တောင်ငူမြို့ အမေ့အိမ်ဟိုတယ်တွင် စပိန်နိုင်ငံသူများ တည်းခိုနေသည့် အခန်း မီးလောင်မှု ဖြစ်ပွား၍ ဒေါ်လာ ၅၀၀၀ ဝန်းကျင် တန်ဖိုးရှိ ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဟိုတယ် မန်နေဂျာအား အမှုဖွင့် အရေးယူထား

တောင်ငူမြို့ အမေ့အိမ်ဟိုတယ်တွင် စပိန်နိုင်ငံသူများ တည်းခိုနေသည့် အခန်း မီးလောင်မှု ဖြစ်ပွား၍ ဒေါ်လာ ၅၀၀၀ ဝန်းကျင် တန်ဖိုးရှိ ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဟိုတယ် မန်နေဂျာအား အမှုဖွင့် အရေးယူထား
Published 22 September 2015
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် စက်တင်ဘာ ၂၀ ရက် ည ၉ နာရီ ၂၅ မိနစ်ခန့်က တောင်ငူမြို့ မင်းကြီးညို ရပ်ကွက်၊ ရန်ကုန် မန္တလေး ကားလမ်းမကြီး နံဘေးရှိ “အမေ့ အိမ်”ဟိုတယ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဟိုတယ်၌ ရောက်ရှိတည်းခိုနေသည့် စပိန်နိုင်ငံသူ သုံးဦး ပိုင်ဆိုင်သည့် ပစ္စည်းများ၊ ဒေါ်လာ ၅၀၀၀ ဝန်းကျင်ခန့် မီးလောင် ဆုံးရှုံးခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် အမေ့အိမ် ဟိုတယ်မန်နေဂျာအား အမှုဖွင့် အရေးယူထား ခဲ့ကြောင်း သိရသည်။
“အမေ့အိမ်ဟိုတယ်မှာ ည ၉ နာရီ ၁၅ မိနစ်လောက်က အခန်းအမှတ် ၄၀၄ ပေါ့၊ အဲဒီအခန်းကနေပြီး အဲကွန်းဆေ့ဂတ်ပ် အပူလွန်ကဲရာကနေ စပြီးလောင်တာပါ၊ မီးလောင်တော့ အခန်းနှစ်ခန်းပေါ့၊ အခန်း ၄၀၄ နဲ့ ၄၀၃ နှစ်ခန်းပေါ့၊ ဆုံးရှုံးမှု တန်ဖိုးကတော့ ကျပ်သိန်း ၂၀ ခန့်ပါ၊ အရေးယူတာကတော့ သူတို့ဆီက မန်နေဂျာ၊ မန်နေဂျာမှာ တာဝန်ရှိတယ်ဆိုပြီး မန်နေဂျာကို ရဲစခန်းက အမှုဖွင့် အရေးယူထားပါတယ်” ဟု တောင်ငူခရိုင် မီးသတ်ဦးစီး ဌာနဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ထွန်းက မီးလောင်ကျွမ်းမှု ဖြစ်စဉ်အား ပြောကြားသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားသည့် အခန်းအမှတ် ၄၀၄ တွင် ရောက်ရှိ တည်းခိုပြီး ဗီဇာသက်တမ်း၊ စက်တင်ဘာ ၈ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ရရှိထားသည့်၊ စပိန်နိုင်ငံသူ Ms Villata Parra(PP No AB-857730) ၏ အသုံးအဆောင် ပစ္စည်းတန်ဖိုး၊ အမေရိကန် ဒေါ်လာ ၂၆၀၀ခန့်၊ Ms Castilio Garcia Ana Belena (PP No BA-811836) ၏ အသုံးအဆောင် ပစ္စည်းတန်ဖိုး၊ အမေရိကန်ဒေါ်လာ ၁၂၀၀ ခန့်၊ Ms Villat Virginia (PP No BC-464512) ၏ အသုံးအဆောင် ပစ္စည်းတန်ဖိုး၊ အမေရိကန်ဒေါ်လာ ၁၂၀၀ ခန့် အပါအဝင် စုစုပေါင်းဒေါ်လာ ၅၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။ ယင်း စပိန်နိုင်ငံသူများမှာ ၎င်းတို့ တည်းခိုရာ အမေ့အိမ် ဟိုတယ် အခန်းအမှတ် ၄၀၄ သို့ ည ၉ နာရီ ၁၀  မိနစ်ခန့်တွင် ရောက်ရှိပြီး ပစ္စည်းများထား၍ ဟိုတယ်၏ စားသောက်ဆိုင်သို့ သွားရောက်စဉ် ည ၉ နာရီ ၂၅ မိနစ်ခန့်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
“မီးလောင်တဲ့အထဲမှာ ပါသွားတဲ့ နိုင်ငံခြားသားတွေရဲ့ဆုံးရှုံးမှုကတော့ ကျွန်တော် တို့ မီးသတ်ရဲ့ဆုံးရှုံးမှုထဲမှာတော့ မထည့်ထားပါဘူး၊ ကျွန်တော်တို့ နားလည်တာကတော့ တာဝန်ရှိတဲ့ သူတွေကနေပြီး ပြန်ပြီး အဆင်ပြေအောင် လုပ်ပေးရမှာပေါ့ နိုင်ငံခြားသားတွေရဲ့ပစ္စည်းဘာညာအတွက်၊ အဲလို လုပ်ဖို့အတွက်လည်း ညတုန်းကတော့ ရဲတပ်ဖွဲ့တို့ အာဏာပိုင် အဖွဲ့အစည်းတွေကတော့ နိုင်ငံခြားသားတွေမှာ ဘာပစ္စည်းတွေပါလည်း ဘာညာပေါ့ အဲဒါတွေ မေးမြန်းစုံစမ်းပြီး သူတို့က အဆင်ပြေအောင် ပြန်လုပ်ပေးမှာ ဖြစ်တဲ့အတွက် နိုင်ငံခြားသားတွေရဲ့ပစ္စည်းတွေ မီးလောင် ဆုံးရှုံးတာကို မီးသတ်ရဲ့မီးလောင် ဆုံးရှုံးမှုထဲမှာ ထည့်မတွက်တာပါ”ဟု ဦးမြင့်နိုင်ထွန်းက ဆက်လက် ပြောကြားသည်။
အမေ့အိမ်ဟိုတယ် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ တောင်ငူမြို့နယ် မီးသတ်ကား ခြောက်စီး၊ ရေသယ်ယာဉ်တစ်စီး၊ မဟာမေတ္တာ ရေသယ်ယာဉ် နှစ်စီး၊ တောင်ငူသန္ဓေမီး သတ်တပ်ဖွဲ့ဝင် ၂၂  ဦး၊ အရန်မီးသတ်တပ်ဖွဲ့ ဝင် ၈၀ ခန့်နှင့် တောင်ငူမြို့နယ် ရဲတပ်ဖွဲ့ဝင်များ အာဏာပိုင် အဖွဲ့အစည်းများနှင့် လူမှုကူညီရေး အဖွဲ့တို့မှ လာရောက်ငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်စဉ်ကြောင့် အမေ့အိမ် ဟိုတယ်မန်နေဂျာ ကိုအောင်ဇေဦး (ခ) ဘဲဥ (၂၅) နှစ်၊ (ဘ) ဦးလှငွေ၊ မိုးသောက်ကြယ် ဘုရားလမ်း ၂ ရပ်ကွက် နေသူအား တောင်ငူမြို့နယ် အမှတ် ၁ ရဲစခန်းမှ (ပ) ၃၃၅/၂၀၁၅၊ ပုဒ်မ- ၂၈၅ အရ အမှုဖွင့် အရေးယူ ထားရှိကြောင်း သိရသည်။            

Most Read

Most Recent