မူးယစ်ဆေးပြားများ စံချိန်တင် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်၏ ကွင်းဆက်အဖြစ် ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးပြား နှစ်သန်းဝန်းကျင် ထပ်မံဖမ်းဆီးရမိ

မူးယစ်ဆေးပြားများ စံချိန်တင် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်၏ ကွင်းဆက်အဖြစ် ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးပြား နှစ်သန်းဝန်းကျင် ထပ်မံဖမ်းဆီးရမိ
Published 22 September 2015
မင်းသိန်းနိုင်၊ကြည်နိုင်

ရန်ကုန်တိုင်းဒေသကြီး အတွင်း စံချိန်တင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်မှ ကွင်းဆက်အဖြစ် ဒဂုံအရှေ့မြို့နယ်ရှိ နေအိမ်တစ်အိမ်မှ ကာလပေါက်ဈေး ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးပြား နှစ်သန်း ဝန်းကျင်အား ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးထံမှ စုံစမ်းသိရှိရသည်။
“ဖမ်းဆီးရမိတဲ့ ဆေးပြားက နှစ် သန်း ဝန်းကျင်လောက် ရှိတယ်။ ကျွန်တော်တို့က မူးယစ်တပ်ဖွဲ့ရဲ့ ဖော်ထုတ်ဖမ်းဆီးမှုကို ပူးပေါင်းပါဝင်ပေးတာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဲဒီအိမ်ကို ဘယ်သူ ပိုင်သလဲဆိုတာ ပြောလို့မရသေးဘူး။ ဘယ်သူ ပိုင်သလဲဆိုတာကို ကွင်းဆက်အနေနဲ့ စစ်ဆေးဖော် ထုတ်တုန်း ဖြစ်ပါတယ်။  မှတ်တမ်းမှတ်ရာနဲ့ လိုက်နေတာ ဖြစ်ပါတယ်။ လွတ်နေတဲ့ တရားခံတွေကလည်း အများကြီး ကျန်သေးနေပါသေးတယ်” ဟု  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက စက်တင်ဘာ ၂၁ ရက် ညပိုင်းက ပြောကြားသည်။
အဆိုပါ စံချိန်တင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့် ဆက်နွယ်သူများဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ ဓာတ်ပုံများ ဖြန့်ဝေပြီး စုံစမ်းရှာဖွေနေသူများအနက် KALADAN DELTA DEVELOPMENT ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ မင်းဦးခိုင်ဆိုသူအား  စက်တင်ဘာ ၁၅ ရက်တွင်  မြဝတီနယ်စပ်၌ ဖမ်းဆီးရမိခဲ့ပြီး နောက်ကွင်းဆက်အဖြစ် ယခုကဲ့သို့ ဒဂုံအရှေ့မြို့နယ်အတွင်း ထပ်မံ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၂၁ ရက်က ဖမ်းဆီးရမိခဲ့ ဖြစ်စဉ်မှာ မူးယစ်ရဲတပ်ဖွဲ့က  စံချိန်တင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့်ဆက်စပ်၍  ဖမ်းဆီးရမိထားသူကို စစ်ဆေး ပေါ်ပေါက်ချက်အရ  နယ်မြေခံ ရဲတာဝန်ရှိများ၊ သက်သေများနှင့် အတူ ဒဂုံအရှေ့မြို့နယ်ရှိ အမှတ် ၁၁၀ ရပ်ကွက်၊ တက္ကသိုလ်ရိပ်မွန် အိမ်ရာဝင်း၊ ဂန္ဓမာလမ်းရှိ အိမ်အမှတ် (၇) သို့အတူဝင် ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းသို့ရှာဖွေရာ နေအိမ်အတွင်းမှ သိုဝှက်ထားသော ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ WY စိတ်ကြွ ဆေးပြားနှစ်သန်း ဝန်းကျင်နှင့် ဖန်စီဒိုင်း ပုလင်း ၅၀၀ ဝန်းကျင်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စံချိန်တင် မူးယစ်ဆေးပြားများအား စတင်ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းရှိ ခြောက်လမ်းသွား လမ်းမပေါ်တွင် ရပ်ထားသော ကွန်တိန်နာ ယာဉ်တစ်စီးပေါ်တွင် ကာလပေါက်ဈေး အနေဖြင့် ကျပ် ၁၃၃ ဘီလျံ (အမေရိကန် ဒေါ်လာသန်း ၁၀၀) ကျော် တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြား ၂၆၇သိန်းကို ပီနံအိတ် ၈၉ အိတ်ဖြင့်ထုတ်လျက် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ကွင်းဆက်အဖြစ် သြဂုတ် ၃ ရက်က အရှေ့ပိုင်းခရိုင် မြောက်ဒဂုံမြို့နယ် ၄၁ ရပ်ကွက် ပဒေသရာဇ်လမ်းရှိ အိမ်အမှတ် ၂၂၈ မှ ပီနံအိတ် ငါးအိတ်ဖြင့် ထုပ်ထားသော စိတ်ကြွဆေးပြား ၁၅ သိန်းခန့်ကို ထပ်မံဖမ်း ဆီးရမိခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ သြဂုတ် ၁၂ ရက်တွင် လည်း ကွင်းဆက်အဖြစ်ပင် အရှေ့ပိုင်းခရိုင် သာကေတမြို့နယ် ၇ အနောက်ရပ်ကွက် ဓမ္မာရုံ ရေစက်ဝင်း ကျောက်စိမ်းလမ်းသွယ် အနီး ရေမြောင်းအတွင်း၌ ဂျက်ဖာ စက္ကူနှစ် ဖာဖြင့် ထုပ်ထားသော WY ပန်းရောင် စိတ်ကြွဆေးပြား ၆၀၀၀၀၀ ခန့်၊ အလျား ခြောက်လက်မ၊ အနံ လေးလက်မ၊ ထုတစ်လက်မရှိ ဘလောက်တုံးများအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စံချိန်တင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်နွယ်သူများဖြစ်သော ယင်းကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သော ဝင်းလှိုင် (၃၄) နှစ်၊ ကျော်အေးလှိုင် (ခ) ခိုင်အောင်စိုး (၃၂)နှစ်၊ လှမောင် (ခ)အောင်လင်း(ခ)ပြည့်စိုး (၂၆) နှစ် ၊ မန်းနေဂျင်း ဒါရိုက်တာဖြစ်သူ မင်းဦးခိုင်တို့၏ ဓာတ်ပုံများ အပါအဝင် ၁၂ ဦး၏ ဓာတ်ပုံများကိုလည်း ရဲတပ်ဖွဲ့မှ  နိုင်ငံတစ်ဝန်း ရဲစခန်းများ၊ ဟိုတယ်များသို့ ပေးပို့ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
မူးယစ်ဆေးပြား ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဓာတ်ပုံများ ဖြန့်ဝေပြီး ရှာဖွေနေသူ ၁၂ ဦးတို့မှာ မြောက်ဒဂုံမြို့နယ်တွင် အများဆုံး နေထိုင်ခဲ့ပြီး အများစုမှာ ရခိုင်ပြည်နယ် ဇာတိဖြစ်ကြောင်းလည်း သိရသည်။
 

Most Read

Most Recent