မြောက်ဒဂုံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ကျောင်းသူနှစ်ဦး ကျူရှင်သွားရာမှ ပျောက်ဆုံးသွားမှုအား ရဲစခန်းတွင် လူပျောက်တိုင်တန်းကာ စုံစမ်း ရှာဖွေနေသော်လည်း ယနေ့အချိန်အထိ ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း မြောက်ဒဂုံမြို့မ ရဲစခန်းမှ စက်တင်ဘာ ၁၉ရက်တွင် စုံစမ်းသိရှိရသည်။
စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁ နာရီခန့်တွင် တက္ကသိုလ်ဝင်တန်း ကျောင်းသူနှစ်ဦးဖြစ်သည့် မြောက်ဒဂုံမြို့နယ်၊ (၄၅) ရပ်ကွက်၊ ဇော်ဂျီလမ်းနေ မနေခြည်လင်း (၁၅)နှစ်နှင့် မြောက်ဒဂုံမြို့နယ်၊ (၃၈) ရပ်ကွက်၊ အင်ကြင်းလမ်းနေ မနှင်းသဇင် (၁၇)နှစ် တို့နှစ်ဦးသည် ကျူရှင်တက်ရောက်ရန် အတူ ထွက်သွားရာမှ ပြန်ရောက်လာခြင်း မရှိခဲ့ကြောင်း သိရသည်။ ယင်းနောက် မိဘ ဆွေမျိုးသားချင်းများက ကျူရှင်နှင့် သူငယ် ချင်းများ၏ နေအိမ်များသို့ လိုက်လံ ရှာဖွေ စုံစမ်းရာ တွေ့ရှိခြင်းမရှိဘဲ ပျောက်ဆုံးနေသဖြင့် စက်တင်ဘာ ၆ ရက်တွင် မြောက်ဒဂုံ မြို့မရဲစခန်းတွင် လူပျောက် တိုင်တန်းခဲ့သဖြင့် ရဲစခန်းမှ လူပျောက်အမှတ်စဉ် (၄၇/၂၀၁၅) ဖြင့်ဖွင့်လှစ်ကာ စုံစမ်းရှာဖွေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဘက်ကတော့ လူပျောက် တိုင်တန်းထားတဲ့ စာရွက်တွေကို မြို့နယ် အသီးသီးကို လိုက်လံ ဖြန့်ဝေထားပြီးတော့ စုံစမ်းရှာဖွေနေတယ်။ နောက်ပြီး အပိုင်နယ်ထိန်းတွေနဲ့ ကောင်မလေးတွေ သွားလာ တတ်တဲ့ နေရာတွေကို လိုက်လံစုံစမ်းနေတယ်။ နောက်ပြီး သူတို့နဲ့ ရင်းနှီးတဲ့သူတွေ၊ သူရဲ့ ဆွေမျိုးသားချင်းတွေ၊ သူတို့နဲ့ အဆက်အသွယ် ရှိနိုင်တဲ့သူတွေကို လိုက်လံစုံစမ်း နေပါတယ်။ သူတို့ရဲ့မိသားစုတွေလည်း တော်တော်လေးကို စိတ်ပူနေပါတယ်။ ကောင်မလေးတွေကလည်း ရိုးရိုးသားသားလေးတွေ။ကျွန်တော်တို့ဘက်က ကလေးမလေး နှစ်ယောက်ကို မသမာသူ လက်ထဲမရောက်အောင် အမြန်ဆုံး ပြန်လည်တွေ့ရှိအောင် စုံစမ်း ဆောင်ရွက်နေပါတယ်။ ဒီနေ့အထိတော့ ပြန်မတွေ့သေးပါဘူး” ဟု မြောက်ဒဂုံ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားသည်။
ထို့ပြင် အများပြည်သူများမှလည်း ပျောက်ဆုံးနေသော မိန်းကလေးနှစ်ဦးကို တွေ့ရှိပါက သက်ဆိုင်ရာ ရဲစခန်းများသို့ အကြောင်းကြားပေးရန် မေတ္တာရပ်ခံကြောင်း အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။
တက္ကသိုလ်ဝင်တန်း ကျောင်းသူနှစ်ဦး ပျောက်ဆုံးမှု ရဲစခန်းတွင် လူပျောက်တိုင်တန်းကာ စုံစမ်းနေသော်လည်း ယနေ့အထိ ပြန်မတွေ့သေး