နိုဝင်ဘာရှစ် အမှန်ခြစ်

နိုဝင်ဘာရှစ် အမှန်ခြစ်
Published 24 September 2015
မောင်စံပေါ

(၁)
မြန်မာပြည်မှာ ပျော်စရာတွေ ပေါပါတယ်။ ရှေးကတည်းက ဆယ့်နှစ်လ ရာသီလုံးမှာ ပွဲမပြတ်တဲ့ တိုင်းပြည်။ သင်္ကြန်တာကူး၊ နှစ်ဦးညောင်ရေ၊ စာပလွေခင်း…… စသဖြင့် ရေးခဲ့မှတ်ခဲ့ကြတာ ငယ်ငယ်တုန်းက ကျက်ခဲ့ရပါသော်ကော။ဟာ နောက်ပိုင်းမှာ ပျော်စရာတွေက ထပ်ထပ်ပြီး တိုးလာကြတယ်။ ရေလာရင် ပျော်ရတယ်။ မီးလာရင် ပျော်ရတယ်။ ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ အမေဆိုရင် သူကြည့်ချင်တဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေ မလာခင်မှာ မီးပျက်သွားရင် သိပ်စိတ်တိုတယ်။ မီးစက်မရှိ၊ အင်ဗာတာ ပေါက်စနဲ့လည်း ကြည့်မှမရဘဲ ကိုးဗျာ။ မီးလာလို့ အဆင်ပြေပြေ ကြည့်ရတော့လည်း ကျေးဇူး မမေ့ပါဘူး။ ဆုတောင်း ပေးရှာပါတယ်။ မောင်မင်းကြီးသားများ ကျန်းမာကြပါစေ၊ ချမ်းသာ ကြပါစေတဲ့။(၂)
မီးမလာလို့ အမှောင်ထဲမှာ နေနိုင်ပေမယ့် တစ်ခါတစ်လေမှ ကြည့်ခွင့်ရတဲ့ အစီအစဉ်တွေကျတော့ သူသူငါငါ ကြည့်ချင်ကြတာ ဓမ္မတာလေ။ ကိုယ်မေတ္တာ ထားသူဆို ပိုတောင်မှ တွေ့မြင်ချင်ကြ၊ ကြည့်ချင် ကြတာကလား။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကဆို တစ်နေ့ခင်းလုံး ညဦးပိုင်းမှာ မီးမပျက်ပါစေနဲ့ ဆုတောင်းသံတွေ ညံနေခဲ့တယ်။ အဲဒီညက မီးလာတော့ ပျော်လိုက်ကြတာ။ဆယ်တန်း အောင်တုန်းကထက်တောင်မှ ပျော်သေးတယ်တဲ့။ အသိတစ်ယောက်ပြောတဲ့ စကားအလင်္ကာ။ အလွန်အကြူး ဆိုပါသော်ကောဆိုပြီး အတိဿယဝုတ္တိ အလင်္ကာ နာမည်တပ်သူ တပ်ချင်ရင် တပ်ပေလိမ့်မယ်။(၃)
ကျောင်းနေဖူးသူတိုင်း စာမေးပွဲတွေ ဖြတ်သန်းခဲ့ရတာပါ။ အောင်စာရင်း ကြည့်ခြင်းရဲ့ ရသကို တစ်ကြိမ်တစ်ခါလောက်တော့ ခံစားမိကြမှာပါ။ စာမေးပွဲကို အလေးထားမှုနဲ့ စာမေးပွဲရဲ့ အရေးပါမှုကို မူတည်ပြီး အောင်စာရင်း ထွက်ချိန်၊ အောင်စာရင်း ကြည့်ချိန်မှာ ရင်ခုန်သံ ကွာနိုင်ပါတယ်။“ ငါ့ဟယ် ဆယ်တန်း အောင်စာရင်းသွား ကြည့်ခဲ့တုန်းကတောင်မှ အခုလို ရင်မခုန်ခဲ့ မပျော်ခဲ့ပါဘူး။ မဲစာရင်းမှာ ငါတို့မိသားစု နာမည်တွေ မမှားမယွင်းနဲ့ ပြည့်ပြည့်စုံစုံ တွေ့ရတော့ ဝမ်းသာလိုက်တာ။ ငါတို့ မဲပေးချင်သူကို မဲပေးရတော့မယ်။ ”ဆယ်တန်း စာမေးပွဲကို ဘာသာစုံ ဂုဏ်ထူးနဲ့ အောင်ခဲ့ပြီး အထူးကု သမားတော်ကြီး ဖြစ်နေတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့အပျော်။(၄)
နောက်သူငယ်ချင်း တစ်ယောက်ကကျတော့ တစ်မျိုး။ သူက ငယ်ငယ်ကတည်းက သူရဲ၊ တစ္ဆေ ဝါသနာ ပါတယ်။ ကြောက်လည်း ကြောက်တတ်တယ်။ ကြောက်ပေမယ့် ဘယ်မှာ ဘယ်သူသေပြီး ဘာဖြစ်နေသတဲ့၊ ဘယ်လို ခြောက်တာတဲ့ဆိုရင် ထိပ်ဆုံးက ပြေးသွားပြီး စပ်စုတတ်သူ။ အခု သူ့အတွက် အခွင့်ကောင်းတစ်ခု ကြုံတာလာ ပြောပါတယ်။ ဘယ်လောက်များ စိတ်အား ထက်သန်နေသလဲဆိုတာ တကူးတက ဖုန်းဆက်ခေါ် ကျွေးမွေးပြီး ပြောပြတာသာ ကြည့်ဗျာ။“ ဟေ့ကောင် သူငယ်ချင်း။ မင်းသိလား။ ”
“ ဘာလဲကွ၊ ဘာမှ မပြောသေးဘဲနဲ့ သိနှင့်နေရအောင် ငါက အကြားအမြင်ရတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူး။ အကြားအမြင်ရတဲ့ ပုဂ္ဂိုလ် ဆိုရင်လည်း ငါနဲ့ မင်းနဲ့ အခုအချိန်မှာ အခုလို တွေ့ရမှာ မဟုတ်ဘူး။ ”
“ ဟေ ဘာဆိုင်လဲဟ။ ”
“ ဆိုင်သပေါ့မောင်။ ငါ့ကို ပင့်ဖိတ်ပြီး လုံခြုံစိတ်ချရတဲ့ နေရာမှာ စည်းစိမ်ဥစ္စာ လိုလေသေးမရှိနဲ့ အပိုင် သိမ်းထားမယ့် လူတွေ ရှိနေနိုင်တာပေါ့။ ထားပါတော့ကွာ အခုခေါ်တာ ဘာပြောမလို့လဲ။ ”
“ ဒီလိုကွ။ ငါ့အိမ်မှာ တစ္ဆေသုံးကောင် ရောက်နေတယ်။ အကောင်အထည်တော့ မမြင်ရသေးဘူး။ ဒါပေမဲ့ သူတို့ရှိနေကြောင်းတော့ ငါသေသေချာချာ သိတယ်။ ”
“ ဘယ်လိုကွ။ ”
“ မဲစာရင်းကြည့်တော့ ငါတို့အိမ်မှာ ငါတို့မသိတဲ့ လူသုံးယောက် တွေ့တယ်ကွ။ ဒါသူရဲ၊ တစ္ဆေတွေပဲ ဖြစ်မှာပေါ့။ ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ အချိန်မှာ သူတို့ပါ မဲဝင်ပေးချင်လို့ သူတို့တန်ခိုးနဲ့ စာရင်းထဲမှာပါအောင် လုပ်ထားတာ နေမှာပေါ့ကွာ။ ငါသူတို့ နာမည်နဲ့ အကြောင်းအရာ အသေးစိတ်ကို မှတ်ထားတယ်ကွ။ အဲဒါနိုဝင်ဘာ ၈ ရက်ကျရင်တော့ သေချာပေါက်တွေ့မှာ။ အဲဒီနေ့ မဲရုံမှာ ထမင်းထုပ်နဲ့ ရေဘူးနဲ့ တစ်နေကုန် သွားစောင့်ကြည့်ဖို့ လုပ်ထားပြီးပြီ။ ”
“ မင်းက မဲရုံထဲမှာ အစအဆုံး နေရအောင် ဘယ်လို လုပ်ထားတာလဲ ပြောစမ်းပါဦး။ ”
“ ဒါလား။ မဲရုံတွေမှာ တရားဝင် စောင့်ကြည့်ဖို့  ခွင့်ပြုထားတာတွေ ရှိတယ်လေကွာ။ ငါက အဲဒီထဲက တစ်ယောက်ဆိုရင် လုံလောက်ပါပြီကွာ။ ကဲပါကွာစား။ ထူးထူးခြားခြား တွေ့ရကြုံရတာရှိရင် မှတ်တမ်းတင်ထားပြီး မင်းကိုပြမယ်၊ ပြောမယ် လေကွာ။ ”(၅)
“ သူငယ်ချင်း၊ အချိန်ရလား ပြောစရာ ရှိလို့။ ”
မတွေ့တာကြာတဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတယ်။
“ အေး။ ရတယ်။ ပြော။ ”
“ မင်း ငါ့အမေကို မှတ်မိလား။ ”
“ မှတ်မိတာပေါ့ဟ။ ”
မမှတ်မိဘဲ ဘယ်ရှိပါ့မလဲ။ ငယ်ငယ်တုန်းက ဒီကောင့်အိမ်က စားအိမ် သောက်အိမ်။ သူ့အမေ ဆိုတာလည်း ကိုယ့်အမေ လိုပါပဲ။ အလုပ်ထဲရောက်တော့ ဝေးသွားခဲ့ကြတယ်။ အကြောင်းတိုက်ဆိုင်ရင် သတိရတယ်။ မြို့ပြန်ရောက်ရင် တတ်နိုင်သမျှ မုန့်ကလေးပဲကလေးနဲ့  ဝင်ကန်တော့တယ်။ နောက်တော့ လူကြီးရောဂါနဲ့ ဆုံးပါးသွားခဲ့တာ ကြာပြီကော။ ဆုံးပါးသွားပြီး အိမ်ထောင်စု စာရင်းကနေ သူ့အမေနာမည်ကို ထုတ်ခဲ့ချိန်မှာ မျက်ရည်လေး စမ်းစမ်းနဲ့။ ပြောင်ပြောင် လက်လက်တွေ ဝတ်ဆင်ပြီး ပြုံးပြုံးရွှင်ရွှင် အိပ်မက်ထဲမှာ မြင်တွေ့ရတဲ့အခါ အမေတော့ ကောင်းရာဌာန ဘုံဘဝကို ရောက်သွားပြီဆိုပြီး ဝမ်းသာအားရ ဖုန်းဆက်တဲ့ သူငယ်ချင်း။
“ အေး။ ရွေးကောက်ပွဲနေ့မှာ အမေ မဲလာပေးလိမ့်မယ်။ ”
“ ဟေ။ မဟုတ်တာ သူငယ်ချင်းရာ။ ကြီးကြီး ဆုံးသွားတာ ကြာခဲ့ပြီဥစ္စာ။ မင်းတောင်မှ အမေတော့ ကောင်းရာဌာန ဘုံဘဝကို ရောက်သွားပြီဆိုပြီး ငါ့ကို ပြောသေးတာကွာ။ ”
“ ဟုတ်တယ်။ ဒါပေမဲ့ အမေစိတ်ကြီးတာ၊ မဟုတ်မခံတာ မင်းသိတယ် မဟုတ်လား။ ”
“ အဲဒါ ရွေးကောက်ပွဲနဲ့ ဘာဆိုင်လဲ။ ”
“ ဆိုင်လို့ အမေ မဲလာထည့်မှာ။ ငါ မဲစာရင်းမှာ တွေ့ခဲ့ပြီးပြီ။ ရွေးကောက်ပွဲနေ့ကျရင် တွေ့ချင်တွေ့မှာ။ လွဲသွားခဲ့ရင်တောင် မဲစာရင်းကြည့်ရင် သိပါတယ်ကွာ။ ငါ့အမေ လက်မှတ်ကို ငါမှတ်မိတာပေါ့။ ”ဒုက္ခပါပဲ။ လွဲတော့နေပါပြီ။ မဲစာရင်းမှာ အမှားအယွင်းတွေ ရှိနေနိုင်ပါတယ်ဆို။(၆)
“ မဲစာရင်းမှာ အမှားအယွင်းကင်းဖို့ ခက်ပါတယ်။ ကျွန်တော်တို့တောင် မပါဘူးဗျ။ ”
ပထမအကြိမ် မဲစာရင်းတွေ ကပ်စဉ်က ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌဖြစ်သူက ပြောခဲ့တယ်။ ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ပြီး ရပ်ရွာ သာရေးနာရေးတွေမှာ အတူ တွဲလုပ်နေကျဆိုတော့ ပြန်ပြောလိုက်ပါတယ်။
“ ဒါ ခင်ဗျားမှာ တာဝန်ရှိတာပေါ့။ ရပ်ကွက် ကော်မရှင် ဥက္ကဋ္ဌ တစ်ယောက်လုံး လုပ်နေပြီးတော့ဗျာ။ ”
“ မပြောတတ်ပါဘူးဗျာ။ ကွန်ပျူတာများ မှားသလားပဲ။ ”
“ ကွန်ပျူတာက မှားမလားဗျာ။ မှားချင်းမှားရင် ကွန်ပျူတာ ကိုင်တဲ့လူကသာ မှားပေမပေါ့။ ”(၇)
ကွန်ပျူတာနဲ့ ပတ်သက်ပြီး တကယ်လား ဘာလား မသိတဲ့ ဇာတ်လမ်းတစ်ပုဒ် သတိရမိတယ်။ စတိုးဆိုင်ကြီး တစ်ခုက ဈေးဝယ်သူ တစ်ယောက်ကို အကြွေးတောင်းတဲ့ စာပို့ပါသတဲ့။ အကြွေး သုညဒေါ်လာ ဆပ်ပါတဲ့။ ဈေးဝယ်သူကလည်း အကြွေး ပေးစရာမှ မရှိတာဆိုပြီး မေ့လျော့ နေပါသတဲ့။ ခဏခဏ ကြွေးတာင်းစာ ရပြီးချိန်မှာ ရော့သုညဒေါ်လာဆို ချက်လက်မှတ် ရေးပေးလိုက်မှ ကျေးဇူးတင်စာ ပြန်ရသတဲ့။(၈)
ကွန်ပျူတာ မှားတာလား ဘာလားတော့ မသိပါဘူး။ မှားနေကြောင်း သတင်းပို့လိုက်တာ မှားသူမှန်ပြီး မှန်သူမှားသွားသလား အောက်မေ့ရတာ တစ်ခုတွေ့လိုက်ရတယ်။ အများပြည်သူ ယုံကြည် ချစ်ခင်လေးစားတဲ့ ဆရာကြီး တစ်ယောက်ရဲ့ အိမ်မှာဖြစ်တာ။ “ စာရင်းရှိငါး၊ အမှားတစ်၊ အမှန်လေး ” ကနေ “ စာရင်းရှိငါး၊ အမှားလေး၊ အမှန်တစ် ” ဖြစ်သွားတယ် ထင်ပါရဲ့။ ဒါမှ မဟုတ်လည်း “ စာရင်းရှိငါး၊ အမှားငါး၊ အမှန် သုည ” လို့လည်း ယူဆနိုင်တာပါပဲ။သူကတော့ ဒီလို ရေးတယ်ဗျ။“ ပထမ တကြိမ်တုန်းက အိမ်က မဲပေးခွင့်ရှိတဲ့ လူငါးဦးမှာ တစ်ဦးမှားလို့ ပြင်လိုက်တယ် အခု လေးဦး ထပ်မှားတယ်။ ”ဒါမျိုး ကြုံရတတ်သလားပေါ့လေ။ ဘာမဆိုင် ညာမဆိုင် တန်းညှိခြင်း ပုံပြင်ကို သတိရမိတယ်။(၉)
သူငယ်ချင်း အရာရှိကြီးတစ်ယောက် ကြုံရတာကို ပြန်ရေးပြထားတာ ဖတ်ရတော့ ပြုံးမိတယ်ဗျာ။“ အကြို မဲစာရင်း ကြေညာတုန်းက ဇော်ဇင်မြင့်လို့ မှားနေတာ မဟေသီက သွားကြည့်၊ ပြန်ပြင်ခိုင်းတော့ မကျေနပ်သလို ပုံစံနဲ့ ဒါအရေးမကြီး ပါဘူးတဲ့။ အခု သွားကြည့်တော့ ဇော်ဇင်မြင့်ပဲ ပြန်ဖြစ်နေပါသည်။ ကော်မရှင် ကြီးအား အားမကိုးတော့ဘဲ မိမိနာမည်သာ ပြောင်းလိုက်ပါမည်။ ယနေ့မှစ၍ ကျနော့်အား ဇော်ဇင်မြင့်ဟု ခေါ်ကြပါရန်။ နည်းနည်းတော့ ခြောက်သွား သလားလို့။ ”သူရေးတာကို သူ့မဟေသီက သဘောကျစွာနဲ့ သြဘာပေးသဗျ။“ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကောင်းမှုကြောင့် နာမည်အသစ် ရရှိသွားခြင်း။ ဦးဇော်ဇင်မြင့် (ဟီးဟီး) လှသားပဲ ” တဲ့။(၁၀)
နာမည် အသစ်မရပေမယ့် လိင်အသစ် ဖြစ်သွားတာ ၂၀၀၃ ခုနှစ်က ကြုံဖူးခဲ့ပါတယ်။ ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် အာဆီယံ သက်တမ်းအလိုက် လူငယ်စစ်တုရင် ပြိုင်ပွဲမှာပါ။ မြန်မာပြည် ကိုယ်စားပြု ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ကလေးမလေး တစ်ယောက်က ပွဲတိုင်းမှာ အနိုင်ရပြီး ထိပ်ဆုံးက ဦးဆောင်နေချိန်မှာ ဒုတိယနေရာ ရောက်နေတဲ့ နိုင်ငံက ကန့်ကွက်စာ တင်ပါတယ်။ ယောင်္ကျားလေးက မိန်းကလေး ပြိုင်ပွဲမှာ ဝင်ပြိုင်ပါတယ် ဆိုပြီးတော့ဗျာ။အဲဒီမှာ နိုင်ငံကူး လက်မှတ်စစ်တော့ လိင်အမျိုးအစားမှာ ကျားဖြစ်နေပါရော။ ပြိုင်ပွဲက ထုတ်ပယ်မယ်၊ ရလဒ်တွေ ပယ်ဖျက်မယ် ဖြစ်ပါရော။ ဒါနဲ့ မြန်မာ အသင်းခေါင်းဆောင်က မိန်းကလေးအစစ် ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောဆိုကန့်ကွက်တော့ အမျိုးသမီး ဆရာဝန်နဲ့ စစ်ဆေးပါတယ်။ မိန်းကလေး အစစ်ဖြစ်ကြောင်း အတည်ပြုပြီး ဆက်လက် ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ဒါပေမဲ့ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့အတွက် ကစားပွဲတွေမှာ ထိခိုက်ခဲ့ရပြီး ရွှေတံဆိပ် ရလုလုကနေ ကြေးတံဆိပ်တောင် လွဲခဲ့ရပါတယ်။        (၁၁)
ဟုတ်ကဲ့။ မှားတတ်တာ လူ့သဘာဝတဲ့။ စာရင်းဆိုတာ မှားတတ်တာကြောင့် စာရင်းစစ်ဆိုတာ ဖြစ်လာရတာ ပေါ့တဲ့။ အမှားတွေ့ရင် အမှန်ပြင်ကြတာ ပေါ့ဗျာ။ စိတ်မပျက်ပါနဲ့။ နောက်ဆုံးမှာ အမှန်ဖြစ်သွားမှာပါ။ ကဗျာရေးတာ ဝါသနာ ခပ်ပါပါဖြစ်ပြီး ကာရန်တွေကလည်း ခေတ်စားနေ၊ ဆောင်ပုဒ် တိုရှည်တွေ နေရာတကာ တွေ့နေရလေတော့ ရွေးကောက်ပွဲကြီးကို ဟောသလိုရေးပြီး ကြိုဆိုလိုက်ရကြောင်း ပါခင်ဗျား။နိုဝင်ဘာ ရှစ်၊ အမှန်ခြစ်၊ အမှန်ဖြစ်တော့မည်။

Most Read

Most Recent