ငွေကြာရံ

ငွေကြာရံ
Published 22 September 2015
မောင်ကိုကို(အမရပူရ)

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှ ငွေကြာရံ ကျောင်းတိုက်သည် ၂၀၀၇ စက်တင်ဘာ ၂၆ ရက် ညက စစ်တပ်၏ စီးနင်းတိုက်ခိုက်မှုကို ခံခဲ့ရသည်။ ထိုညက စစ်တပ်သည် ငွေကြာရံ၏ သံဃာများစွာကို ရိုက်နှက် ခြင်း၊ ဖမ်းဆီးခြင်း၊ ထို့နောက် ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။
ငွေကြာရံ ကျောင်းတိုက်မှ ဆွမ်းစား ကျောင်းတိုက်ကို အုပ်ချုပ်သော ဆရာတော် ဦးဇာနေယျကို ကျွန်တော် သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဆရာတော် ဦးဇာနေယျ၏ တွေ့ကြုံခံစားမှုကို ကျွန်တော်သည် ဤစာမျက်နှာမှ တစ်ဆင့် တင်ပြပါသည်။
ဦးဇင်းက ချောင်းဦးဇာတိပါ။
အမှန်တော့ ဦးဇင်းက ရွှေဝါရောင်မှာ လှည့်လည် လှုပ်ရှားခဲ့တာတော့ မဟုတ်ပါဘူး။ သံဃာ အကြီးအကဲလည်း ဖြစ်နေတော့ ကျောင်းမှာပဲနေတယ်။ လှည့်လည်ပြီးလို့ ပြန်လာတဲ့ ကိုယ်တော်တွေကို ဖျော်ရည်တိုက် တာမျိုးတော့ လုပ်တယ်။
ငွေကြာရံ ကျောင်းတိုက်က ၁၉၈၈ အရေးတော်ပုံ တုန်းကလည်း တက်တက်ကြွကြွ လှုပ်ရှားခဲ့တော့ စစ်တပ်က ငွေကြာရံကို အထင်ကြီးနေတာ။ ငွေကြာရံ ကျောင်းတိုက်ရဲ့ မြေအောက်ခန်းမှာ လက်နက် ခဲယမ်းတွေ အပြည့် ရှိတယ်လို့လည်း စစ်တပ်ဘက်က သံသယ ရှိနေတယ်လို့ နောက်မှ သိရတာ။
စက်တင်ဘာ ၂၅ မှာ စစ်တပ်ဘက်က ငွေကြာရံ ကျောင်းတိုက်ကို စီးနင်းဖို့ ကြိုးစားသေးတယ်။ ကျောင်းရဲ့ အပြင်ဘက်မှာ သံဆူးကြိုး စည်းရိုးတွေချပြီး ကျောင်းကို ဝိုင်းထားတာ။ သံဃာတွေက စစ်သားတွေကို ရှေ့ကို အတိုးမခံဘူး။ ငွေကြာရံ ကျောင်းတိုက်ကို စစ်တပ်က နောက်ညမှာ ဝင်စီးပါတယ်။ စက်တင်ဘာ ၂၆ ရက်ည ၁၂ နာရီ သာသာမှာပေါ့။ ဦးဇင်းက ကျောင်းပရိဝုဏ်ထဲမှာ မရှိဘူး။ ကျောင်းနဲ့ကပ်လျက်က ဒကာတစ်ဦးရဲ့ မြေအောက်ခန်းထဲမှာ ခိုအောင်းနေတာ။
အဲဒီညက စစ်တပ်က ငွေကြာရံကို ဝင်စီးပြီး သေနတ်တွေနဲ့ ပစ်တယ်။ ကျည်ဆန်ကတော့ ရော်ဘာ ကျည်ဆန်တွေနဲ့ ပစ်ခံရတော့ အကုန်လုံးကွဲပေါ့။
မနက်မိုးလင်းတော့ ဦးဇင်းလည်း ကျောင်းထဲ ပြန်ဝင်တယ်။ ကျောင်းတိုက်ထဲ ဝင်ဝင်ချင်း သံဃာတော်တွေရဲ့ သွေးကွက်တွေကလည်း အိုင်ထွန်းနေတာပဲ။ ကျောင်းတိုက် အသီးသီးမှာလည်း သံဃာတော်တွေရဲ့ သွေးကွက်တွေချည်းပဲ။ မှန်ကွဲစ တွေလည်း ပြန့်ကျဲ၊ ကျည်ဆန်တွေလည်း ပြန့်ကျဲနေတာ မြင်မကောင်းပါဘူး။ စစ်ကားတွေနဲ့ စစ်သားတွေက မနက် ၄ နာရီက ပြန်ထွက်သွားကြပြီ။ ဝင်ပေါက် အုတ်တံတိုင်းကြီး ကျိုးနေတယ်။ ဝါးစိမ်း တုတ်တွေ အများကြီး ကျောင်းထဲမှာ တွေ့ရတယ်။

အဲဒီကာလက ငွေကြာရံမှာ သံဃာအပါး ၂၀၀ ဝန်းကျင် ရှိတယ်။ သံဃာအပါး ၁၅၀ ကို ညက စစ်တပ်က ဖမ်းဆီး သွားကြပြီး ကျန်တဲ့ သံဃာအပါး ၅၀ ကတော့ ထွက်ပြေးပြီး လွတ်မြောက် သွားကြတာပေါ့။
ဦးဇင်း ကျောင်းရောက်တော့ ငွေကြာရံရဲ့ ဆရာတော်ကြီး ဦးရေဝတ ရှိတယ်။ ဆရာတော်က အဲဒီအချိန်က သက်တော် ၇၅ နှစ်ရှိပြီပေါ့။
ဦးဇင်း ကျောင်းရောက်ပြီး ဆရာတော်ကို လျှောက်ထားဖွယ်ရှိတာ လျှောက်ထား နေတာပေါ့။ အဲဒီအချိန်မှာ တိုင်းမှူး ရောက်လာတယ်။ ရန်ကုန်တိုင်းမှူးပေါ့။
ဦးဇင်းတို့ရဲ့ ငွေကြာရံ ကျောင်းဝင်းအတွင်းမှာ လုံခြုံရေးအတွက် စစ်သား အစောင့်အရှောက်တွေ လာချထား ချင်တယ်တဲ့။ တိုင်းမှူးက လျှောက်တယ်။ ဆရာတော်ကြီးနဲ့ ဦးဇင်းကတော့ ပြောတာပေါ့။ စစ်သားတွေ မလိုပါဘူး။ ဘုန်းကြီးကျောင်းဆိုတာ သံဃာပဲ လိုအပ်တာပါပေါ့။ ဦးဇင်းတို့ ပြောတာဟာ အရာမရောက်ပါဘူး။ စစ်သား ၅၀၀ လောက် ငွေကြာရံ ကျောင်းပရဝဏ်ထဲ လာချသွားတယ်။ အမှန်တော့ သူတို့က စီစဉ်ပြီးသားပါ။ ဦးဇင်းတို့ကို စကားအဖြစ်သာ ပြောတာပါ။ စစ်သားတွေလည်း ရှေ့တန်း စစ်မျက်နှာလို သဘောထားပြီး ကျောင်းဝင်းထဲမှာ နေရာအသီးသီး ဖြန့်ကြက် ယူလိုက်ကြတယ်။
စစ်သား ၅၀၀ ကျော်ဟာ သေနတ်တွေ မောင်းတင်ပြီး အသင့် အနေအထားနဲ့ပေါ့။ အဲဒါ ၂၀၀၇ စက်တင်ဘာ ၂၇ နံနက်ပိုင်းပေါ့။ ၂၇ ရက် ညမှာကျတော့ တိုင်း သာသနာရေးက လူပုဂ္ဂိုလ်တွေရယ်၊ အကြံပေး ဦးအံ့မောင်ရယ်၊ သာသနာရေးဌာနက ကားတွေနဲ့ ရောက်လာကြရော။
ဦးအံ့မောင်က ဆရာတော်ကြီးရယ်၊ ဦးဇင်းရယ် အပါအဝင် ငွေကြာရံ ကျောင်းက ကျန်သံဃာတော်တွေကို ကမ္ဘာအေးကို ပင့်ပါရစေတဲ့။ ဦးဇင်းကို လျှောက်တယ်။ ဆရာတော်ကြီး ဦးရေဝတကို လျှောက်တယ်။
ဆရာတော်ကြီးက
“အံ့မောင် ငါတော့ လုံးဝမလိုက်ဘူး” လို့ မိန့်တယ်။
အဲဒီမှာ ဦးအံ့မောင်က
“ဦးဇာနေယျ၊ ဆရာတော်ကတော့ ပင့်မရဘူး။ ကိုယ်တော်က ဘယ်လို သဘောရသလဲ”တဲ့။
အဲဒီလို သူက လျှောက်တော့
“ဆရာတော် မလိုက်ရင် ကျုပ်လည်း မလိုက်ဘူး”လို့ ဦးဇင်းက ဦးအံ့မောင်ကို ပြန်ပြောလိုက်တယ်။
အဲဒီလို ဦးအံ့မောင်နဲ့ ပြောနေဆိုနေတုန်းမှာပဲ စစ်တပ်က စစ်ကားတွေနဲ့ ကျောင်းထဲ ဝင်လာကြတယ်။ ငွေကြာရံ ကျောင်းတိုက်ရဲ့အဝင်၀ သံတံခါးကြီးကိုတော့ မနေ့ညက သူတို့ကားနဲ့ တိုက်ပြီး ဖျက်ဆီးခဲ့ပြီးပြီ။
ကျောင်းရဲ့အဝင်၀ သံတံခါးကြီး မရှိတော့ စစ်ကားနဲ့ စစ်သားတွေဟာ ကျောင်းထဲကို တံခါးမရှိ ဓားမရှိ ဝင်တာ ပေါ့။ သူတို့မှာ သေနတ်တွေရှိတယ်။ စစ်ဖိနပ်တွေလည်း မချွတ်ဘူး။
ဦးဇင်းတို့ကို ကမ္ဘာအေးကို မလိုက်လို့ မရဘူးတဲ့။ဆရာတော်ကြီးလည်း လိုက်ရမယ်တဲ့။ ကားတွေ ထပ် ရောက်လာတယ်။ မလိုက်ရင် ပစ်သတ်မယ့်သဘော။
စစ်တပ်အမိန့်ကို ဦးဇင်းတို့ မလွန်ဆန်နိုင်ဘူးဘဲ ပြောရမှာပေါ့။ ဆရာတော်ကြီး ဦးရေဝတ အပါအဝင် ငွေကြာရံရဲ့ ကျန်သံဃာအားလုံးကို ကမ္ဘာအေးကို ပင့်သွားကြရော။ ဆရာတော် ဦးရေဝတကို စစ်သားငါးယောက် အတင်းပွေ့တင်တာ။ ကမ္ဘာအေး ရောက်တော့ ဥတ္တရဆောင်မှာ နေရတယ်။ အပေါ်ထပ်မှာ။
ဥတ္တရဆောင်ရောက်ပြီး နောက်နေ့မှာ ဦးအံ့မောင်က
“ဦးဇာနေယျက တောင်ဥက္ကလာပကို ကျွမ်းကျင်ပါတယ်။ ငွေကြာရံ ကျောင်းတိုက်က မှန်တွေကို တပည့်တော်တို့ ပြန်တပ်ဆင်ပေးမယ်။ အလူမီနီယမ်ဆိုင်တို့ မှန်ဆိုင်တို့ သွားကြမယ်”တဲ့။
ကျောင်းထဲမှာ စစ်စိမ်းရော၊ တိုက်ပုံ အဖြူတွေရောပဲ။
ဦးဇင်းနဲ့ ဦးအံ့မောင်က တောင်ဥက္ကလာပက အလူမီနီယမ်ဆိုင်တွေ ရောက်ကြရော။ မှန်တွေ ပြန်လည်တပ်ဆင်ဖို့ မှာတာပေါ့။ အဲဒီလိုနဲ့ ဦးဇင်းလည်း ကျောင်းဝင်းထဲက မှန်ကွဲစတွေ ရှင်းနေတုန်း မှန်တပ်မယ့် အလုပ်သမားတွေ ရောက်လာကြရော။ လူတွေကလည်း အပြည့်အသိပ် ရောက်နေကြပြီး လူတွေက မနေ့ညက စစ်သားတွေ လုပ်ခဲ့ကြပုံကို မကျေမချမ်း ခံစားနေကြတာ။ ဒေါသ ထွက်နေကြတာ။လူတွေက သွေးဆူနေကြပြီ။
“မှန်တွေ ပြန်မတပ်ကြနဲ့။ ဒါ စစ်သားတွေက သေနတ်တွေနဲ့ ပစ်ပြီး ခွဲသွားကြတာ။ စစ်သားတွေ ပြန်တပ်လိမ့်မယ်”လို့ လူတွေက ဝိုင်းပြောကြတယ်။
အလူမီနီယမ် အလုပ်သမား၊ မှန် အလုပ်သမားတွေလည်း ပြန်သွားကြရော။ ဦးဇင်းကို သူတို့က ကမ္ဘာအေး ဥတ္တရဆောင် ပြန်ပို့တယ်။ အဲဒီကတည်းက ဦးဇင်း ကမ္ဘာအေးမှာ နေရတယ်။
ဦးဇင်း ကမ္ဘာအေးမှာ ၁၅ ရက် နေရတယ်။ ကျောင်းကို မပြန်ရတော့ဘူး။ ဦးဇင်းတို့မှာရှိတဲ့ ဝတ္ထုပစ္စည်းတွေလည်း စစ်ဗိုလ်၊ စစ်သားတွေက သိမ်းဆည်းသွားတာပေါ့။ ရှာဖွေပုံစံတော့ ပါတယ်။ ရှာဖွေပုံစံထဲမှာ ဖြည့်သွင်းတဲ့ ဝတ္ထုငွေတွေ၊ ပစ္စည်းတွေ အခုထိ ဘာဆိုဘာမျှ ပြန်မရကြပါဘူး။ သံဃာတော်တွေကို ဒကာ၊ ဒကာမတွေက ပစ္စည်းလေးပါး အတွက် လှူဒါန်းတဲ့ ငွေတွေအားလုံး သူတို့က ယူငင်သွားကြတာ။

ကမ္ဘာအေးမှာ ဦးဇင်း ၁၅ ရက် နေစဉ်အတွင်း သူတို့က အေ၊ ဘီ၊ စီ အဆင့်သုံးဆင့်ခွဲတယ်။ ဘယ်လိုအကြောင်း အချက်နဲ့ အေ၊ ဘီ၊ စီ အဆင့် ခွဲသလဲဆိုတာတော့ ဦးဇင်း မသိဘူး။ လွတ်တဲ့ သံဃာလည်း လွတ်ပြီ။ ဦးဇင်းလည်း သံဃာတွေ လှည့်တဲ့အထဲမှာလည်း တစ်ရက်မှ မပါဖူးဘူး မဟုတ်လား။ ဦးဇင်းက ဦးဇင်း စာဝါနဲ့ ဦးဇင်း သီတင်းသုံးတာ။ ဓမ္မာစရိယလည်း အောင်ပြီးပြီလေ။ ကျောင်းက သံဃာတွေကို စာပြန်ချနေတာ။ နိုင်ငံရေးနဲ့ ကင်းရှင်းခဲ့တယ် ဆိုတော့ ဦးဇင်းကို ပြန်လွှတ်ပေးမယ် ထင်တာပေါ့။
ကမ္ဘာအေးကနေ ဦးဇင်းက အင်းစိန်ထောင်ကို ရောက်သွားပါရော။ ထောင်ဗူး၀ ရောက်တော့ သင်္ကန်းချွတ်တဲ့။ လူဝတ်လဲရတယ်။ လူဝတ်လဲပါဆိုတော့ လဲရတာပေါ့။ ဆရာတော်ကြီး ဦးရေဝတ ကတော့ အင်းစိန်ထောင်ကို မရောက်ပါဘူး။ နောက်ဆုံး ဦးဇင်းတို့ ၁၀ ပါးကို ပြန်မလွှတ်ဘူး။
အင်းစိန်ထောင်မှာက သီးသန့်ထောင်မှာ နေရတာ။ မဇ္ဈိမလှိုင်းက ကိုရဲလွင်ကိုလည်း သီးသန့်ထောင်မှာ တွေ့ တယ်။ လူတွေကလည်း ထောင်ထဲမှာ ဖွေးဖွေးလှုပ်နေတာပဲ။ ထောင်ထဲမှာ ပွဲတော်လို ပြွတ်တော့တာပဲ။
အဲဒီ သီးသန့်ထောင်ထဲမှာ စုစုပေါင်း ၅၀၀ လောက် ရှိတယ်။
ဦးဇင်းတို့ အင်းစိန် သီးသန့်ထောင်မှာ လေးလ ကြာပြီးတော့လည်း ပုဒ်မ မတပ်သေးတော့ လွတ်မယ်ပဲ ထင်တာပေါ့။ နောက်တော့ ဦးဇင်းတို့ တောင်ဥက္ကလာပက သံဃာ ၁၀ ပါးကို တောင်ဥက္ကလာပ တရားရုံးကို တင်မယ်တဲ့။ ဦးဇင်းတို့ကို တောင်ဥက္ကလာပ တရားရုံးကို ကားနဲ့ ခေါ်ထုတ်သွားကြရော။

တောင်ဥက္ကလာပ တရားရုံးကို စွဲချက်တင်တော့ ရဲတွေက အရပ်ဝတ်တွေနဲ့။ သူတို့က တရားလိုပေါ့။ ဦးဇင်းတို့က တရားရုံးမှာ တရားသူကြီးရှေ့မှာ ကျမ်းသစ္စာဆိုတယ်။ ရဲတွေက ယူနီဖောင်းလည်း မဝတ်ဘူး။ ကျမ်းသစ္စာလည်း မဆိုဘူး။ ဒါကို သဘာဝမကျဘူး။ အဓိပ္ပာယ်လည်း မရှိဘူးလို့ ဦးဇင်းတို့က ယူဆတယ်။ ဦးဇင်းတို့က ရဲတွေလည်း ကျမ်း သစ္စာဆိုရမယ်လို့ တရားသူကြီးကို တောင်းဆိုတယ်။ အဲဒီ အခြေအနေမှာ ပဋိပက္ခ ဖြစ်ကြရော။
ဦးဇင်းတို့ကို ပုဒ်မ တပ်တာကလည်း များတယ်။
၅၀၅ (ခ) နိုင်ငံတော် အကြီးအကဲကို အကြည်ညို ပျက်အောင်လုပ်မှု။
၁၄၃၊ လူစုလူဝေး လုပ်မှု ၂၉၅၊ ၂၉၅၊ သာသနာ ညစ်နွမ်းစေမှု။ အဲဒီ ၂၉၅ က နှစ်ခု။
နောက်နေ့မှာ ရုံး ထပ်ထုတ်ပြန်တယ်။ အချုပ်သားတွေနဲ့ ရောနှောထားတယ်။ ပုံစံ ထိုင်ရမယ်တဲ့။
ဦးဇင်းတို့က ပုံစံမထိုင်တတ်ဘူး။ ပုံစံ ထိုင်တယ်ဆိုတာ သံဃာတွေ ဘယ်လိုသိမှာလဲ။
ဦးဇင်းတို့ကို လက်ထိတ် ခတ်ထားတယ်။ အချုပ်သားနဲ့ ရောထားတယ်။ အင်းစိန် သီးသန့်ထောင် ပြန်ရောက်တော့ မင်းကိုနိုင်တို့ ဌေးကြွယ်တို့နဲ့ တိုင်ပင်တာပေါ့။ မင်းကိုနိုင်က မြို့နယ်မှူးကို ပြောပြပေါ့တဲ့။ အချုပ်သားတွေနဲ့ မရောနှောဘဲ သီးသန့်ထားအောင် ပြောကြည့်ပေါ့တဲ့။ ဦးဇင်းက အဲဒါကို ပြောဖို့ မြို့နယ်မှူးကို-
“ဒကာကြီး” လို့ ခေါ်လိုက်တယ်။
မြို့နယ်မှူးက
“မင်း ငါ့ကို ဒကာကြီး ခေါ်စရာမလိုဘူး။ မင်းက လူ။ ဘုန်းကြီး မဟုတ်ဘူး”တဲ့။
“ဟေ့ ငါတို့က သိက္ခာ မချရသေးဘူးကွ။ မင်း ဗုဒ္ဓဘာသာ မဟုတ်ဘူးလား”
ဦးဇင်းက မြို့နယ်မှူးကို ပြန်ပြောတယ်။ အဲဒါ တောင်ဥက္ကလာပ တရားရုံးရှေ့မှာ။
“မင်းတို့ ဘုန်းကြီး မဟုတ်ဘူး။ လူတွေ” တဲ့။
ဒီတော့ ဦးဇင်းတို့အဖွဲ့ ၁၀ ပါးက မြေကြီးပေါ် ထိုင်ချလိုက်ပြီး မေတ္တာသုတ်ကို ရွတ်ဆိုကြတော့တယ်။
ဦးဇင်းတို့က တရားရုံးရှေ့ မြေပြင်ပေါ်မှာ ထိုင်ချပြီး မေတ္တာသုတ် ရွတ်တာ။ လူတွေ အများကြီး ဦးဇင်းတို့ဆီ ဝိုင်းလာကြတယ်။ တရားရုံးမှာ လူတွေများလာပြီ။ ရဲတွေ မျက်လုံးပြူးပြီး မြို့နယ်မှူးလည်း ဘာမှ မပြောနိုင်ဘူး။ ဦးဇင်းတို့မှာ လက်ထိတ်တွေ ခတ်ထား ခံရတယ်။ ခြေထောက် တစ်ဖက်နဲ့ အခြား ဦးဇင်းရဲ့ ခြေထောက် တစ်ဖက်ကို တွဲပြီး ခြေချင်းခတ်လို့။
အခြေအနေက အဲဒီလို ဖြစ်လာတော့ စစ်ကား ရောက်လာတယ်။ အဲဒီမှာတော့ စစ်ဗိုလ်တွေက ယဉ်ယဉ်ကျေးကျေး ပါပဲ။
“ဦးဇင်းတို့ကို မထိမခိုက်စေနဲ့၊ မနာကျင်စေနဲ့၊ ဝိုင်းပြီး ‘မ’ ရွှေ့ကြ”လို့ စစ်ဗိုလ်က စစ်သားတွေကို အမိန့်ပေးတယ်။
အဲဒီလိုနဲ့ တောင်ဥက္ကလာပ တရားရုံးမှာ အမှုမစစ်ဖြစ်ဘဲ အချုပ်ကားပေါ်ကို ဦးဇင်းတို့ ပြန်ရောက်သွားတယ်။ အင်းစိန် သီးသန့်ထောင်ကို ပြန်ရောက်သွားတယ်။
နောက်တစ်ခါကျတော့ တောင်ဥက္ကလာပ တရားရုံးကို ရုံးမထုတ်တော့ဘူး။ ထောင်တရားရုံးလား၊ စစ်ခုံရုံးလားပဲ။ အဲဒီ အင်းစိန်ထောင်မှာပဲ စွဲချက်တင်တယ်။
အရင် ပုဒ်မတွေအပြင် ပုဒ်မတစ်ခု ထပ်တိုးတယ်။
၃၅၃ နဲ့ စွဲတယ်။ တရားရုံးကို နှောင့်ယှက်မှု၊ မထီမဲ့မြင် ပြုမှု၊ ရဲတွေကို ပုန်ကန်မှုတဲ့။ ရဲတွေကို ဦးဇင်းတို့က လက်သီးနဲ့ လိုက်ထိုးတယ်၊ ခြေထောက်တွေနဲ့ လိုက်ကန်တယ်တဲ့။
ဦးဇင်းတို့မှာ လက်ထိတ်တွေနဲ့ပါ။ ခြေထောက် ကလည်း ကိုယ့်ခြေထောက်နဲ့ သူ့ခြေထောက် ပူးတွဲ ခတ်ထားတာပါ။ ဘယ်လိုလုပ် လက်သီးနဲ့ ထိုးနိုင်မှာလဲ၊ ခြေထောက်နဲ့ ကန်နိုင်မှာလဲ။ စဉ်းစား ဆင်ခြင်ကြည့်ပါလို့ အင်းစိန်ထောင် တရားရုံးမှာ ချေပတယ်။
ဦးဇင်းတို့က ရှေ့နေ ငှားရမ်းခွင့် မရသလို ကိုယ်တိုင် အဖြစ်မှန်ကို ပြောခွင့်မရပါဘူး။ ခုခံ ချေပခွင့် မရပါဘူး။
ပုဒ်မတွေ အသီးသီးပေါ့။ ဘယ်ပုဒ်မက ဘယ်နှနှစ်ပေါ့။
ပုဒ်မ ၂၉၅ သာသနာ ညစ်နွမ်းစေမှုက နှစ်ခုတောင် တပ်ထားတာ။ ၂၉၅ တစ်ခု ထောင် နှစ်နှစ်၊ နှစ်ခု တပ်ထားတော့ ၂၉၅ ကိုက လေးနှစ်ပေါ့။ ပုဒ်မ အသီးသီး စုပေါင်းလိုက်တော့ ဦးဇင်းက ထောင် ရှစ်နှစ်နဲ့ ခြောက်လ ကျပါတယ်။
ဦးဇင်းက နိုင်ငံရေးနဲ့ မနွှယ်ဘဲ၊ ရွှေဝါရောင်မှာ မလှုပ်ရှားဘဲတောင် ဒီလောက် ကျ ခဲ့တာ။ ဦးဇင်း ဦးပြည်ကျော်တို့လို ‘ဇ’ ရှိတဲ့ ဦးဇင်းမျိုးတွေက နှစ်အများကြီး ကျမှာပေါ့လေ။ ဦးပြည်ကျော်တို့ ဦးဣန္ဒကတို့က နိုင်ငံရေး အစဉ်အလာ ကြီးပါတယ်။
ဦးဇင်းတို့ ပထမ အင်းစိန်ထောင်မှာ တစ်နှစ် နေရတယ်။ မိဘဆွေမျိုးက ထောင်ဝင်စာ လာလာ တွေ့တာပေါ့။ နောက်တော့ ထောင်ဝင်စာ လာတွေ့လို့ မလွယ်အောင် ငပလီ သံတွဲ ထောင်ကို ပြောင်းရွှေ့ လိုက်ကြတယ်။ အဲဒီ သံတွဲထောင်မှာ စမ်းချောင်း ကိုကိုကြီးတို့ ဂီတကိုဝင်းမော်တို့နဲ့ ဆုံရတယ်။
ဦးဇင်းလည်း အသည်းနာတာပေါ့။ ၂၀၁၃ မှာ ရွှေဝါရောင် ခြောက်နှစ်ပြည့်ပွဲ ကျင်းပကြမယ်။
၂၀၀၇ စက်တင်ဘာ ၂၆ ရက်ညတွင် စစ်သားများက ငွေကြာရံ ကျောင်းတိုက်ကို အကြမ်းဖက် ဖြိုခွင်းစဉ် ဦးခေါင်း ဟက်တက်ကွဲသွားသော သက်တော် ၆၅ နှစ် အရွယ် ဦးအာစာရ ဘွဲ့မည်တော်ရ ဆရာတော်ကြီး တစ်ပါးကို ကျွန်တော် တွေ့ဆုံ စကားပြောခဲ့ပါသည်။
ဆရာတော် ဦးအာစာရ၏ ပြောင်နေသော ကတုံးပေါ်မှာ အမာရွတ် အကြီးကြီးကို တွေ့ရပါသည်။ ဆရာတော် ဦးအာစာရ၏ ပြောပြချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ကျုပ်က ချောင်းဦး ဇာတိပါ။
ငွေကြာရံ ကျောင်းတိုက် သိမ်ကျောင်းတော်မှာ တိုက်အုပ် ဆရာတော်ကြီးရဲ့ ဝေယျာဝစ္စ လုပ်ပေးရင်း ကျုပ်က ဆရာတော်ကြီးနဲ့အတူ သီတင်းသုံးတာပါ။
စက်တင်ဘာ ၂၆ ည ၁၁ နာရီ ကတည်းက စစ်သားတွေက ကျောင်းအပြင်မှာ စောင့်နေကြပါပြီ။ ကျောင်းအပြင်မှာ စစ်သားအပြည့်ပါပဲ။
ည ၁၁ နာရီကျော်တော့ တုံးမောင်း ခေါက်သံတွေ ကြားရတယ်။ အခြား ကျောင်းတွေက ခေါက်တာ။ အဲဒီညက ကျုပ်ရဲ့ ကျုပ်ရွာက ဧည့်သည်တွေလည်း ရောက်နေကြတယ်။ သူတို့က တိုက်အုပ် ဆရာတော်ကြီးကို ကန်တော့ဖို့ ကန်တော့ပွဲကို ပစ္စည်း အပြည့်အစုံနဲ့ ပြင်ဆင်ထားတာပါ။
ည ၁၂ နာရီကျော်တော့ စစ်သားတွေဟာ သံတံခါးကို စစ်ကားနဲ့ တိုက်ပြီး ကျောင်းထဲကို ဝင်ရောက်လာကြတယ်။ အာမခံ သော့ကြီး ခတ်ထားတာ။ သော့ကြီး ပြုတ်ထွက် သွားတာပေါ့။ အုတ်တံတိုင်းလည်း ကျိုးပဲ့သွားတာပေါ့။ သံတံခါးကြီး လဲကျတော့ ဦးဇင်း တစ်ပါးပေါ် သံတံခါးကြီး ဝုန်းဆို ကျလာတာ။ အဲဒီ ဦးဇင်းလည်း မေ့လဲသွားရော။
ကျောင်းကိုလည်း ရော်ဘာ ကျည်ဆန်တွေနဲ့ မွစာကြဲအောင် ပစ်ခတ်ပြီးကြပြီ။
ကျောင်းထဲဝင်လာတဲ့ စစ်သားတွေဟာ ချင်းလည်း မဟုတ်ပါဘူး။ ဂေါ်ရခါးလည်း မဟုတ်ပါဘူး။ မြန်မာ စစ်သား စစ်စစ်တွေပါ။ စစ်သားတွေက စစ်ဖိနပ် မချွတ်ဘဲ သေနတ်တွေနဲ့ ချိန်ပြီး အတင်း ဝင်လာကြတာဟာ သူ ပုန် ဝင်စီးသလိုပါပဲ။
စစ်သားတွေရဲ့ အနောက်မှာ လူတွေ ပါလာတယ်။ စွမ်းအားရှင်တွေ ဖြစ်မယ်ထင်တယ်။ လက်ထဲမှာ ဝါးစိမ်းတုတ်တွေနဲ့ လူတွေလည်း အများကြီးပဲ။ အကုန်တုတ်တွေနဲ့၊ ဝါးစိမ်း တုတ်တွေရော၊ နံပါတ် တုတ်ရောပဲ။
ကျောင်းထဲရောက်တာနဲ့ ရိုက်ကြ၊ နှက် ကြတော့တာပဲ။ သံဃာတွေရဲ့ခေါင်းကို ရိုက်ခွဲတယ်။ ခွေးတွေ၊ ဝက်တွေ ဆွဲခေါ်သလို သံဃာတွေကို ကျောင်းအဝင်ဝကို ဆွဲခေါ်လာကြပြီး မှောက်ခိုင်းတယ်။
ဟောဒီ စာချဆောင်ရဲ့ရှေ့မှာ ကျုပ်တို့ မှောက်နေရတာပေါ့။ ကျုပ် ခေါင်းကိုလည်း ရိုက်ခွဲလိုက်တယ်။ သွေးတွေ ဖြာကျ သွားတာပေါ့။ မှောက်ပြီး ခေါင်းကို မြေကြီးနဲ့ ကပ်ထားရတာ။ ကျုပ်ရွာက ဧည့်သည်တွေလည်း ဖမ်း တာပဲ။ သူတို့ရဲ့ ငွေတွေ၊ ရွှေတွေ အကုန်ယူကြတာပဲ။
စစ်သားတွေက သူတို့ကို အမြင်မခံဘူး။
“ခေါင်းမမော့ရဘူး။ မကြည့်ရဘူး”တဲ့။
ညဉ့် ၁ နာရီမှာတော့ သံဃာတွေဟာ သင်္ကန်း မရှိတော့ဘဲ မြေကြီးပေါ်မှာ သွေးအိုင် ထဲမှာ အတုံးအရုံး မှောက်နေကြရပြီ။ ခြေထောက်နဲ့ သံဃာရဲ့ခေါင်းကို ကန်ကြတယ်။

ခေါင်းမော့တာနဲ့ တုတ်က ခေါင်းပေါ် ကျ လာတော့တာပဲ။ ကျောင်းထဲမှာ ရှာဖွေကြတယ်။ တွေ့တဲ့ပစ္စည်း ယူကြတယ်။ ရှာဖွေတာတော့ ရှာဖွေပုံစံ ပါတယ် ပြောတာပဲ။ ဦးဃောသိတဆိုတဲ့ ဦးပဉ္စင်း ဆိုရင် ငွေကိုးသိန်း သုံးသောင်း ပါသွားတယ်။ ရှာဖွေပုံစံထဲမှာ သူတို့က ရေးတယ်။ အခု ၂၀၁၃ အထိအောင် ပြန်သွားတောင်း တာလည်း မရပါဘူး။ သင်္ဃန်းကျွန်းဘဏ် အပ်ထားတယ် ပြောတာပဲ။
ကျုပ်ကတော့ ထောင်မကျပါဘူး။ ကမ္ဘာအေးမှာ နေရတယ်။ စစ်ဆေး မေးမြန်းတာ ခုနစ်ကြိမ် ခံရတယ်။ ကမ္ဘာအေးမှာ နေရတာ သုံးလကြာတာပေါ့။ သုံးလကြာပြီးမှ ပြန် လွတ်လာတာ။
ငွေကြာရံ ကျောင်းတိုက်ထဲက နီရဲတဲ့ သွေးကွက်တွေထဲမှာ ကျုပ်သွေးလည်း ပါတာပေါ့။ ညတွင်းချင်း အင်တာနက်ကို တင်တဲ့သူက တင်တော့ ကမ္ဘာကို ညတွင်းချင်းပဲ ငွေကြာရံထဲက ရဲနေတဲ့ သွေးကွက်တွေက ပျံ့နှံ့ သွားတော့တာပေါ့။
ကျုပ်ကတော့ သံဃာတွေအပေါ် စစ်သားတွေရဲ့ ရက်စက်မှုကို ဘယ်တော့မှ မမေ့ပါဘူး။ ကမ္ဘာမကြေ ပါဘူး။
(ဆရာမောင်ကိုကို(အမရပူရ)၏ "အသည်းနာ ကမ္ဘာမကျေ(ရွှေဝါရောင်တော်လှန်ရေး)" စာအုပ်မှ စာရေးသူ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ကူးယူဖော်ပြပါသည်။)

Most Read

Most Recent