မြောက်ဦးမြို့တွင် သံဃာတစ်ပါး လည်လှီးအသတ်ခံရသည်ဟု သတင်းထွက်ပေါ်ခြင်းမှာ မဟုတ်မှန်ဘဲ မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းသာဖြစ်ကြောင်း မြောက်ဦးရဲစခန်းမှ ပြောကြား
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် တောရဆောက်တည်နေသော သံဃာတော်တစ်ပါး လည်လှီးအသတ်ခံရသည်ဟု သတင်းထွက်ပေါ်ခြင်းမှာ မဟုတ်မှန်ကြောင်းနှင့် မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းသာဖြစ်ကြောင်း မြောက်ဦးရဲစခန်းမှ ပြောကြားသည်။
ဖြစ်စဉ်မှာ အဆိုပါသံဃာတော်သည် စက်တင်ဘာ ၂၁ ရက် နံနက်က ဆွမ်းခံမကြသဖြင့် မွန်းလွဲ ၂ နာရီခန့်တွင် အစ်ကိုဖြစ်သူက ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကြည့်ရှုရာ ပျံလွန်တော်မူနေသည်ကို တွေ့ရှိရသဖြင့် ပတ်ဝန်းကျင်ရှိ ရပ်ကွက်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး ရဲစခန်းသို့လည်း အကြောင်းခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးစခန်းမှူး ဒုရဲမှူးဦးသာဇံနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်သူများက အခင်းဖြစ်ပွားရာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်စစ်ဆေးခဲ့ရာ အရိုးအသွား ခြောက်လက်မခန့် ကြက်သွန်လှီးဓားတစ်ချောင်းနှင့် ဆရာတော် ကိုင်ဆောင်သော လက်ကိုင်ဖုန်းတစ်လုံး ထွေးခံခွက်အတွင်း သွေးများနှင့် တွေ့ရှိခဲ့ရပြီး အလောင်းအား ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း နှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ရဲစခန်းမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းနှင့် မြောက်ဦးရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂၂/၂၀၁၅ အရ အမှုဖွင့်လှစ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ စခန်းတာဝန်မှူး ဒုရဲအုပ် ဘခင်က “ဆရာတော်ရဲ့အစ်ကိုဖြစ်သူ ဦးမြသာက သတင်းပေးလို့ ကျွန်တော်တို့ သွားရောက်စစ်ဆေးတဲ့အခါမှာ ကြက်သွန်လှီးဓားတစ်လက်နဲ့ လက်ကိုင်ဖုန်းတစ်လုံးသာ တွေ့တယ်။ ကိုယ့် ကိုယ်ကိုယ် သေကြောင်းကြံစည်ထားတဲ့ လက္ခဏာတွေကို တွေ့ခဲ့ရတယ်။ ရဲမှတ်တမ်းမှာလည်း အဲလိုပဲ ရေးထားပါတယ်။ အလောင်းကို ဆေးရုံကိုပို့ထားပြီး စစ်ဆေးနေတယ်။ ဒါပေမဲ့ အခုအထိတော့ အဖြေမထွက်သေးဘူး။ အပြင်မှာက ကောလာဟလတွေ များနေတော့ သတင်းက အမျိုးမျိုးထွက်နေတာကို ကြားမိပါတယ်” ဟု ပြောကြားသည်။
အဆိုပါကျောင်းတွင် ဆရာတော်တစ်ပါးတည်း သီတင်းသုံးနေထိုင်ခြင်းဖြစ်ကြောင်းလည်း သိရပြီး ယင်းသို့ လည်လှီးထားသော ဒဏ်ရာဖြင့် ပျံလွန်နေခြင်းကို စက်တင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် အစ်ကိုဖြစ်သူက ဦးစွာသိရှိရခြင်းဖြစ်ကြောင်း၊ မြောက်ဦးမြို့ ဝသဲရပ်ကွက်ရှိ တောင်ကုန်းပေါ်၌ တောရဆောက်တည် သီတင်းသုံးနေထိုင်သော ဆရာတော် အရှင်ဦးခန္ထီစာရ၊ သက်တော် ၆၇ နှစ်၊ ဝါတော် ၁၄ ဝါဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး သမ္မတရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဌေးကိုယ်တိုင် အသုံးပြုသော Facevook စာမျက်နှာဖြစ်သည့် Hmuu Zaw စာမျက်နှာတွင်လည်း ဆရာတော်တစ်ပါး သေဆုံးခဲ့သည်မှာ ဟုတ်မှန်ကြောင်း၊ ယင်းဆရာတော်မှာ တစ်ပါးတည်း သီတင်းသုံးခြင်းဖြစ်ကြောင်း၊ ဆရာတော် နေခဲ့စဉ်ကလည်း ကျောင်းတံခါးကို အမြဲတမ်းပိတ်ထားခဲ့ကြောင်း၊ တစ်စုံတစ်ယောက် ဝင်ရောက်သည့်အနေအထား မတွေ့ရှိဟု သိရကြောင်း၊ နံဘေးနားတွင် ဟင်းသီးဟင်းရွက်များ လှီးသည့် ဓားတစ်ချောင်း တွေ့ရကြောင်း၊ အခြားလူသတ်သည့်အခြေအနေ မတွေ့ရဘဲ ကိုယ့်ဟာကိုယ် သတ်သေခြင်းဖြစ်သည်ဟု ယူဆနိုင်ကြောင်း၊ လတ်တလော ရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ အသေးစိတ် စုံစမ်းမှုများ ဆက်လက်ပြုလုပ်နေကြောင်း၊ တာဝန်ရှိသူများက ရဲတပ်ဖွဲ့၊ မြောက်ဦးဒေသခံ ပြည်သူများနှင့်အတူ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြောက်ဦးမြို့နယ်ရဲစခန်းမှ သိရှိရခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။