၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် မဲရုံကိုယ်စားလှယ် အနည်းဆုံး တစ်ဦး ထားရှိရန် ပါတီဗဟို ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့က ညွှန်ကြားချက် ထုတ်ထားကြောင်း သတင်းရရှိသည်။NLD ပါတီ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့၏ ညွှန်ကြားချက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများသည် ၈-၁၁-၂၀၁၅ တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် မိမိတို့၏ မဲရုံကိုယ်စားလှယ်များကို ခန့်အပ်ရမည် ဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးသည် မဲရုံအတွင်း မဲရုံကိုယ်စားလှယ် တစ်ဦးနှင့် မဲရုံအကူ ကိုယ်စားလှယ်တစ်ဦး စုစုပေါင်း နှစ်ဦးစီကို ဥပဒေအရ ခန့်အပ်ခွင့် ရှိသော်လည်း ကိုယ်စားလှယ်တိုင်းသည် အနည်းဆုံး မဲရုံကိုယ်စားလှယ်တစ်ဦး မဖြစ်မနေ ခန့်အပ်ထားရန် လိုအပ်ကြောင်း ပါရှိသည်။ရွေးကောက်ပွဲ နည်းဥပဒေ ၇၅ အရ လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ်သည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ကူညီရန် ရွေးကောက်ပွဲ ကိုယ်စားလှယ်တစ်ဦး၊ မဲရုံအသီးသီးအတွက် မဲရုံကိုယ်စားလှယ်/အကူကိုယ်စားလှယ်၊ စာရေး၊ မဲဆော်သြသူနှင့် ရုံးအကူ တစ်ဦးစီတို့အပြင် မဲရုံတစ်ရုံလျှင် မဲစာရင်းရှိ မဲဆန္ဒရှင်ဦးရေ ၃၀၀ ထက်ပိုလျှင် နောက်ထပ်စာရေး၊ မဲဆော်သြသူနှင့် ရုံးအကူ တစ်ဦးစီတို့မှတစ်ပါး အခကြေးငွေဖြင့် မည်သူ့ကိုမျှ မခန့်ထားရဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတည်ပြုစာရင်းကို စက်တင်ဘာ ၅ ရက်မှ စတင်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာခဲ့သည်။ NLD ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၁၈ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၆၃ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၄၉ ဦး စုစုပေါင်း ၁၁၃၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပါတီကိုယ်စားလှယ်လောင်း တစ်ဦးလျှင် မဲရုံကိုယ်စားလှယ် အနည်းဆုံး တစ်ဦး ထားရှိရန် NLD ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ညွှန်ကြား