ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် စိတ်ကြွမူးယစ် ဆေးပြားများ စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့သည့် ဖြစ်စဉ်များနှင့် ဆက်နွှယ်သူ ၁၂ ဦးအနက် တစ်ဦးအား မြဝတီနယ်စပ်တွင် ဖမ်းဆီးရမိ ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲ အရာရှိ တစ်ဦးထံမှ သိရသည်။
“ပထမ ယာဉ်မောင်းအဆင့်ကို စစ်ဆေးနေတုန်းပါ။ ကျွန်တော်တို့ စစ်ကြောရေးအဖွဲ့က ခြောက်ဖွဲ့ရှိတယ်။ မင်းဦးခိုင်ကို မြဝတီဘက်မှာ ဖမ်းမိတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ အတည်ပြုချက်ကတော့ မရသေးဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
အဆိုပါ စံချိန်တင် စိတ်ကြွဆေးပြား တွေ့ရှိမှုတွင် မရမ်းကုန်းမြို့နယ် အတွင်းရှိ ရေလုပ်ငန်း လုပ်ကိုင်သော KALA DAN DELTA DEVELOPMENT ကုမ္ပဏီနှင့် မြောက်ဒဂုံ မြို့နယ် အတွင်းရှိ Arakan bay ဆောက်လုပ်ရေး ကုမ္ပဏီမှ ပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ဆောင်သူအချို့ ပါဝင်လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မူးယစ်တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် စိတ်ကြွမူးယစ် ဆေးပြားများ စံချိန်တင် စစ်ဆေးတွေ့ရှိ ခဲ့သည့် ဖြစ်စဉ်များနှင့် ဆက်နွှယ်သူ ၁၂ ဦး၏ ဓာတ်ပုံများအား နိုင်ငံတစ်ဝန်းရှိ ရဲစခန်းများနှင့် ဟိုတယ်များသို့ ပေးပို့ရှာဖွေ လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မူးယစ်တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
အဆိုပါ ၁၂ ဦးမှာ မြောက်ဒဂုံမြို့နယ်တွင် အများဆုံး နေထိုင်သည်ဟု စစ်ဆေးတွေ့ရှိရပြီး ၎င်းတို့၏ဇာတိမှာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးအပတ်မှစ၍ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အတွင်းရှိ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်း အတွင်းရှိ ခြောက်လမ်းသွား လမ်းမပေါ်၌ ရပ်တန့်ထားသည့် ကွန်တိန်နာယာဉ် တစ်စီးပေါ်တွင် ပီနှံအိတ် ၈၉ အိတ်ဖြင့် ထုတ်ထားသော WY စိတ်ကြွဆေးပြား ၂၆၇ သိန်းကို ရဲတပ်ဖွဲ့ဝင်များက ပိုင်ရှင်မဲ့အဖြစ် စတင်ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးရမိသည့် ဆေးပြားများမှာ စံချိန်တင် အများဆုံး ဖမ်းမိမှုဖြစ်ပြီး လက်ရှိ ကာလပေါက်ဈေး အနေဖြင့် ကျပ် ၁၃၃ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၁၀၀) ကျော် တန်ဖိုးရှိကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ရန်ကုန်မြို့တွင် စိတ်ကြွမူးယစ် ဆေးပြားများ စံချိန်တင် စစ်ဆေးတွေ့ရှိခဲ့သည့် ဖြစ်စဉ်များနှင့် ဆက်နွှယ်သူ ၁၂ ဦးအနက် တစ်ဦးအား မြဝတီနယ်စပ်တွင် ဖမ်းဆီးရမိဟု သိရ