စက်တင်ဘာ ၁၈ ရက်တွင် ကျရောက်သော ရွှေဝါရောင်တော်လှန်ရေး ရှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်၏ အောင်မြေနေရာတွင် ဆုတောင်းပွဲပြုလုပ်ခဲ့ကြကြောင်း သိရသည်။
၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့ကြသော ရဟန်းပျိုများသမဂ္ဂမှ သံဃာတော် အပါး ၃၀ ခန့်အပါ အဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂမှ ဒေါ်စုစုနွေးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်က ရွှေတိဂုံစေတီတော် အောင်မြေနေရာတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ရွှေဝါရောင်အရေးအခင်းတွင် ကျဆုံးခဲ့ရသော သံဃာတော်များ၊ လူပုဂ္ဂိုလ်များအတွက် ဆုတောင်းခဲ့ကြသည်။
“ ဒီနေ့လို အချိန်မျိုးမှာ လွန်ခဲ့တဲ့ ရှစ်နှစ်က ကျွန်မတို့ရှေ့မှာတင် ရဟန်းသံဃာတော်တွေကို လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်ဖမ်းဆီး ခေါ်သွားတယ်။ ဒါတွေက မေ့မရတဲ့ ပုံရိပ်တွေပါ။ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတင် စစ်တပ်က ဒီလိုလုပ်ခဲ့တာမျိုးတွေပါ။ အဲဒီလို ဖြစ်ရပ်တွေကို လုံးဝမမေ့ဘူးဆိုတဲ့ သဘောနဲ့ ဒီအခမ်းအနားကို ကျွန်မလာတက်တာပါ”ဟု တောင်သူလယ်သမားသမဂ္ဂမှ ဒေါ်စုစုနွေး က ပြောကြားသည်။
“ရဟန်းသံဃာတွေဟာ ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်တယ်ဆိုတာ သေချာစေခဲ့တဲ့နေ့ပါ။ စစ်အာဏာရှင်ဟာ ရဟန်းသံဃာတွေကိုတောင်မှ ရိုက်တယ်။ ဖမ်းတယ်။ ကန်ကျောက်တယ်။ ဒီလိုလုပ်ခဲ့တာပါ။ အဲဒီနေ့တွေဟာ သမိုင်းတွေပါ။ အခုလည်း အဲဒီလို ဖမ်းဆီးတာတွေ မလုပ်ဖူးဆိုရင်တောင် ရဟန်းသံဃာတော်တွေဟာ အစိုးရနဲ့ မတည့်ရင် တရားရင်ဆိုင်ရတာတွေ ရှိနေပါတယ်။ လူဝတ်လဲခံရပါတယ်။ ဒါဟာ အာဏာရှင်စရိုက်ဆိုးတွေပါပဲ”ဟု ရွှေဝါရောင်အရေးအခင်းတွင် ပါဝင်ခဲ့သည့် သံဃာတော်တစ်ပါး ဖြစ်သူ ဦးစန္ဒာသီရိက မိန့်ကြားသည်။
၂၀၀၇ ခုနှစ် စက်တင်ဘာလက စက်သုံးဆီဈေးမြင့်တက်လာခြင်းမှ စတင်ကာ လူမှုစီးပွားဒုက္ခမျိုးစုံနှင့် ကြုံတွေ့ရသော ပြည်သူလူထုသည် လမ်းပေါ်ထွက် ဆန္ဒပြခြင်းများပြုလုပ်ခဲ့ကြသည်။ ရဟန်းသံဃာတော်များက ဝိုင်းဝန်းစောင့်ရှောက်ပေးခဲ့ပြီး ထိုသို့စောင့်ရှောက်သော ရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို ပစ်ခတ်ဖမ်းဆီးခြင်း၊ ရိုက်နှက်ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ သက်မင်း၊
ရွှေဝါရောင်တော်လှန်ရေး ရှစ်နှစ်ပြည့်အထိမ်းအမှတ် ဆုတောင်းပွဲ ရွှေတိဂုံစေတီတော် အောင်မြေနေရာတွင် ပြုလုပ်















