စစ်တွေမြန်မာ့စီးပွားရေးဘဏ်သို့ မြန်မာငွေတစ်သောင်းကျပ်တန် ငွေစက္ကူအတု ၁၅၅ ရွက် ၁၅ သိန်းခွဲအား တစ်ထောင်ကျပ်တန်ဖြင့် လာရောက် လဲလှယ်ရာတွင် ဖမ်းမိ

စစ်တွေမြန်မာ့စီးပွားရေးဘဏ်သို့ မြန်မာငွေတစ်သောင်းကျပ်တန် ငွေစက္ကူအတု ၁၅၅ ရွက် ၁၅ သိန်းခွဲအား တစ်ထောင်ကျပ်တန်ဖြင့် လာရောက် လဲလှယ်ရာတွင် ဖမ်းမိ
Published 24 September 2015

စစ်တွေမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်သို့ မြန်မာငွေအတု ၁၅ သိန်းခွဲအား တစ်ထောင်ကျပ်တန်ဖြင့် လာရောက် လဲလှယ်ရာတွင် လဲလှယ်သူအား စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက် ၁၀ နာရီခွဲ ခန့်က မြန်မာ့စီးပွားရေး ဘဏ် ငွေလှဲကောင်တာသို့ အမည်မသိသူ တစ်ဦး ရောက်ရှိလာခဲ့ကြောင်းနှင့် ရေဘေးသင့် ပြည်သူများသို့ အလှူသွားလုပ်မည် ဖြစ်သဖြင့် တစ်သောင်းကျပ်တန်များအား တစ်ထောင်ကျပ်တန်နှင့် လဲပေးရန် တစ်သောင်း ကျပ်တန်များကို ထိုးပေးခဲ့ရာ ယင်းငွေများကို စစ်ဆေးကြည့်ရာ ငွေစက္ကူအားလုံးမှာ အတုများ ဖြစ်နေကြောင်း သိရသဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး စစ်တွေမြို့၊ မြို့နယ်ရဲမှူး၊  မြို့မရဲစခန်းမှ စခန်းမှူးနှင့် တာဝန်ရှိသူများနှင့် နယ်ထိန်း ခေါင်းဆောင်များ သွားရောက် စစ်ဆေးခဲ့ရာ အတု ပြုလုပ်ထားသော တစ်သောင်းကျပ်တန် ငွေစက္ကူ ၁၅၅ ရွက်( ၁၅ သိန်းခွဲ) အားတွေ့ရှိခဲ့ရပြီး စခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ရာ အဆိုပါ ငွေစက္ကူအတု ပြုလုပ်သူမှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စေတီရင်းရွာတွင် နေထိုင်သော ဦးရွှေတင်ဝင်း၊ (ဘ)မဲ့စံအောင်၊ အသက် ၂၆ နှစ်ဖြစ်ပြီး ငွေလိုအပ်သဖြင့် ထိုသို့ အတုများ ပြုလုပ်မိခဲ့ကြောင်းနှင့် ငွေစက္ကူများကို Printer ဖြင့် ထုတ်လုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်းများနှင့် သက်သေခံ ပစ္စည်းများကိုလည်း လိုက်လံပြသခဲ့သည်။
ယင်းနှင့် ပတ်သက်ပြီး ငွေစက္ကူ အတုလုပ်သူ၏ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ ကင်မရာတစ်လုံး၊ ကင်မရာဒေါက်တိုင်၊ စက္ကူဖြတ်ဓား၊ ကွန်ပျူတာနှင့် Printer တစ်လုံးနှင့် External Har disk တစ်လုံးတို့ကိုလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး စစ်တွေမြို့၊ မြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(ပ) ၂၀၂/၂၀၁၅ ၊ ဗဟိုဘဏ် အက်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent