ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေ၌ ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ခဲသီး တွေ့ရှိသည်ဟု ဆိုကာ ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခံထားရစဉ် အချုပ်ထောင်အတွင်း၌ သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ဦးခင်မောင်၏ အမှုမှန် ပေါ် ပေါက်ရေးနှင့် နစ်နာကြေး ရရှိနိုင်ရန်အတွက် မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ် ကော်မတီမှ သံရုံးနှင့် ပူးပေါင်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော သမီးရှိရာသို့ ဆေးကုသရန် ရောက်ရှိနေသည့် အသက် ၆၁နှစ်ရှိ ဦးခင်မောင်အား စက်တင်ဘာ၄ ရက်က ထချလုံရပ်ကွက်ရှိ ၎င်းနေအိမ်တွင် ရဲတပ်ဖွဲ့မှ ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ရာ ငါးဖမ်းပိုက်တွင် အသုံးပြုသည့် ခဲသီး တွေ့ရှိခဲ့သဖြင့် ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ခဲသီးဟု စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၁၆ ရက် ရုံးထုတ် စစ်ဆေးအပြီးတွင် အချုပ်ထောင် အတွင်း၌ သေဆုံးသွားခြင်း ဖြစ်သည်။
မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီမှ ကိုရဲမင်းက “အခု လောလောဆယ်တော့ ရဲစစ်ချက်မှာလည်း ဘာမှ တိတိကျကျ ရေးထားတာ မရှိဘူး။ ဒီ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ဘက်က မသင်္ကာ ဖြစ်တာကတော့ အလောင်းမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့တယ်။ အညိုအမည်းတွေ စွဲနေတယ်။ နောက်ပြီး တွေ့တာကလည်း ဗုံးမဟုတ်ဘူး။ ငါးဖမ်းပိုက်တွေမှာ အသုံးပြုတဲ့ ကလေးတွေ ဆော့ကစားနေတဲ့ ခဲသီးပဲဖြစ်တယ်။ စပြီးဖမ်းကတည်းက ပိုက်ဆံ ဘတ်သုံးသောင်း တောင်းတယ်။ ပေးရင် လွှတ်ပေးမယ်ဆိုပြီး ပြောတယ်။ မပေးနိုင်တော့ လက်ပစ်ဗုံး လုပ်တယ်ဆိုပြီး အမှုဆင် ဖမ်းသွား တာဖြစ်တယ်”ဟု စက်တင်ဘာ ၁၉ ရက်က ပြောကြားသည်။
ထိုသို့ အမှုဆင် ဖမ်းဆီးခံထားရစဉ်အတွင်း သေဆုံးခဲ့သည့်အတွက် နစ်နာကြေး ရရှိရန်နှင့် အမှုမှန် ပေါ်ပေါက်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ကိုရဲမင်းက ဆက်လက် ပြောကြားသည်။၎င်းက “နစ်နာကြေးတောင်းဖို့ အတွက် ကျွန်တော်တို့ စီစဉ်နေပါတယ်” ဟု ပြောကြားသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယ အတွင်းဝန် ဦးထွန်းအေးက “ဒီကိစ္စကို အလုပ် သမား ကူညီစောင့်ရှောက်တဲ့ အဖွဲ့တွေက ကူညီဆောင်ရွက်နေဆဲပါ။ ကျွန်တော်တို့ဆီကိုတော့ စာရွက်စာတမ်းတွေ ရောက်မလာသေးလို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ လိုအပ်တဲ့ ကူညီထောက်ခံမှုတွေ ပေးမှာပါ။ ကျွန်တော် တို့ သံရုံးကတော့ တရားဥပဒေ ဘောင်အတွင်းက လုပ်လို့ရတာမှန်သမျှ အကုန်လုပ်မှာပါ” ဟု ပြောကြားသည်။
ဦးခင်မောင်၏ ရုပ်ကလာပ်အား မဟာချိုင် ဝပ်ဟုတ်ဘုန်းကြီးကျောင်းတွင်ထားရှိပြီး စက်တင်ဘာ၂၀ ရက်(ယနေ့) ညနေပိုင်းတွင် မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။
ဘန်ကောက်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး နယ်စပ်မြို့များတွင် ရွှေ့ပြောင်း မြန်မာလုပ်သား အများစု နေထိုင်သည့် စက်ရုံ၊ အလုပ်ရုံ နေအိမ်များကို ထိုင်းရဲတပ်ဖွဲ့မှ ဝင်ရောက်စစ်ဆေး ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး အဖမ်းခံခဲ့ရသည့် တရားမဝင် မြန်မာလုပ်သားများမှာ ရာနှင့်ချီ ရှိကြောင်း ကိုရဲမင်းထံမှ သိရသည်။
ဗုံးလုပ်ရာတွင် အသုံးပြုသော ခဲသီး တွေ့ရှိသည်ဟုဆိုကာ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရစဉ် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားအတွက် အမှုမှန် ပေါ်ပေါက်ရေး မဟာမိတ်အဖွဲ့နှင့် သံရုံး ပူးပေါင်းကြိုးပမ်းမည်