၈၆ ဒသမ ၈ ဒေါ်လာ၊ ဗီယက်နမ်က ၂၀၅၂ ဒသမ ၃ ဒေါ်လာရှိပြီး လာအိုက ၁၇၅၉ ဒသမ ၈ ဒေါ်လာအထိ ရှိနေပါတယ်။ တစ်ဦးချင်း GDP တွေမှာ လာအိုတောင် ကိုယ့်ထက်များနေတာကို တွက်ကြည့်ရင် မြန်မာနိုင်ငံ အနေနဲ့ အခြားဒေသတွင်း နိုင်ငံတွေကို အမှီလိုက်နိုင်ဖို့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်မှာ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် လက်ရှိအခြေအနေအရတော့ မြန်ဆန်ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်နေပါတယ်။ နှစ်စဉ် နိုင်ငံတော်ရဲ့ ဘတ်ဂျက်လိုငွေပြမှု၊ ကုန်သွယ်မှုလိုငွေပြမှုနဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေ အားကောင်းအသက်ဝင်ဖို့ လိုအပ်နေတာကလည်း အပြောင်းအလဲတွေ ကြီးကြီးမားမား ထပ်လုပ်ဖို့ မဖြစ်မနေ လိုအပ်နေတာကို ပြဆိုနေပါတယ်။■ ဒါသင် ဒါကျက်ဒါ့အပြင် လူထုအခြေခံ စောင့်ရှောက်ရေး လုပ်ငန်းတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေမှာလည်း ဒေသတွင်းနိုင်ငံ အများစုနဲ့ နှိုင်းယှဉ်မယ်ဆိုရင် လိုအပ်ချက်တွေ ရှိနေပါတယ်။ ကျန်းမာရေး ကဏ္ဍမှာ ဘတ်ဂျတ်ငွေ သုံးစွဲမှုဟာ ပိုပြီး သုံးစွဲဖို့ လိုအပ်ချက်တွေ ရှိနေပြီး လူထုကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အခက်အခဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အာဆီယံနိုင်ငံများအတွင်း မွေးကင်းစကလေးနဲ့ ကလေးငယ် သေဆုံးမှု ဒုတိယအမြင့်ဆုံး ဖြစ်နေတာမျိုးတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာကို ပြဆိုနေပါတယ်။ ပညာရေး ကဏ္ဍမှာလည်း ကျောင်းအဆောက်အအုံကဲ့သို့ အခြေခံ အဆောက်အအုံတွေ လိုအပ်မှု ကြီးမားနေဆဲ ဖြစ်သလို သင်ကြားပေးမယ့် ဆရာများရဲ့ လူသားအရင်းအမြစ် လိုအပ်ချက်က ကြီးမားနေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် အရိုးစွဲနေကြတဲ့ တကယ်တတ်မြောက်ရေးကို အလေးမထားဘဲ ဒါသင်ဒါကျက် အလေ့အကျင့်တွေ ဖြစ်နေတာကို ပြုပြင်ပြောင်းလဲဖို့က ပညာရေး ကဏ္ဍအတွက် အကြီးမားဆုံးသော စိန်ခေါ်မှု ဖြစ်နေပါတယ်။ ဒီအတွက် ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေအတွက် မြန်ဆန်ထိရောက် ကောင်းမွန်တဲ့ မူဝါဒ အပြောင်းအလဲတွေ လုပ်ဖို့ လိုအပ်နေပါတယ်။■ တရားဥပဒေ စိုးမိုးရေးဒါ့အပြင် နိုင်ငံသားများ အလုပ်အကိုင် ရရှိရေးဟာလည်း နိုင်ငံအတွက် အရေးကြီးလှပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးရေးက စီးပွားရေး ဖွံ့ဖြိုးတိုးမှုနဲ့ ချိတ်ဆက်နေပါတယ်။ လက်ရှိမှာတော့ သန်းနဲ့ချီတဲ့ နိုင်ငံသားတွေဟာ အခြားနိုင်ငံတွေမှာ အလုပ်သွားလုပ် နေရပါတယ်။ ဒီလို သွားလုပ်တဲ့ အခါမှာ သူများ မလုပ်ချင်တဲ့ အလုပ်တွေ လုပ်နေကြသူတွေ အများကြီး ရှိနေပါတယ်။ မတရား စေခိုင်းခံနေရသူတွေလည်း ရှိနေပါတယ်။ ဒီအတွက် လုပ်သားတွေအတွက် ပြည်တွင်းပြည်ပမှာ ထိုက်သင့်ကောင်းမွန်တဲ့ အလုပ်အကိုင်တွေ ရရှိရေးဟာလည်း အလုပ်အကိုင်ကဏ္ဍနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲရမယ့် အဓိကအချက် ဖြစ်ပါတယ်။ နောက် အရေးကြီးတဲ့ အချက်ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးမှာလည်း အမှုအခင်းများ ပေါများနေခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိ ရောင်းဝယ်ဖောက်ကားမှု အားကောင်းနေခြင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အားမကောင်းခြင်း၊ တရားစီရင်ရေး ကဏ္ဍအပေါ် အများဝေဖန်မှုများ ရှိနေခြင်းကဲ့သို့ ဖြစ်ရပ်များက တရားဥပဒေ စိုးမိုးရေးအတွက် လုပ်စရာတွေ အများကြီး ရှိနေတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးဟာ နိုင်ငံသားများ နိုင်ငံတွင်း အေးချမ်းစွာ နေထိုင် လုပ်ကိုင်နိုင်ရေးအတွက် အရေးကြီးလှတာကြောင့် လက်ရှိ အခြေအနေတွေကို ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်နေတာပါ။ဒီလို လိုအပ်ချက်တွေ များစွာရှိနေတာကြောင့် မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေ အတွက် ပြောင်းလဲမှုကတော့ မဖြစ်မနေ လိုအပ်နေပါတယ်။ တကယ်တော့ လက်ရှိ မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် တိုးတက်အောင် ပြောင်းလဲပေးနိုင်တာကတော့ ကောင်းမွန်တဲ့ မူဝါဒ ချမှတ်ပြီး အောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့ စွမ်းရည်ပြည့်တဲ့ အစိုးရ တစ်ရပ်ကသာ ဆောင်ရွက်ပေးနိုင်ပါတယ်။ အဲဒီလို အစိုးရက နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အမှန်တကယ် အကျိုးအတွက် ကောင်းမွန်မျှတ ခေတ်မီတဲ့ မူဝါဒတွေ ချမှတ်ဆောင်ရွက်ပေးမှုတွေမှာ နိုင်ငံသားတွေက တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ကြမှသာ အမှန်တကယ် ပြောင်းလဲမှုကို ရရှိကြမှာ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာ ဒီလို အစိုးရတစ်ရပ်ရဖို့ အခွင့်အရေး ရှိနေပြီ ဖြစ်ပါတယ်။ ဒါကတော့ မကြာမီ ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံသားတွေ အနေနဲ့ မိမိတို့အပေါ် ကောင်းမွန်တဲ့ ပြောင်းလဲခြင်းတွေ ဆောင်ရွက်ပေးနိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို မိမိဆန္ဒအတိုင်း ရွေးချယ်ခြင်းဖြင့် လက်ရှိထက် ကောင်းမွန်တဲ့ အခြေအနေ တစ်ရပ်ကို ဖန်တီးပေးနိုင်မယ့် အစိုးရတစ်ရပ် ဖြစ်ပေါ်လာနိုင်အောင် ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။တကယ်တော့ အခက်အခဲ၊ အကျပ်အတည်းတွေကို ကိုယ်တိုင်တွေ့ကြုံနေကြတဲ့ လူအများစုရဲ့ စိတ်ထဲမှာလည်း အပြောင်းအလဲတွေကို မျှော်လင့်နေကြတာ မဆန်းလှပါဘူး။ ဒီအတွက် ဒီအချိန်မှာ လုပ်နိုင်တာကတော့ အများပြည်သူတွေ အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ မဲစာရင်းများကို သွားရောက်ကြည့်ရှု စစ်ဆေးကြပါ။ လာမယ့် ရွေးကောက်ပွဲမှာလည်း မိမိတို့ နိုင်ငံနဲ့ နိုင်ငံသားတွေ လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် သူတွေကို ရွေးချယ်ကြဖို့ လိုအပ်ပါကြောင်း အများအကျိုးမျှော် နှိုးဆော်တိုက်တွန်း ရေးသားလိုက်ရပါတယ်။

Most Read

Most Recent