အုတ်အရောရောနဲ့ကျောက်အရောရောနဲ့

အုတ်အရောရောနဲ့ကျောက်အရောရောနဲ့
Published 20 September 2015
ဒေါက်တာမိုးမိုးသီ

အိမ်ကသားကို ၅၀၀၀ တန် တစ်ရွက်ပေးပြီး ဈေးဝယ်ခိုင်းတာ ဆိုင်က ၅၀၀၀ တန်ကို အတုထင်လို့လား မသိဘူး မယူဘူးလို့ ငြင်းလိုက်ပါတယ်။ ပိုက်ဆံကိုလည်း နေရောင်မှာ ထောင်ကြည့်တာမျိုး လုပ်တယ်တဲ့။
နောက်တစ်ဆိုင်ကတော့ ယူလိုက်ပါတယ်တဲ့။ ဒါနဲ့ပဲ ၅၀၀၀ တန်မှာ ဘယ်အချက်တွေ ထူးခြားချက်ရှိလဲ သေချာကြည့်တော့ အသစ်စက်စက်နဲ့ အဟောင်း ၅၀၀၀ တန်တွေမှာ ကွာခြားချက်တွေ တွေ့ရပါတယ်။ ဘဏ်က ထုတ်တာဆိုတော့ အစစ်ဖြစ်တာ သေချာပါတယ်။ ၅၀၀၀တန် အသစ်စက်စက်က ငွေကြိုးက အပြား ပိုကြီးပါတယ်။ပုံမှာ ရေစာကိုကြည့်တော့ အသစ်စက်စက်နဲ့ အဟောင်းက ဆင်ပုံတွေ ဘယ်လှည့်နဲ့ ညာလှည့် မတူတာ စတာကို တွေ့ရပါတယ်။
ငွေတွေကို ဘယ်လိုလုပ်ပြီး မတူအောင် ထုတ်နေသလဲ ဆိုတာတော့ မသိပါဘူး။ ၁၀၀၀ တန်ဆိုလည်း ကြီးတာရော သေးတာရော တွေ့နေရတော့ သိပ်မဆန်းပေမယ့် ၅၀၀၀ တန်ကတော့ တန်ဖိုးကြီးလာတော့ တစ်ရွက်က အတုဖြစ်နေရင် တစ်နေ့စာ ဈေးဖိုးကုန်ပြီလေ။
မြန်မာငွေဈေးက တန်ဖိုးမရှိဘူး ဆိုပေမယ့် ၅၀၀၀တန်တို့ ၁၀၀၀၀ တန်တို့ ဆိုတာက မိသားစုအတွက် တစ်နေ့စာ ဖြစ်နိုင်သလို တစ်ပတ်စာလည်း ဖြစ်နိုင်တဲ့ အခြေအနေပါ။ ဈေးမှာ ဆန်တစ်ပြည် ၁၆၀၀၊ ဝက်သား ၈၀၀၊ အမဲသား ၁၀၀၀၊ စီပီကြက် ၆၀၀ နဲ့ ကြက်ဥ တစ်လုံး ၁၂၅ ကျပ် ဈေးဖြစ်နေတဲ့ အချိန်မှာ ဈေးဝယ်ဖို့တော်တော်စိတ်ညစ်ရပါတယ်။ ဒီအချိန်မှာ ငွေပေးလို့ အတုထင်ပြီး မယူရင် လက်ဗလာနဲ့ ပြန်လာရဦးမယ်လေ။
အလုပ်သမား တစ်နေ့လုပ်ခ အနည်းဆုံး ကျပ် ၃၆၀၀ ဆိုပြီး စက်တင်ဘာ ၁ ရက် ကစပြီး အတည် ပြုလိုက်ပါတယ်။ တကယ်တမ်းတော့ မိဘနှစ်ဦးကို လုပ်ကိုင်ကျွေးနေရတဲ့ သားသမီး တစ်ယောက်ဆိုရင် သုံးယောက်စာ လောက်ပါ့မလား။ လောက်ငတယ် ဆိုဦးတော့ နေမကောင်း ဖြစ်တယ်ဆိုရင် ဘယ်လိုပေးမလဲ ဆေးဖိုးဝါးခ။ နေမကောင်းတဲ့သူ စားဖို့ အားရှိတဲ့ စားစရာ သောက်စရာ ဘယ်လို ဝယ်မလဲ။ နာလန်ထရင် စားဖို့ရော။
မြန်မာပြည်မှာ လူဆင်းရဲတွေ အများဆုံး စားတာ ခေါက်ဆွဲပြုတ်ပါပဲ။ တစ်ထုပ်ကို ၁၅၀ လောက်နဲ့ ဟင်းလုပ်စားလို့ ရနေတယ်။ ဒါ့ကြောင့် တိုင်းပြည်မှာ စီးပွားရေး ကျပ်တည်းပြီဆိုရင် ခေါက်ဆွဲခြောက်တွေ အရမ်း ရောင်းရတယ်တဲ့။ ရေဘေး ဖြစ်တုန်းကဆိုရင်တော့ အငတ်ဘေး ဆိုက်နေလို့ ခေါက်ဆွဲခြောက် ဝယ်တာ ဝယ်လို့တောင် မရပါဘူး။ ဂိုဒေါင်အထိ မှာရပါတယ်။ ဒါ့ကြောင့် ထင်ပါရဲ့ တီဗွီကြည့်ရင်လည်း မပါမဖြစ် ခေါက်ဆွဲခြောက် ကြော်ငြာတွေပဲ တွေ့နေရပါတယ်။
တကယ်တမ်းကတော့ ခေါက်ဆွဲခြောက်မှာပါတဲ့ တာရှည်ခံအောင် ထည့်ထားတဲ့ ဓာတ်ပစ္စည်းတွေက လူကို ဘေးဖြစ်စေတတ်တာ တော်တော်များများ သိကြပါတယ်။ ဒါ့ကြောင့် တစ်ပတ်မှာ နှစ်ထုပ်ထက် ပိုမစားဖို့။ စားရင်လည်း အသီးအရွက်များများ ထည့်စားဖို့ ရေးနေကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ခေါက်ဆွဲခြောက် များများ ရောင်းရတယ်ဆိုရင်တော့ ဒီတိုင်းပြည်မှာ စီးပွားရေး ကျဆင်းနေပြီ ဆိုတာ သေချာပေါက် ပြောနိုင်ပါတယ်။
ကျွန်မ ငါးတန်းလား ခြောက်တန်းလား မသိဘူး။ရေနံချောင်းမှာနေတုန်းက ၁၉၇၅ -၇၆ လောက်က ထင်ပါရဲ့။ ငလျင် အကြီးအကျယ် လှုပ်ပြီး ပုဂံက ဘုရားတွေ ပြိုတယ်။နောက်တစ်ခါ ရေတွေကြီးလို့ဗူးဘုရားကြီး ဧရာဝတီမြစ်ထဲ ကမ်းပါးပြိုတဲ့အထဲ ပါသွားတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ (အခုဖူးနေရတဲ့ ဘုရားက ရှေးဘုရား မဟုတ်ပါဘူး)။ အဲဒီတုန်းက ရေဘေးကယ်ဆယ်ရေးအတွက် လှူဒါန်းကြတဲ့ အမဲသားဘူးတွေ စားရတာကို ခု ထိ မမေ့နိုင်ပါဘူး။ ခေါက်ဆွဲကတော့ ဦးနေဝင်းလက်ထက် ဆန်တွေရှားလို့ အရေးအခင်း ဖြစ်ကြတော့ ဈေးတွေတအားကြီးလို့ ဆန်အစား အိမ်မှာ ခေါက်ဆွဲကြော် စားကြရတာ မှတ်မိနေတယ်။ လေးတန်းလား ငါးတန်းလား သေချာမသိတော့ပါဘူး။
ခေါက်ဆွဲက ခုလိုမဟုတ်ဘဲ ကြက်ဥခေါက်ဆွဲ အထုပ်ကြီးတွေကို ပြုတ်ပြီး ကျော်တာပါ။ ပြီးတော့ ခေါက်ဆွဲကို ဝက်သားနဲ့ ပြုတ်ပြီး သောက်ရတာတွေလည်း အမေက လုပ်ပေးပါတယ်။ အဲဒီတုန်းက ခေါက်ဆွဲခြောက်တွေက ဒီလောက် ခေါတ်မစားသလို ဒီလိုလည်း ဘေးသိပ်မရှိပါဘူး။ ရေဘေး စခန်းတွေမှာလည်း အနည်းဆုံး အမဲသားဘူးတော့ စားရပါသေးတယ်။ အခု ရေဘေးကတော့ ဆီတောင် ပဲဆီက ၈၀၀၀ မို့ ဆီဆမ်း ဆားဖြူးစားဖို့ ပဲဆီဝယ်ဖို့ အဆင်မပြေတော့ ဆန်ပြုတ် ခေါက်ဆွဲပြုတ်တွေနဲ့ပဲ စခန်းသွားရမှာပေါ့။
ဒေါ်လာဈေး တက်လို့ပဲဖြစ်ဖြစ် ရေကြီးလို့ဖြစ်ဖြစ် မြန်မာပြည်မှာ ဈေးတွေ အစစအရာရာ အကုန်တက်နေတော့ ပြည်သူတွေပဲ ကိုယ်စားမယ့် အထဲကလျှော့ ကိုယ်ဝတ်မယ့် အထဲလျှော့နဲ့ ကြာကြာနေရင် လုံးပါးပါးပြီး ကြာရင် အသက်တိုမှာ သေချာပါတယ်။ အခုတောင် ၄၀ ကျော်ရင် သွေးတိုးက စနေပြီလေ။ ဆရာဝန်နဲ့လည်း သေချာ မပြနိုင်ကြတော့ ဗမာဆေးလေးတွေ သောက် ဓာတ်စာလေးတွေ စားပြီး ရောဂါကို သက်သာအောင် ထားပြီး နေကြရတဲ့ဘဝပါ။ ကင်ဆာရောဂါ ဆိုတာ ကြားရရင် မဆန်းတဲ့ ရောဂါဖြစ်နေပါပြီ။ ဆေးကုဖို့ ဆိုတာကတော့ ဆေးရုံက ဆေးဝယ်ဖို့ရေးပေးပါလိမ့်မယ်။ ဆေးဝယ်ဖို့ မဝယ်ဖို့ ငွေရှိတာ မရှိတာကတော့ ကိုယ့်ကံလို့ပဲ တွေးပြီး နေ့စဉ်ပုတီး နာနာစိပ်နေရတာပါပဲ။

Most Read

Most Recent