အသက်ကိုရင်း၍

အသက်ကိုရင်း၍
Published 20 September 2015
ဝေလင်း (ပြည်)

တရုတ်အင်ဂျင် အသေးလေးတပ်၍ မြစ်ရေကိုဆန်ကာ မောင်းနှင်လာသည့် ကျွန်း လှေကလေးက ဧရာဝတီမြစ်နှင့် နဝင်းချောင်း၀ အလယ်တွင် ရုတ်တရက် စက်ရပ်သွားကာ ရေစီးရာသို့ ဦးလှည့်မလို ယိမ်းထိုးသွားသည်။ လှေဦးမှ အမျိုးသားတစ်ဦးက လှော်တက်ကို ထုတ်ကာ အလိုက်သင့်လေး ခတ်နေသော် လည်း လှေပေါ်တွင် ပါလာသည့် ဝိတ်ကိုနိုင်အောင် မလှော်နိုင်သလို ရေစီးကလည်း သန်လှသည်။ စက်မောင်းသမားက အင်ဂျင်ကို အကြိမ်ပေါင်းမနည်း နိုးကြည့်နေသည်။ မည်သို့မှ နှိုးမရ။ စိတ်မရှည်စွာ ဆဲဆို တိုင်းထွာလိုက်ရင်း ဆီတိုင်ကီကို ဖွင့်ကြည့်လိုက်တော့ ဆီကုန်နေသည်ကို သိလိုက်ရသည်။ လှေပေါ်တွင် ပါလာသူများ နည်းနည်းများသွားပြီး တစ်ယောက်တစ်ပေါက် တီးတိုးစကားများ ပွက်လာသည်။ လှေကလေးက ရေစီးကို ဆန်တက်နိုင်ရန် အားကုန်ကြိုးစားနေသည်။ လှေပေါ်တွင်တော့ အသက် ၁၀ နှစ်အောက်အထက် မူလတန်း ကျောင်းသားကလေးငယ် ၂၀ နီးပါး လိုက်ပါသည်။ အချိန်က ညနေ ကျောင်းဆင်းချိန် ဖြစ်ပြီး မိုးကဖွဲဖွဲလေး ရွာနေသည်။
ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်ရှိ ပြည်မြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ရွှေတောင် မြို့နယ်များတွင် ပထမအကြိမ် ရေကြီးရေလျှံမှု အဖြစ် ဇူလိုင်လကုန်မှ သြဂုတ် လလယ်အထိ ဖြစ်ပွားခဲ့ပြီး၊ ဒုတိယအကြိမ် ရေကြီးရေလျှံမှု များအဖြစ် စက်တင်ဘာလ ၉ ရက်မှစကာ ယနေ့အချိန်ထိ ဖြစ်ပွားလျက်ရှိကာ ရေသိသိသာသာ ကျဆင်းသွားခြင်း မရှိဘဲ တန့်နေသည်အတွက် လမ်းပန်းဆက်သွယ် ဒုက္ခအများ ရင်ဆိုင် ကြုံတွေ့နေရသည် မှာ နံနက်မျက်စိ ဖွင့်လိုက်သည့်အချိန်မှ အိပ်ရာထဲ ရောက်သည်အထိပင်။ မည်မျှပင် ဒုက္ခ ရောက်ရသလဲဆိုလျှင် ရေနစ်မြုပ်နေသည့် မြို့စွန်ရပ်ကွက်၊ ကျေးရွာများတွင် အိမ်ထဲမှ မရိုသေ့ စကားပြောရလျှင် အပေါ့အလေး သွားရာမှာပင် လမ်းခရီး အခက်အခဲရှိနေသည်။

ပြည်မြို့နယ် နဝင်းချောင်းတဖက်မှ ဒေသခံ ကျောင်းသားလေးများ မြို့ပေါ်ကျောင်းများသို့ စာသင်လာကြနေစဉ်
ပထမအကြိမ် ရေကြီးနစ်မြှပ်မှုတွင် အခြေခံ မူလတန်း ကျောင်းအတော်များများ ပိတ်လိုက်ရသည်။ မပိတ်သည့် ကျောင်းများတွင်လည်း ကျောင်းသား ကလေးငယ်များ ကျောင်းတက် ရသည့်အခါ သွားလာရေး အခက်အခဲ ဖြစ်ပေါ်ခဲ့သည်မှာ ပြန်လည် အသားကျကာစပင် ရှိသေးသည် ဒုတိယအကြိမ် ရေပြန်တက်လာပြန်တော့သည်။
ဒုတိယအကြိမ် ရေပြန်တက်လာအခါတွင်တော့ ပထမအကြိမ်လို မဟုတ်တော့ မြို့ပေါ် စာသင်ကျောင်းများ ရေနစ်မြုပ်မှု မရှိတော့သည့်အတွက် ကျောင်းများ မပိတ်တော့ပေ သို့အတွက် ဝေးလံခေါင်သီသည့် ကျေးရွာ များမှ လာရောက် စာသင်ကြားရသည့် ကလေးများအတွက် ဒုက္ခများခဲ့ရတော့သည်။ ကလေးငယ်များ နေထိုင်သည့် ရွာများတွင်တော့ ယခုအချိန်ထိကို ရေကဖုံးလွှမ်းလျက်ပင် ရှိသေးသလို ရွာမှ မြို့ကျောင်းများသို့ သွားရောက် စာသင်ကြားရမည့် ခရီးလမ်းများတွင် ရှိသည့် လမ်း၊ တံတားများ ရေမြုပ်နေသလို ချောင်း မြောင်း မြစ်များကလည်း ရေများပြည့်လျှံ ဖြိုးမောက်နေပေသည်။
“တစ်နေ့ကို ကလေး၊ ဆရာ၊ ဆရာမ တွေကို ကျောင်းသွားဖို့ လှေနဲ့ ၁၀ ခေါက်ထက်မနည်း ပို့ပေးရတယ်။ အဓိက မဖြစ်မနေ ဖြတ်ရတဲ့ နဝင်းချောင်းတံတားက ရေမြုပ်နေတော့ ချောင်းထဲကနေပဲ စက်တပ်လှေ ငယ်လေးနဲ့ ပို့ပေးရတယ်။ ကျောင်းပြန်လည်း အဲလိုပဲ။ သူတို့တွေအတွက် အဓိကထားပြီး တစ်ယောက်မကျန် စောင့်ခေါ်ပြီး အကုန်ရောက်သွားပြီဆိုမှ လှေသိမ်းတယ်” ဟု ပြည်မြို့၊ ချောင်းနားတန်းမှ  ဒုတိယအကြိမ် ရေကြီးမှုတွင် အခမဲ့ လိုက်လံပို့ဆောင်ပေးနေသည့် လူငယ်များ အဖွဲ့များထဲက ကိုကျော်လတ်က ပြောပြခဲ့သည်။
ထိုအဖွဲ့တွင် လူငယ်လူလတ် ရှစ်ယောက်ထက် မနည်းရှိကာ မိုးမေတ္တာ နာရေးကူညီမှု အသင်းမှ ဖိုက်ဘာ စက်တပ်လှေတစ်စင်း၊ ကရုဏာ လက်များကွန်ရက်မှ ဖိုက်ဘာ စက်တပ်လှေ တစ်စင်းဖြင့် ရေစတင် တက်လာ သည့် စက်တင်ဘာ ၉ ရက်မှစကာ ယနေ့အချိန်ထိ နဝင်းချောင်းကို ဖြတ်၍ တစ်နေ့ကို ခေါက်တုန့် ခေါက်ပြန် အကြိမ်ရေ ၂၀ ထက်မနည်း အခမဲ့ ပို့ဆောင်ပေးနေသည့်သူများ ဖြစ်သည်။
ထိုပရဟိတအလုပ်ကို ကိုယ်ကျိုးမဖက် လုပ်ဆောင်နေသူများကို နောင်အလျဉ်းသင့်လျှင် သီးသန့် ရေးပြချင်ပါသေးသည်။
ပြည်မြို့နယ်အတွင်း ပါဝင်ပြီး နဝင်းချောင်း တစ်ဖက်တွင်ရှိသည့် ဖိုးခေါင်၊ ချောင်းနားတန်း၊ အနောက် လက်ခုပ်ပင်၊ မြရွာ ကျေးရွာများတွင် မူလတန်း ကျောင်းလေးများ ရှိသော်လည်း အလယ်တန်း အဆင့်နှင့် အထက်တန်း အဆင့်များကို ပြည်မြို့ပေါ်တွင် တက်ရောက် သင်ယူကြရသည်။ အချို့ မူလတန်း ကလေးများကလည်း မြို့ပေါ်တွင် တက်ရောက်သည်များ ရှိသည့်အတွက် သာမန်အခြေအနေတွင် နဝင်းချောင်းတံတားကို စက်ဘီး၊ ဆိုင်ကယ်တို့ဖြင့် ဖြတ်ကာ ကုန်းလမ်းတစ်လျှောက် လုံး သွားလာနိုင်သော်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ချိန်တွင် ယင်းလမ်းတစ်လျှောက်လုံး ရေဖုံးနေသလို၊ တံတားမှာလည်း ရေအောက် ရောက်သွားတတ်ရာ ကျောင်းသို့သွားရန် မိမိတို့ရွာအိမ်မှ ထွက်ကတည်းက လှေဖြင့် ထွက်ခဲ့ပြီး နဝင်းချောင်းတံတားတွင် အခမဲ့ ပို့ဆောင်ပေးနေသည့် စက်တပ်လှေများပေါ်ကို တစ်ဆင့် ပြောင်းတက်ကာ ဆက်လက်ခရီး ထွက်ကြရသည်။

ရေတက်နေချိန်များတွင် သတင်းရယူနှင့် သတင်းဓာတ်ပုံရိုက်ယူရန် ယင်းကျေးရွာများနှင့် ကလေးများ ကျောင်းတက်သွားရာ တစ်လျှောက်လိုက်လံ ကြည့်ရှုခဲ့ရသည့် အကြိမ်မနည်း ရှိခဲ့ရာ ကလေးများ၏ ပညာသင်သွားရာ ခရီးလမ်းမှာ ခက်ခဲကြမ်းတမ်း နေသလို အသက်ကို ရင်းထားရသည် ဆိုသည်ကို ကျွန် တော် မြင်တွေ့ကြားသိခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရေအဆုံး ကုန်းတစ်ဝက်ဆိုသည့် မြန်မာစကားပုံ ရှိခဲ့သည်မဟုတ်လား။
စက်တပ်ဖိုက်ဘာ လှေငယ်တစ်စင်းလျှင် စက်မောင်းနှင့် အကူသုံးယောက်မှ လေးယောက်ထိ ပါတတ်ပြီး ကျောင်းသား ကျောင်းသူ ကလေးငယ် ၁၅ ဦးမှ ၂၀ ထိ လိုက်ပါတတ်သည်။ ချောင်းဖြတ်ခရီးမှာ သိပ်အလှမ်းမဝေးသလို အခမဲ့ ပို့ပေးနေသူများ၏ ရေလမ်းနှင့် စက်မောင်း ကျွမ်းကျင်မှုမှာ သံသယ ရှိစရာမလို သော်လည်း မြစ်ဖြတ်ခရီးများ၊ စက်ပစ္စည်းများ၏ ချို့ယွင်းမှုများ ထင်မှတ်မထားသည့် ရုတ်တရက် အန္တရာယ်များအတွက်တော့ ကျွန်တော်တို့တွင် ကြိုတင် ပြင်ဆင်ထားနိုင်မှု လုံခြုံစိတ်ချခွင့်၊ အာမခံများကတော့ အားနည်းနေဆဲ။
ရေနားနီးသည့် ကလေးများ ဖြစ်သည့်အတွက် ရေကူးတတ်ပါသည်ဟု ပြောလျှင်လည်း စိတ်ဖြေစရာရှိနိုင်ပါသည်။ သို့သော်၊ ရေစီးသန်သည့်ချောင်း၊ မြစ်များအတွင်း ရေတက်နေသည့် အချိန်များတွင် ကျွန်တော်တို့ အန္တရာယ်ကို ကြိုတင်တွေးထားရမည်၊ ကလေးများ မည်မျှကူးခပ် နိုင်မည်လည်း၊ ကလေးများတွင် ရေလမ်းခရီး ဖြတ်သန်းရာတွင် သုံးသည့် အသက်ကယ် အင်္ကျီများ မရှိကြချေ။ လှေများတွင် အရေးပေါ် ဘောကွင်းများ မရှိကြချေ။ ချွတ်ချော်မှုများ ဖြစ်သွားခဲ့သည်ဆိုသော်….။
အရေးပေါ်အခြေနေများတွင် ကျွန်တော်တို့ နိုင်ငံသားများအတွက် ကြိုတင်စီမံထားမှု လုံခြုံစိတ်ချခွင့်နှင့် အဆင်ပြေ ချောမွေ့ မှုများ မရှိခဲ့ပါချေ။ ဘယ်သောအခါမှ ရောက်လာမည် ဆိုသည်ကိုလည်း မှန်းဆကြည့်၍ မ ရသေးချေ။ အဟောသိကံ ဘဝများအဖြစ် ကလေးများမှ လူကြီးများထိ တိရစ္ဆာန်လေးများပါ။ တွေးတတ်လျှင် ရင်နာဖို့ ကောင်းသလို ရှက်ဖွယ်လည်း ဖြစ်နေသည်။ အစိုးရ တစ်ရပ်အနေဖြင့် ပြည်သူလူထုအပေါ် တာဝန်ယူမှု တာဝန်ခံစိတ် နည်းပါးလှသည်။ တိုင်းခရိုင် မြို့ရွာများအတွက် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ တာဝန်ယူမှု နည်းပါးသည်။ မျက်နှာလွှဲခဲပစ် လုပ်နေကြသည်။ မသိကျိုးကျွန် လုပ်နေကြသည်။
ကြိုတင်ပြင်ဆင်ထားခွင်မရှိသည့် မလုပ်နိုင်ကြသည့် အခက်အခဲ ပြဿနာများ အတွက် ဖြစ်ပျက်သွားခဲ့ပြီးမှသာ ဝမ်းနည်းတသ စုတ်သပ် ကြေကွဲနေရသည်မှာ များလှပါပြီ။ ထိုအခြေအနေများကို ကျွန်တော်တို့ မလိုချင် တော့ပါ။ ထို့အတူ ယခုလို ရေလမ်းခရီးများကို ဖြတ်ကာ သွားလာနေရသည့် ကျောင်းသား ကလေးများကိုလည်း မကြုံတွေ့စေလိုပါ။ ထိုကလေးငယ်များကို တာဝန်ရှိသူများအနေဖြင့် မိမိတို့၏ သားသမီး မောင်နှမလေးများသဖွယ် ခံစား စာနာပေးဖို့ လိုသည်။ အစီအမံများ လုပ်ပေးရမည်။ ပရဟိတအဖွဲ့များ လုပ်ဆောင်ပေးနေရုံဖြင့် လုံလောက်ပြီ ပြီးပြည့်စုံပြီဟု ပြောဆို ဂုဏ်ယူနေ၍မရပါ။
အနာဂတ် နိုင်ငံတော်အတွက် ရင်သွေးလေးများ အရေးကြီးသည်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် အတွက်ဆိုလျှင် ပညာသင်ကြားနေသည့် ကလေးများအတွက် ဘက်ပေါင်းစုံက စဉ်းစား ပေးမှသာ ရည်မှန်းထားသည့် ဆောင်ပုဒ်များ အမှန်တကယ် ဖြစ်လာနိုင်မည်။ အခမဲ့ပညာ သင်ကြားရေးစနစ် တစ်ခုတည်းမရပါ။ အခက်ခဲမရှိပါဘဲ လွယ်ကူစွာဖြင့် ကျောင်းစာ သင်ခန်းများထံ ကျောင်းသား ကလေးငယ် လေးများ ရောက်လာဖို့လိုသည်။ အသက်ကို ရင်း၍ သင်ယူနေရသည့် ပညာရေး မဖြစ်သင့်ပါ။

လှေစောင့်ဆိုင်းနေပုံများကို ရေကြီးနေစဉ် ရက်များကတွေ့ရစဉ်
လေတစ်ချက်အဝှေ့တွင် စက်ပျက်နေသည့် လှေကလေးက အနည်းငယ် ယိမ်းထိုးသွားသည်။ လှေပေါ်တွင်ပါလာသည့် ကျောင်းသား မိခင်တစ်ဦးက ကျန်ကလေးငယ် အားလုံးကိုလှေပေါ်တွင် ငြိမ်ငြိမ်ထိုင်နေရန် သတိပေး အော်ဟစ်လိုက်သည်။ လှေသမားက ကမ်းနားရှိ မော်တော်ကြီးများထံ ရောက်အောင် အားတင်း လှော်ခတ်ကာ ဓာတ်ဆီ အကူအညီ တောင်းခံသော်လည်း မော်တော်ကြီးများက ဒီဇယ်သာ သုံးသည့်အတွက် မရှိချေ။ လှေကလေးက မျောသည့်အရှိန်နှင့် မော်တော်ကြီး၏ ပန်ကာဒလက်ဖြင့် ရိုက်မိမလိုဖြစ်ကာ ယိမ်းထိုးသွားပြန်သည်။ ကလေးများ မည်သို့နေသည်မသိ ကျွန်တော်ပင် ဇောချွေးများ ပြန်ချေပြီ။ ကြံရာမရ ဖြစ်နေသည့် စက်မောင်းသမားက အင်ဂျင်ကို တစ်ဖက်စောင်းကာ အကပ်သပ် ဆီလေးဖြင့် နောက်ဆုံး ကြိုးစားမှုအဖြစ် နှိုးကြည့်လိုက်သည်။ ကံကောင်းထောက်မစွာ နိုးသွားသည့်အတွက် အနီးစပ်ဆုံး ကမ်းကိုကပ် ဓာတ်ဆီတက်ဝယ်ရင်း ဆက်လက်၍ လိုရာခရီးကို မောင်းနှင်ကြတော့ ကလေးများ၏ မျက်နှာဆီက စိုးထိတ်မှု အရိပ်အယောင်များ ပြေလျော့စ ပြုသွားသည်ကို သတိထားမိသည်။

Most Read

Most Recent