ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် တင်မြင့်အား ဒုတိယအကြိမ် ချုပ်ရက်ရမန်ထပ်ယူ

ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် တင်မြင့်အား ဒုတိယအကြိမ် ချုပ်ရက်ရမန်ထပ်ယူ
Published 17 September 2015

သန်လျင်မြို့နယ်တွင် ရဲတပ် ဖွဲ့ဝင်နှစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့သူအား သန်လျင်မြို့နယ် တရားရုံးတွင် စက်တင်ဘာ ၁၇ ရက်က ဒုတိယအကြိမ် ချုပ်ရက်ရမန် ထပ်ယူခဲ့ကြောင်း သိရသည်။
“ဒီနေ့မှာတော့ ရဲတပ်ဖွဲ့ဝင်တွေကို ဓားဖြင့် ထိုးသတ်ခဲ့တဲ့ တင်မြင့်ကို ဒုတိယအကြိမ် ချုပ်ရက်ယူခဲ့ပါတယ်” ဟု သန်လျင်မြို့မရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။
တရားခံ တင်မြင့်အနေဖြင့် ၂၀၁၄ ခုနှစ် မေလတွင် သန်လျင်မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်မှုကြောင့် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် တရားခံပြေးအဖြစ် ကြေညာထားခံရပြီး စက်တင်ဘာ ၂ ရက်တွင် ၎င်းတိမ်းရှောင်နေသည့် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ သဘာ၀ တည်းခိုခန်း၌ ရှိနေစဉ် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးရာ ဓားဖြင့် ပြန်လည် ခုခံထိုးသတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့နှစ်ဦးဖြစ်သည့် ရဲအုပ်အောင်နိုင်နှင့် တပ်ကြပ်သူရလွင်တို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဒီလူက ဒုစရိုက်မှုတွေ အများကြီးကို ကျူးလွန်ခဲ့သူတစ်ယောက်ပါ။ လူသတ်မှုနဲ့ ထောင်ကျပြီး ၂၀၀၈ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတယ်။ လွတ်လာပြန်တော့လည်း ပြစ်မှုတွေ ထပ်ကျူးလွန်တယ်။ မုဒိမ်းမှုတွေ၊ လုယက်မှုတွေနဲ့ ဒုစရိုက်မှုပေါင်း များစွာကိုလည်း ထပ်မံကျူးလွန်လို့ ထောင်ကျခဲ့တယ်။ ၂၀၁၄ ခုနှစ်မှာ သမ္မတ လွတ်ငြိမ်းခွင့်နဲ့ပဲ ပြန်လွတ်လာတယ်။ အဲဒီလိုလွတ်ပြီး အခုလို ပြစ်မှုကို ထပ်မံကျူးလွန်ခြင်း ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သူ တင်မြင့်မှာ အသက် (၄၇) နှစ်ရှိပြီဖြစ်ပြီး ၎င်းကို ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် မွေးဖွားခဲ့ပြီး လူငယ်ဘဝကပင် ရန်ကုန်ဘူတာကြီး၌ ဒုစရိုက်သမားများနှင့် ပူးပေါင်းကာ ခိုး၊ ဆိုး၊ လု၊ နှိုက်စသည့် အမှုပေါင်းများစွာကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း သိရသည်။
တင်မြင့်သည် ၁၉၉၀ ခုနှစ်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ အမျိုးသားတစ်ဦးအား ဓားဖြင့်ထိုးပြီး လုယက်မှု ကျူးလွန်ခဲ့ကာ ပဲခူးမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ၎င်းထွက်ပြေးတိမ်းရှောင်မှုအား လိုက်လံဖမ်းဆီးသည့် ဝေါမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် သာကေတမြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ထပ်မံတိမ်းရှောင်နေစဉ် သာကေတမြို့မ ရဲစခန်းနှင့် မင်္ဂလာတောင်ညွှန့် မြို့မရဲစခန်းတို့ ပူးပေါင်းကာ ဖမ်းဆီးခဲ့ကာ ၎င်းအား ပဲခူးစစ်ခုံရုံးက ထောင်ဒဏ် တစ်သတ်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အမိန့်ချမှတ်ခံခဲ့ရပြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကျူးလွန်ခဲ့သည့် ပြစ်မှုအတွက် တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် သံခြေချင်းအား ဖြုတ်ကာ အစောင့်ရဲအား ရိုက်နှက်ကာ ထွက်ပြေးခဲ့ပြီး ယင်းနေ့၌ပင် တင်မြင့်အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းထောင့်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်၊ မြင်းခြံနှင့် အိုးဖိုထောင်တို့တွင် ပြစ်ဒဏ်ကျခံစေခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခံ ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
ထိုသို့ ပြန်လည်လွတ်မြောက် လာခဲ့ပြီး နောက် တင်မြင့်သည် သာကေတမြို့နယ်ရှိ ၎င်းမိန်းမနေအိမ်၌ ပြန်လည် နေထိုင်နေစဉ် မယားပါသမီးအား အဓမ္မပြုရန် ကြံစည်မှုဖြင့် ထွက်ပြေးတိမ်းရှောင်ရင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် လုယက်မှုများ ထပ်မံကျူးလွန်ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက စုံစမ်းသိရသည်။ ထို့နောက် ၎င်းအား တောင်ဒဂုံမြို့နယ်၌ လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၁ခုနှစ်တွင် ၎င်းကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် ထောင်ဒဏ်နှစ် ၂၀ ကျော် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
ထောင်ကျနေစဉ် အတွင်း၌ပင် မြင်းခြံ မြို့နယ်ရှိ ရဲဘက်စခန်းတွင် ထိန်းသိမ်းခံထားရစဉ် သံခြေချင်းအား ဖျက်ဆီးကာ ထွက်ပြေးရန် ကြံစည်ခဲ့မှုဖြင့် ထောင်ဒဏ်လေးလ ထပ်မံတိုးမြှင့်ခံခဲ့ရပြီး ၂၀၁၄ ခုနှစ်တွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
“အခုလို လူမျိုးကျတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နှစ်ကြိမ်တောင် လွှတ်ပေးတယ်။ ဒုစရိုက်မှု မကျူးလွန်ပဲ အစိုးရရဲ့ ညံ့ဖျင်းမှုတွေကို ထုတ်ဖော်ဆန္ဒပြတဲ့သူတွေ၊ နိုင်ငံရေး သမားတွေဆိုရင် ဘယ်တော့မှ မလွတ်ပေးဘူး။ အခုလို လူမျိုးဆိုရင် သေဒဏ်တောင် ပေးသင့်တယ်” ဟု သာကေတမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးဖြစ်သူ ကိုတေဇက ပြောကြားသည်။
လက်ရှိတွင် အဆိုပါ အမှုအား သန်လျင်မြို့မ ရဲစခန်းတွင် (ပ)၅၆၃/၂၀၁၅၊ ပြစ်မှုပုဒ်မ -၃၀၂ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။

Most Read

Most Recent