မေတ္တာငတ် ပန်းကလေးများ

မေတ္တာငတ် ပန်းကလေးများ
Published 18 September 2015
အေးမြတ်မွန်

လောကမှာ မေတ္တာတရားလောက် အေးမြတဲ့အရာ ရှိမယ် မထင်ပါဘူး။ မေတ္တာတွေအနက် အေးမြတဲ့ မိဘမေတ္တာဟာတော့ တုနှိုင်းမမီပါဘူး။ တုနှိုင်းမမီသော မိဘမေတ္တာကို မွေးစကနေ မရနိုင်ရှာတဲ့ မိဘမဲ့ နေရရှာတဲ့ ကလေးငယ် လေးတွေမှာတော့ မေတ္တာတရားကို ဘဝတစ်သက်စာ လိုအပ်နေပြီး စာနာစိတ် ကင်းမဲ့လှတဲ့ မိဘများရဲ့ လုပ်ရပ်များကြောင့် မိဘမဲ့ ကလေးငယ်များဟာ တစ်နေ့တခြား များပြားလာပါတယ်။ဒါတွေကို ရင်းမြစ်ကနေ ကြည့်မယ်ဆိုရင် မိဘမဲ့ကလေး အရေအတွက်တွေ တိုးပွားလာတာက အခြေခံ လူတန်းစား ပတ်ဝန်းကျင်မှာ လုံလောက်တဲ့ သားဆက်ခြား အသိပညာ မရှိတာ၊ ကလေး တစ်ယောက်ကို အရွယ်ရောက်သည် အထိ တာဝန်ယူ ကျွေးမွေးနိုင်ဖို့ ကုန်ကျစရိတ် များပြားလွန်းတာကြောင့် မတတ်နိုင်တာ၊ လူမှုရေး ပြဿနာများ ပိုမိုများပြားလာတာလို့ အခြေခံအားဖြင့် ကောက်နုတ်လို့ ရပါတယ်။ဘာမှန်းမသိဘဲ လူ့လောကထဲ ဝင်လာရတဲ့ ကလေးငယ် တစ်ဦးက မိဘရဲ့အဆင်မပြေမှု၊ လူမှုရေး ရှုပ်ထွေးမှုကို နားမလည်ဘဲ မိခင်နို့ရည် တစ်စက်သာ သူ့ဘဝလို့ ထင်မှတ်ထားပြီး လူ့လောကထဲ ရောက်လာခဲ့ရတာပါ။ ဒီလို အပြစ်ကင်းစင်တဲ့ ကလေးငယ် တစ်ဦးကို ဝမ်းထဲက ကျွတ်ခါစ နို့တိုက်ပြီးခါစ အခြေအနေလေးမှာတင်ပဲ စွန့်ပစ်ခံခဲ့ ရပါတယ်။စွန့်ပစ်ခံ မိဘမဲ့ ကလေးငယ်လေးများရဲ့ ဘဝဟာ အပြင်ပန်း ကြည့်ရင်တော့ မသိသာလှပေမယ့် စိတ်ပိုင်း ဆိုင်ရာမှာ အရွယ် ရောက်လာတာနဲ့အမျှ စိတ်ထိခိုက် ခံစားလာရပါတယ်။မိဘမဲ့ ကလေးများအတွက် ခိုလှုံနားခိုရာ ဂေဟာလေးများဟာ သူတို့ဘဝအတွက် အားကိုးရာပါ။ နိုင်ငံတော်က တစ်ဆင့် တည်ထောင်ထားတဲ့ ဂေဟာများ ရှိသလို ပုဂ္ဂလိကပိုင် တည်ထောင်ထားတဲ့ ဂေဟာများလည်း ရှိပါတယ်။ အဲဒီ ဂေဟာတွေ အနက်က ရွှေဂုံတိုင် ကလေးပြုစုရေး ဂေဟာကလည်း မိဘမဲ့ ကလေးငယ်လေးတွေအတွက် အလင်းရောင်တန်း တစ်ခုလိုပါပဲ။အမှတ် ၂၄၇၊ ၂၆၉(ခ)၊ အလယ် ရွှေဂုံတိုင်လမ်း ဗဟန်းမြို့နယ်က ကလေးပြုစုရေး ဌာနမှာဆိုရင် အခုလက်ရှိ မိဘမဲ့ ကလေးငယ်ပေါင်း ၆၁ ဦး ရှိနေပါတယ်။ လက်ခံနိုင်တဲ့ ဦးရေက ကလေးငယ် အယောက် ၁၀၀ ပါ။ အစိုးရက တွက်ချက် ပေးတာက တစ်နေ့တာ ကလေးငယ်လေး တစ်ဦးရဲ့ စားစရိတ်ကို ၄၃၂ ကျပ် ၁၀ ပြားသာ တွက်ချက် ချထားပေး ထားတာကြောင့် ပြင်ပ အလှူရှင်တွေရဲ့ အကူအညီ လိုအပ်နေပါတယ်။ နောက်ပြီး ဝန်ထမ်းနဲ့ ဆရာ၊ဆရာမ ဦးရေကလည်း ကလေးငယ်လေးတွေရဲ့ ဦးရေနဲ့ လောက်ငမှု မရှိတာကြောင့် အချိန်ပိုင်း လုပ်အားပေး လုပ်ချင်တဲ့ လူငယ်လေးတွေ၊ ကျောင်းသားလေးတွေ အစုအဖွဲ့နဲ့ လုပ်အားပေးလည်း ခေါ်နေပါတယ်။ကလေးတစ်ဦးရဲ့ နေ့စဉ် ဝေယျာဝစ္စက ဘယ်လောက် ကရိကထများပြီး စိတ်ရှည်ရတယ်ဆိုတာ မိခင်တိုင်း သိကြပါတယ်။ကလေးငယ် ရာနဲ့ဆယ်နဲ့ချီပြီး ရှိနေတဲ့ ဂေဟာမှာ လက်ချိုးရေလို့ရတဲ့ အရေအတွက် နဲ့သာဆို စဉ်းစားသာ ကြည့်ပါတော့။ နောက်ပြီး သူတို့ကို တစ်ပတ်မှာ အသားနဲ့သုံးရက်၊ ငါးနဲ့ သုံးရက် ကျွေးတယ်လို့ ဆိုပေမယ့် အလှူ ရှင်တွေ ရောက်သွားလို့ သူတို့လေးတွေအတွက် မုန့်တွေ လာလှူတယ်။ ထမင်းတွေ လာကျွေးတယ်ဆိုရင် သူတို့လေးတွေမှာ အရမ်းကို ပျော်ကြပါတယ်။ရွှေဂုံတိုင် ကလေးပြုစုရေး ဌာနမှာတော့ လာပို့လာအပ်ကြတဲ့ ကလေးတွေမှာ စွန့်ပစ်ခံ ကလေးငယ်လေးတွေ၊ မိဘမဲ့ ကလေးငယ်လေးတွေ၊ မိခင်(သို့) ဖခင် မကျန်းမာ (သို့) သေဆုံးသည့် မိသားစုက ကလေးငယ်တွေ၊ အုပ်ထိန်းသူမဲ့ ကလေးငယ်တွေ၊ အကြောင်းအမျိုးမျိုးကြောင့် ကြည့်ရှုမယ့်သူ မရှိတဲ့ ကလေးငယ်လေးတွေအပြင် အမှိုက်ပုံမှာ စွန့်ပစ်ခံရလို့ စည်ပင်ကတွေ့ပြီး စီမံချက်နဲ့ ပို့ဆောင်ပေးတဲ့ ကလေးငယ် လေးတွေကိုလည်း စောင့်ရှောက် ပေးထားပါတယ်။“ မိဘမဲ့ ကလေးလေးတွေ ကြီးလာလို့ ကျောင်းနေလို့၊ အလုပ်လုပ်လို့ ဖောင်တွေ ဖြည့်ရတဲ့အခါ သူတို့အဖေအမေ ဘယ်သူဆိုတာ မသိလို့ မိဘမဲ့ကျောင်းက ဆရာ၊ ဆရာမတွေ နာမည်ကို ဖြည့်ရတယ်။ သူတို့မှာ သူများတွေလို မိစုံဖစုံ မရှိရှာဘူးဆိုတဲ့ အသိက အားငယ်စိတ်တွေ ဖြစ်နေကြရှာတယ် ” လို့လည်း ရွှေဂုံတိုင် ကလေးပြုစုရေး ဌာနက ဆရာမ တစ်ယောက်က ပြောပြပါတယ်။နောက်တစ်ခု မိဘမဲ့ ကလေးငယ်လေးတွေ အများဆုံးသော နေရာက ဆေးရုံတွေမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် ကလေးကိုတော့ ရအောင်မွေးတယ်။ ဒါပေမဲ့ ဖြစ်ချင်ရာဖြစ် ဆေးရုံမှာ ပစ်ထားခဲ့တဲ့ လူမဆန်တဲ့ မိဘတွေကြောင့် ဆေးရုံပေါင်း များစွာမှာ မိဘမဲ့ နေရရှာတဲ့ ကလေးငယ်တွေ များစွာ ရှိနေပါတယ်။ ဖြေရှင်းမရတဲ့ ဘယ်အကြောင်းရင်းများ ရှိတယ်ပဲ ဆိုဆို၊ လူ့အသက်တစ်ချောင်းကို ဖွဲတစ်ဖက် လောက်တောင် တန်ဖိုးမထားဘဲ ကိုယ့်သွေးသားရင်းကို စွန့်ပစ်နိုင်ကြတဲ့ မိဘတွေ ရှိနေသေးလို့ မိဘမဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ စိတ်အားငယ်မှု၊ စိတ်အလိုမကျမှုတွေက တစ်သက်လုံး အမြစ်တွယ် နေကြရရှာတာပါ။“ ကျွန်မ ဆေးရုံမှာ အစာအိမ် သွားခွဲတုန်းကဆို ဘေးခုတင်မှာ ကောင်မလေး ခပ်ငယ်ငယ်တစ်ယောက် ဘယ်သူမှ မပါဘဲ လက်ဆွဲအိတ် တစ်လုံးနဲ့ အခိုင်းကောင်မလေး တစ်ယောက်နဲ့လာတယ်။ ပြီးတော့  ကလေးမွေးပြီး နောက်နေ့ကျတော့ ဘယ်ဆရာဝန်မှ မသိအောင် ဆေးရုံက ဆင်းသွားတယ်။ အဲဒီသူ့ကလေးကို ဆေးရုံက တခြားကလေးအမေတွေက နို့တိုက်တယ်။ ပြီးတော့ ဆေးရုံကပဲ ပြန်မွေးထားတယ်။ မွေးစားမယ့်သူ မပေါ်မချင်း ဒီအတိုင်းပဲ ဆေးရုံက ကျွေးမွေး ပေးထားရတယ် ” လို့ ဆေးရုံတက်ရင်းနဲ့ ပစ်သွားတဲ့ မိဘတစ်ယောက် အကြောင်းကို မသန္တာဝင်းက ပြောပါတယ်။ကလေး မရနိုင်တဲ့ အိမ်ထောင်ရှင်တွေ၊ ကလေးမွေးစားချင်တယ် ဆိုရင်လည်း မွေးစားလို့ ရပါတယ်။ အသက် ၃ နှစ် ကျော်ရင်တော့ မွေးစားခွင့် မပေးဘူးလို့ သိရပါတယ်။အိမ်ထောင်ရှင်တွေ အနေနဲ့ အိမ်ထောင်သက် ၅ နှစ်ပြည့်ရမှာဖြစ်ပြီး အစမ်းခြောက်လ ပေးမွေးစားပြီးတော့မှ အပြီးအပိုင် လွှဲပြောင်းပေးပါတယ်။ နောက်ပြီး မိဘရှိလျက်နဲ့ မိဘက မကျွေးနိုင်လို့ လာအပ်ထားတဲ့ ကလေးတွေလည်း ရှိတယ်လို့ သိရပါတယ်။ကလေးများကို မွေးစကနေပြီး ၈ နှစ်အထိ စကားပြောတတ်စေဖို့ လေ့ကျင့်ပေးတာ အပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ ဖွံ့ဖြိုးစေဖို့ လေ့ကျင့်ပေးပြီး မူလတန်း အထိပြီးရင်တော့ ယောက်ျားလေးဆိုရင် ကျိုက်ဝိုင်းက လူငယ် သင်တန်းကျောင်းကို ပို့ပြီး မိန်းကလေးတွေကိုတော့ မရမ်းကုန်းက အမျိုးသမီးကလေးများ သင်တန်းကျောင်းကို အသက်မွေးဝမ်းကျောင်း ပညာများ တက်ရောက်သင်ကြား နိုင်စေဖို့ ပို့ဆောင် ပေးပါတယ်။အလှူရှင်တွေ များစွာ လိုအပ်နေသေးလို့ လှူဒါန်းချင်တယ် ဆိုရင်တော့ ဖုန်း ၀၁-၅၅၈၄၅၀၊ ဖက်စ် ၀၁၅၅၈၄၅၀ ကို ဆက်သွယ် လှူဒါန်းရင်းနဲ့ မိဘမဲ့ ကလေးများရဲ့ ဘဝလေးတွေကို တတ်နိုင်သမျှ မေတ္တာပေးနိုင် ကြပါစေလို့ ဆန္ဒပြုလိုက် ရပါတယ်။

Most Read

Most Recent