အပန်းပြေရာ ဘိုးဘွားတို့၏ ဂေဟာ

အပန်းပြေရာ ဘိုးဘွားတို့၏ ဂေဟာ
Published 18 September 2015
သက်ထား

ဒီအပတ်ရဲ့ ကဏ္ဍလေးမှာတော့ သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပေးတဲ့ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာကို ဖော်ပြပေးချင်ပါတယ်။သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာကဆိုရင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနကနေ ဖွင့်လှစ်ထားတာ ဖြစ်ပြီးတော့ ရန်ကုန်မြို့ အမှတ်(၆၄)၊ ကမ္ဘာအေး စေတီလမ်းနှင့် ပါရမီလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်မှာ တည်ရှိတာ ဖြစ်ပါတယ်။ဒီဂေဟာက ဆိုရင်တော့ အသက်(၇၀)နဲ့အထက် အဘိုး၊ အဘွားများကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီကနေ ညနေ ၄ နာရီခွဲအထိ နေ့ပိုင်း စောင့်ရှောက်မှုပေးပြီးတဲ့ ဂေဟာလေး တစ်ခုဖြစ်ပါတယ်။မိမိအိမ်မှာ အိမ်ရှိလူကုန် အလုပ်လုပ်ကြလို့ အထီးကျန်ဆန်နေတဲ့ အဘိုး၊ အဘွားတွေအတွက် နေ့ပိုင်းမှာ အထီးကျန်မှု မရှိအောင် စောင့်ရှောက်ပေးတာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့တွင်း အချို့သော အဘိုး၊ အဘွား များဟာ သူတို့ရဲ့ နေ့တစ်ပိုင်း အချိန်တွေကို လာရောက် ကုန်ဆုံးလေ့ ရှိပါတယ်။ဂေဟာရဲ့ တစ်နေ့ ကုန်ဆုံးပုံကတော့ အဘိုးအဘွားတွေကို မနက်ခင်း လေ့ကျင့်ခန်း လုပ်ခြင်း၊ စာဖတ်ခြင်း၊ ကွန်ပျူတာ၊ အင်တာနက် အသုံးပြုခြင်း၊ တရားထိုင်ခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ စစ်တုရင်ထိုးခြင်း၊ ကျားကစားခြင်း၊ ဒိုးဇက် ကစားခြင်းနှင့် အခြားသော ကစားနည်းများ ကစားခြင်း၊ ပြင်ပလေ့လာရေး ခရီးသွားခြင်း၊ မိမိ ဝါသနာပါရာ လုပ်ခြင်းတို့နဲ့ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးစေမှာ ဖြစ်ပါတယ်။ဒီဂေဟာကဆိုရင် ဆင်းရဲချမ်းသာမရွေး လာလို့ရတဲ့အပြင် အချို့သော ချမ်းသာတဲ့ သူများကဆိုရင် နေ့ပိုင်းဂေဟာကို ပို့လိုက်လို့ မိမိတို့ ဂုဏ်ငယ်သွားမလား။ ဆင်းရဲတဲ့ သူတွေကလည်း မိမိတို့ဆင်းရဲလို့သွားလို့ ရပါ့မလားဆိုပြီး မလာကြတဲ့ သူတွေလည်း ရှိတယ်လို့ သိရပါတယ်။“ ဂေဟာကို လာပြီဆိုရင် အဘိုး၊ အဘွားတွေကို ဟိုဟာလုပ်ကမယ်။ ဒီဟာလုပ်ကမယ်ဆိုပြီး တင်းတင်းကျပ်ကျပ် ကန့်သတ်ထားတာ မရှိပါဘူး။ သူတို့ စိတ်ပါရင် စိတ်ပါသလို ပါဝင်လုပ်ဆောင် နိုင်ပါတယ်။ အခုဆိုရင် မြို့နယ် ၂၇ မြို့နယ်ကနေ လာကြတဲ့ အဘိုး၊ အဘွား ၇၀ က နေ့စဉ် လာရောက်ကြပါတယ် ” ဟု သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာ၏ တာဝန်ရှိသူ တစ်ဦးက ပြောပြပါတယ်။လက်ရှိမှာတော့ နေ့စဉ် လာရောက်တဲ့ အဘိုး၊ အဘွားတွေရဲ့ အကြိုအပို့ကို တစ်မြို့ နယ်ကို တစ်ပတ်တစ်ခါသာ အကြို၊ အပို့ လုပ်ပေးနိုင်တဲ့အတွက် အများစုကတော့ ဘတ်(စ်)ကား အသုံးပြုပြီး လာကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။ အကြို၊ အပို့ယာဉ် လှူ ဒါန်းချင်တဲ့ အလှူရှင်များ အနေနဲ့လည်း လှူ ဒါန်းကြမယ်ဆိုရင် အဘိုး၊ အဘွားတွေရဲ့ သွားရေး၊ လာရေး အဆင်ပြေကြမှာပါ။“ အဘိုးကတော့ အင်းစိန်ကနေ နေ့တိုင်း လာတာပါ။ အိမ်မှာ သားသမီးတွေ အကုန်လုံးက အလုပ်ကိုယ်စီ သွားကြတော့ အိမ်မှာ တစ်ယောက်တည်း နေခဲ့ရတော့ အထီးကျန်လို့ လာတာပါ။ ဒီမှာဆိုတော့ သူ့အချိန်နဲ့သူ တရားထိုင်ချိန် တရားထိုင်၊ စားချိန်တန်စား၊ အိပ်ချိန်တန် အိပ်ဆိုတော့ အကုန် အဆင်ပြေတယ် ” ဟု အသက် ၇၈ နှစ်အရွယ် အဘိုးအိုတစ်ဦးက ပြောပြပါတယ်။ဒါ့အပြင် အဘိုး၊ အဘွားများအတွက် လူမှုရေး စောင့်ရှောက်မှုကိုလည်း တစ်ဦးချင်းစီ (သို့မဟုတ်) အုပ်စုလိုက် Counselling ပြုလုပ်ပေးခြင်း၊ မူကြိုကျောင်းများမှ ကလေးများနှင့် တွေ့ဆုံပေးခြင်း၊ လူငယ်များနှင့် တွေ့ဆုံ၍ ဘဝအတွေ့အကြုံများ ဟောပြောခြင်း၊ မိမိ ဝါသနာပါရာ လုပ်ငန်းများ လုပ်ဆောင်ခြင်း၊ သက်ကြီးသူများ အချင်းချင်း လူမှုရေး ကွန်ရက်ထားရှိပြီး သတင်းအချက်အလက်များ နှီးနှောဖလှယ်ခြင်း၊ နေ့ကြီး၊ ရက်ကြီးများတွင် အခမ်းအနားများ ကျင်းပပေးခြင်း တို့ကိုလည်း ပြုလုပ်ပေးပါတယ်။အဘိုး၊ အဘွားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း အထွေထွေ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ သွားနှင့်ခံတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု ဆောင်ရွက်ပေးခြင်း၊ ခန္ဓာကိုယ် သန်စွမ်းရေး လေ့ကျင့်ပေးခြင်း၊ ကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊  ကျန်းမာရေး ပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် လိုအပ်ပါက ဆေးရုံနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း တို့ကိုလည်း ပြုလုပ်ပေးတယ်လို့ သိရပါတယ်။သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှာက်ရေး ဂေဟာကို လာချင်တဲ့ အဘိုး၊ အဘွားများ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကတော့ အသက် ၇၀ အထက်၊ လူမှုရေးအရ အထီးကျန်နေသူများ၊ နာတာရှည် ဝေဒနာ ခံစားနေရမှု မရှိတဲ့ သူများအနက်မှ ဦးစားပေး ပြုစုစောင့်ရှောက်မှုပေးဖို့ လိုအပ်တဲ့ သက်ကြီးရွယ်အိုများကို လက်ခံဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာကို ၂၀၁၃ ခုနှစ် နိုဝင်ဘာမှာ စတင် ဖွင့်လှစ်ခဲ့ပြီးတော့ လူမှုရေးအရ စောင့်ရှောက်မှုပေးရန် လိုအပ်တဲ့ သက်ကြီးရွယ်အိုများအတွက် စောင့်ရှောက် အကူအညီပေးရန် ရည်ရွယ် ချက်များနဲ့ စတင်ဖွင့်လှစ်ခဲ့ကာ နေ့ပိုင်းစောင့်ရှောက်မှု လိုအပ်တဲ့ အဘိုး၊ အဘွားများ အနေနဲ့လည်း မည်သည့် အခကြေးငွေမျှ ပေးစရာမလိုဘဲ လာရောက် စောင့်ရှောက်မှု ခံယူနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် အာဟာရ ကျွေးမွေးခြင်း အစီအစဉ်များ ဖြစ်တဲ့ နေ့လယ်စာ ကျွေးမွေးခြင်း၊ ကော်ဖီ၊ လက်ဖက်ရည်၊ အိုဗာတင်း၊ မိုင်လိုနဲ့မုန့် နှစ်ကြိမ် တိုက်ကျွေးတဲ့ အချိန်တွေမှာလည်း အလှူရှင်များ အနေနဲ့ လာရောက် လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ လှူဒါန်းလိုသူများ ဖြစ်ဖြစ်၊ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာကို သွားချင်တဲ့ အဘိုး၊ အဘွားများ ဖြစ်ဖြစ် ဖုန်း-၀၁-၆၅၇၉၁၄ ကို ဆက်သွယ် စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။ဒါ့ကြောင့် အိမ်မှာ အထီးကျန်နေတဲ့ အဘိုး၊ အဘွားများ အနေဖြင့် နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာမှာ မိမိတို့ရဲ့ တစ်နေ့တာ အချိန်ကို သက်ကြီးရွယ်အိုများ နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာမှာ ပျော်ရွှင်စွာကုန်ဆုံး နိုင်ပါတယ်လို့ တင်ပြရင်း။    

Most Read

Most Recent