မုန်းဒဏ်သင့်သူများ

မုန်းဒဏ်သင့်သူများ
Published 20 September 2015
အောင်သူငြိမ်း

နည်းပညာ ပေါက်ကွဲမှု၊ အိုင်ဒီယိုလော်ဂျီ ပေါက်ကွဲမှု စသည့်အသံများ သောသောညံနေသော ၂၁ ရာစု ကမ္ဘာကြီးပေါ်တွင် ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု ဟူသော အသံကလည်း စင်ပြိုင် ကျဲလျက်ရှိသည်။ ထိုအသံများက ပထဝီ အနေအထားအရ သဘာ၀ ဘေးဒဏ်များကို ကာကွယ်၍ မျက်နှာသာ ပေးထားခံရသည့် မိမိတို့ နိုင်ငံအတွင်းသို့ပင် ချင်းနင်းဝင်ရောက် ခဲ့ပြီဖြစ်သည်။ လူဦးရေ သိန်းနှင့်ချီ သေဆုံးခဲ့သော နာဂစ် မုန်တိုင်းမှအစ ဂီရိမုန်တိုင်းအလယ် ယခုလတ်တလော ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုများအဆုံး ရာသီဥတု ဖောက်ပြန်မှုဆိုသည်က ပထဝီ အနေအထားအရ မည်မျှ အကာအကွယ် ကောင်းသည့်ဝန်းကျင်ကို မဆို ထိုးဖောက် ဝင်ရောက်နိုင်ကြောင်း သက်သေ ထူခဲ့ပြီဖြစ်သည်။
သို့သော် ဇူလိုင်လကုန်ပိုင်းက မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ် ၁၀ ခုကျော် ရေဘေးဒဏ် ခံခဲ့ရသော ဖြစ်စဉ်များက ရာသီဥတု ဖောက်ပြန်မှု တစ်ခုတည်းကြောင့်လားဟုတော့ မေးခွန်း ထုတ်ချင်စရာဖြစ်ခဲ့သည်။ ရာသီဥတု ဖောက်ပြန်မှုကြောင့်သာ သိန်းနှင့်ချီသော လူသားများနှင့် တိရစ္ဆာန်များပါ ဘေး ဒုက္ခ ခံစားခဲ့ရပါသည် ဆိုဦးတော့ ထိုရာသီဥတု ဖောက်ပြန်မှုကို အားပေးအားမြှောက် ဖြစ်စေခဲ့သည့် အချက်များက ရှိနေနိုင်ပါသည်။ ယခုကဲ့သို့ တောင်ပေါ်ဒေသအစ၊ မိုးနည်းရပ်ဝန်း ဒေသမချန် ရေကြီးမှုဒဏ် ခံခဲ့ရခြင်းနှင့် ပတ်သက်၍ သစ်တောပြုန်းတီးမှုနှင့် မြစ်ချောင်းများပေါ်တွင် တည်ဆောက်ထားသော ဆည်တမံများကို ပြည်သူအများက ဝေဖန်ခဲ့ကြသည်။ ဆည်မြောင်းဌာန ပညာရှင်များကတော့ ထိုဆည်တမံကြီး များကြောင့်သာ ရေဘေးဒဏ်ကို တစ်ဝက်ခန့် လျှော့ချနိုင်ခဲ့ကြောင်း ပြောဆိုကြသည်။ မည်သို့ပင်ဆိုစေ ရေကြီးရေလျှံမှုများကို ခါးစည်းခံခဲ့ရသူများက ယနေ့တိုင် နာလန်မထူနိုင် ရှိနေကြသည်။
ထိုသို့ နာလန်မထူနိုင်သူများအနက် မကွေးတိုင်း စေတုတ္တရာ၊ ပွင့်ဖြူ၊ မင်းဘူး မြို့နယ်များအတွင်း မုန်းချောင်းအထက်ပိုင်းမှ အောက်ဖျားပိုင်းအထိ ရေဘေးသင့် ပြည်သူများကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရ သည်။ ထိုသူများအနက် စေတုတ္တရာမြို့နယ် မုန်းတမံ၏ အထက်ဘက် မုန်းချောင်းနှင့် ထီးချောင်း ဝဲယာရှိ ကျေးရွာများမှ ချင်းတောင်သူများက ထိုဆည်တမံများ တည်ဆောက်စဉ်ကတည်းက ရွာလုံးကျွတ် ပြောင်းရွှေ့ ခဲ့ရကာ ယနေ့ထိ အသားမကျသေးစဉ် ရေဘေးဒဏ် ခံခဲ့ရခြင်း ဖြစ်သည်။ ထိုတမံ၏ အောက်ဘက် တည့်တည့်ရှိ စေတုတ္တရာမြို့နှင့် ထိုမြို့နယ်အတွင်း ကျေးရွာများသည်လည်း နှစ်ပေါင်း ၉၀၀ အတွင်း မကြုံတွေ့ရဖူးသော ရေဘေးကို ကြုံခဲ့ရကြောင်း ဒေသခံများက ပြောကြသည်။ မုန်းချောင်းအောက်ဘက်ရှိ ပွင့်ဖြူမြို့ပေါ် ရပ်ကွက်များအပါအဝင် ထိုမြို့နယ်အတွင်း ကျေးရွာများမှ ပြည်သူများကလည်း သူတို့ တစ်သက်တွင် တစ်ခါမှ မကြုံဖူးသော ရေဘေးဖြစ်ကြောင်း ပြောကြသည်။ မုန်းချောင်းနှင့် ဧရာဝတီမြစ်ဆုံရာအနီး ကျေးရွာပေါင်း ၁၀ ရွာခန့်က မုန်းချောင်း ရေကြီးစဉ်က တစ်ကြိမ်၊ ယခုဧရာဝတီမြစ်ရေ ထပ်မံ မြင့်တက်မှုကြောင့် တစ်ကြိမ် ရေဘေးဒဏ် ခံနေကြရသည်။
“ဒီတမံကြီး ဆောက်မယ်ဆိုတော့ ဦးလေးတို့ ရွာတွေအကုန်လုံး ကုန်းမြင့်မြင့်ရှိရာ ရွှေ့ခဲ့ကြရတာပါ။ အခုမြင်နေရတဲ့ ရေပြင်ကြီးအောက်မှာ ရှေးဟောင်း ဘုရားတွေလည်း ကျန်ခဲ့တယ်။ ဦးလေးတို့ စိုက်ပျိုးမြေတွေ အကုန်လုံးလည်း ရေဝပ်ဧရိယာထဲ ပါသွားခဲ့တယ်။ စိုက်ပျိုးမြေတွေ အကုန်လုံး စွန့်ခွာခဲ့ရတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ရွှေ့ခဲ့ကြတာ ဆိုပေမယ့် လူတွေက အခုထိ အသားမကျသေးဘူး။ စိုက်ပျိုးမြေမရှိ တော့ ရေထဲမှာ ငါးဖမ်းတဲ့အလုပ် ပြောင်းလုပ်ကြသူတွေ လည်းရှိကြတယ်။ အဲဒီလူတွေက အသက်မသေဘဲ ဘဝပြောင်းသူတွေလို့ ပြောရမှာပေါ့။ အဲဒီလို အခြေအနေတွေမှာ အခုရေကြီးမှု ဖြစ်တာပဲ။ ရေကြီးတုန်းက ပွင့် တောက်၊ ငါးလဲ၊ ပန်းချက် အဲဒီရွာတွေက လူလွတ်ရုန်း ပြေးခဲ့ကြရတယ်။ အခု ရေကျသွားတော့ ပွင့်တောက်နဲ့ ငါးလဲရွာတွေက ရွာလုံးကျွတ် အိမ်တွေ သဲထိုးကျန်ခဲ့တယ်။ သွားလာရေးလည်း ခက်ခဲတော့ အဲဒီရွာတွေမှာ ကူညီလှူဒါန်းမှုတွေ အရောက်နည်းပြီး နေအိမ်တွေလည်း ပြန်မဆောက် နိုင်ကြသေးပါဘူး။ အခုဆိုရင် မိုးရွာတာနဲ့ အဲဒီရွာကလူတွေ နေစရာတောင် အဆင်မပြေပါဘူး”ဟု စေတုတ္တရာမြို့နယ် မုန်းတမံ၏ အထက်ဘက် ချီကျေးရွာမှ ချင်းတောင်သူ ဦးဟံမြင့်က ဒေသခံများ၏ အခက်အခဲများကို ပြောပြခဲ့သည်။
ထိုကျေးရွာများ ပြောင်းရွှေ့စဉ်က တစ်အိမ်လျှင် ကျပ် ၅၀၀၀ သာပေးခဲ့ကြောင်း၊ ထိုငွေ လာပေးသည့်နေ့က လာပေးသူများအား ထမင်းချက်ကျွေးရန် တစ်အိမ်လျှင် ကျပ် ၅၀၀ ဖြတ်ယူခဲ့သောကြောင့် မူလကျပ် ၅၀၀၀ ကိုပင် အပြည့်အ၀ မရခဲ့ကြောင်း၊ စိုက်ပျိုးမြေ မရှိ၍ အသစ်ချဲ့သောအခါ သစ်တောဌာနမှ ခွင့်မပြုကြောင်း၊ ယခင်က ဝါးခုတ်ပြီးလျှင် မုန်းချောင်း ရေစီးဖြင့်မျှော၍ သယ်ယူနိုင်သော်လည်း ယခုရေသေ ဖြစ်နေသောကြောင့် ဝါးများကို စက်လှေဖြင့်ဆွဲရပြီး ကုန်ကျစရိတ်များ ကြီးမြင့်လာကြောင်း၊ ယခုရေကြီးမှုကြောင့် ဒေသခံများ၏ စိုက်ပျိုးမြေများ ရေဝပ်ဧရိယာအတွင်း ရောက်သွားကာ နွေခေါင်ခေါင် အချိန်တွင်မှ သီးနှံစိုက်ခင်းများ ပြန်ပေါ် တော့မည် ဖြစ်ကြောင်းများ ဒေသခံ ချင်းလူမျိုးများထံမှ သိရှိခဲ့ရသည်။

ဇူလိုင် ၃၁ ရက်က ရေကြီးမှုကြောင့် ပွင့်ဖြူမြို့မှ ရေဘေး ရှောင်လာသည့် မိသားစုတစ်စုကို တွေ့ရစဉ်
မုန်းချောင်း အထက်ဘက်ရှိ ဒေသခံများက ထိုသို့ဒုက္ခများ ခံစားနေရချိန်တွင် မုန်းချောင်းအလယ်ပိုင်း ချောင်းဘေးဝဲယာမှ ရေဘေးသင့်ခံခဲ့ရသည့် ကျေးရွာများတွင်လည်း အခက်အခဲများစွာ ရှိနေပြန်သည်။ ရေကြီးစဉ်က ရိတ်သိမ်းလုနီး နှမ်းစိုက်ခင်း အားလုံးနီးပါး ရေမြုပ်ပျက်စီးခဲ့မှု၊ မျိုးစေ့ မလုံလောက်မှုကြောင့် သီးနှံများ ရာနှုန်းပြည့် မစိုက်ပျိုးနိုင်မှု၊ ရေကြီးပြီးစ အချိန်တွင် လုပ်သား ရှားပါးမှုကြောင့် အချိန်မှီ မစိုက်ပျိုးနိုင် မှုများရှိခဲ့သည်။ မုန်းချောင်းနှင့် ဧရာဝတီ မြစ်ဆုံရာအနီးရှိ ကျေးရွာများတွင် ပထမအကြိမ် ရေကြီးစဉ်က ရိတ်သိမ်းလက်စ နှမ်းများ ပျက်စီးခဲ့ရသည်။ ရေပြန်ကျချိန်တွင် ကမ်းပြိုမှုများကြောင့် နေအိမ်များ ရွှေ့ပြောင်း ခဲ့ရသည်။ ရေပြန်ကျစက စိုက်ပျိုးခဲ့သော စပါးနှင့် အခြားသီးနှံများလည်း ယခု ဒုတိယအကြိမ် ရေကြီးမှုကြောင့် ထပ်မံ ရေနစ် မြုပ်ခဲ့ရပြန်သည်။ စက်တင်ဘာ လလယ်ပိုင်းတွင် ရေပြန်ကျစ ပြုနေသော်လည်း စာသင်ကျောင်း များကို ပိတ်ထားရစဲ ဖြစ်သည်။ ပထမအကြိမ် ရေကြီးပြီးစက ထိုကျေးရွာများမှ ကလေးငယ် အများစု သွေးလွန်တုပ်ကွေးရောဂါများ ခံစားခဲ့ရသောကြောင့် ယခုတစ်ကြိမ် ရေပြန်ကျမည့်အချိန်တွင် ကျန်းမာရေးအတွက် စိုးရိမ်နေကြရသည်။
“ပုံမှန်အတိုင်းဆိုရင် ဒီအချိန်က စပါးနဲ့ ကိုင်းသီးနှံတွေ စိုက်ပျိုးရမယ့်အချိန်မှာ ရေက ထပ်ကြီးလိုက်တော့ စိုက်ပြီးသား သီးနှံတွေ ပျက်စီးကုန်တဲ့အပြင် သီးနှံစိုက်ပျိုး ရာသီလည်း နောက်ကျကုန်ပါပြီ။ ရေဝင်တဲ့ ရွာတွေ မှာ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားရပါတယ်။ ကျပန်းအလုပ်သမား လက်လုပ် လက်စားတွေက ဘာအလုပ်မှမရှိလို့ စားသောက်ရေး ခက်ခဲတာတွေလည်း ရှိပါတယ်။ လယ်ပိုင်ယာပိုင်တွေလည်း ဘာမှလုပ်ကိုင် မရတော့ အလုပ်လက်မဲ့လို ဖြစ်နေပါတယ်။ ကူညီလှူဒါန်းရေး အဖွဲ့တွေက လှူထားတာတွေ ရှိလို့သာ စားစရာရှိနေသေးတာပါ။ အခု ရေကျပြီးတာနဲ့ ကမ်းပြိုတာတွေ ထပ်ကြုံရဦးမှာပါ”ဟု ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာမှ တောင်သူ ကိုဇော်မင်းလတ်က နှစ်ကြိမ်ဆက် ရေဘေးသင် ခံခဲ့ရသည့် အခြေအနေများအား ပြောပြခဲ့သည်။
မုန်းချောင်းသည် ချင်းပြည်နယ် ဝိတိုရိယ တောင်တွင် အခြေတည်၍ မကွေးတိုင်း စေတုတ္တရာ၊ ပွင့်ဖြူမြို့နယ်များကို ဖြတ်ကာ ဝက်လွတ်ကျေးရွာအနီး ဧရာဝတီမြစ်နှင့် ပေါင်းဆုံသည်။ မုန်းချောင်း တစ်လျှောက်တွင် မုန်းတမံ၊ ကြီးအုံကြီးဝဆည်၊ လင်းဇင်း ရေလွှဲဆည် တို့တည်ရှိကြသည်။ မုန်းချောင်းဘေး ဝဲယာရှိ ရာနှင့်ချီသော ကျေးရွာများမှ သိန်းနှင့်ချီသော လူသားများက ရှေးနှစ်ပေါင်း များစွာကတည်းက မုန်းချောင်းကို အမှီသဟဲပြု ဘဝတည်ဆောက်ခဲ့ကြသည်။ မုန်းချောင်းရေ ကို သောက်၍ သူတို့မျိုးဆက်များကို ပွားဆည်းခဲ့ကြသည်။ ထိုသို့ သမိုင်းနှင့်ချီ မှီခိုခဲ့ရသော မုန်းချောင်းအကြောင်းကို ကဗျာများလည်း ဖွဲ့ခဲ့ကြသည်။ သီချင်းများလည်း သီခဲ့ကြသည်။
ယခု မျက်မှောက်တွင်တော့ မုန်းချောင်းက သူ့ကို မှီခိုကြသူများအား ကောင်းကျိုးသာမက ဆိုးကျိုးများကို စတင် လက်ဆင့် ကမ်းနေပြီဖြစ်သည်။ ထိုသို့ ဆိုးကျိုးများ တန်ပြန်လာမှုက ကမ္ဘာနှင့်တစ်ဝန်း ကြုံတွေ့လာရသော ရာသီဥတု ပြောင်းလဲဖောက်ပြန် လာမှုများကြောင့်ပင်လား။ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုများ၏ သက်ရောက်မှုကြောင့်ပင်လား။ သို့မဟုတ် မြစ်ချောင်းများပေါ်တွင် လူတို့တည်ဆောက်ထားသည့် ဆည်တမံကြီး များကြောင့်ပင်လား။ ထို့ထက်မကသော ဖြစ်နိုင်ခြေများ ရှိနေနိုင်ပါသေးသည်။ မည်သို့ ကြောင့်ဖြစ်စေ မုန်း ဟူသော ချောင်းကို မှီခိုကြသူများ မုန်းဒဏ်သင့် ခံလိုက်ရခြင်းကိုတော့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီဖြစ်သည်။
        

Most Read

Most Recent