ရွေးကောက်ပွဲကာလ စိုးရိမ်ပူပန်မှုများအတွက် အမေရိကန် အပါအဝင် နိုင်ငံတကာ သံရုံး ရှစ်ခုမှ ပူးတွဲကြေညာချက် ထုတ်ပြန်

ရွေးကောက်ပွဲကာလ စိုးရိမ်ပူပန်မှုများအတွက် အမေရိကန် အပါအဝင် နိုင်ငံတကာ သံရုံး ရှစ်ခုမှ ပူးတွဲကြေညာချက် ထုတ်ပြန်
Published 16 September 2015
ဖြိုးဝေ

မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဘာသာရေးကို နည်းလမ်းတစ်ခု အနေဖြင့် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိုးရိမ်ပူပန်မိကြောင်း သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ဆွီဒင်၊ ယူကေနှင့် အမေရိကန်သံရုံးတို့မှ ပူးတွဲကြေညာချက် ထုတ်ပြန်
မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဘာသာရေးကို နည်းလမ်းတစ်ခု အနေဖြင့် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိုးရိမ်ပူပန်မိကြောင်း သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်၊ နော်ဝေ၊ ဂျပန်၊ ဆွီဒင်၊ ယူကေနှင့် အမေရိကန် သံရုံးတို့မှ ပူးတွဲကြေညာချက် တစ်ရပ်ကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကဲ့သို့ အနိုင်ရသည့် ပါတီအား အာဏာလွှဲပြောင်းမှု မရှိသည့် အခြေအနေနှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာချက်အဖြစ် ထုတ်ပြန်သည့် အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံတွင် သြစတြေးလျသံရုံး၊ ကနေဒါသံရုံး၊ ဒိန်းမတ်သံရုံး၊ ပြင်သစ်သံရုံး၊ နော်ဝေသံရုံး၊ ဂျပန်သံရုံး၊ ဆွီဒင်သံရုံး၊ ဗြိတိသျှသံရုံးနှင့် အမေရိကန် သံရုံးတို့မှ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ပူးတွဲကြေညာချက် အနေဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အသီးသီးသော လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲများ၏ အရည်အသွေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်ပါလိမ့်မည်။ သို့ပါ၍ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် လူ့အခွင့်အရေး လေးစားမှုကို အာမခံချက် ပေးနိုင်သည့် ကောင်းမွန်သော ယှဉ်ပြိုင်မှုများဖြင့် အခြေပြုထားသည့် စိတ်ချယုံကြည်ရသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲ ဖြစ်ရေးအတွက် အသိပေး နှိုးဆော်သည့် ကြိုးပမ်းအားထုတ် မှုများကို ကျွနု်ပ်တို့က ကူညီပံ့ပိုးလျက် ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ တရားဝင် စတင်ခဲ့ပြီး ဖြစ်သည့်အလျောက် ဤနိုင်ငံနှင့် ဤရွေးကောက်ပွဲများ၏ အောင်မြင်ရေးအတွက် ရင်းနှီးပံ့ပိုးပေးထားသည့် ကျွန်ုပ်တို့ကဲ့သို့ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်နိုင်ငံများ အနေဖြင့် မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဘာသာရေးကို နည်းလမ်းတစ်ခု အနေဖြင့် အသုံးချကာ သွေးခွဲခြင်းနှင့် ပဋိပက္ခ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို စိုးရိမ်ပူပန်မိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ ကျွနု်ပ်တို့ ကိုယ်တိုင်လည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံများ ဖြစ်သည့်အလျောက် ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံရေး အခြေအနေများ၏ စိတ်လှုပ်ရှားဖွယ်ရာ ပြောင်းလဲမှုများကို ကောင်းကောင်းနားလည် သဘောပေါက်ပါသည်။ မြန်မာနိုင်ငံတွင် သွေးကွဲမှုနှင့် အရပ်ဘက် ပဋိပက္ခ ဖြစ်ခဲ့ဖူးသည့် သာဓကများ ရှိခဲ့ပါသဖြင့် ရွေးကောက်ပွဲများသည် ငြိမ်းချမ်းပြီး အားလုံးပါဝင်မှု ရှိစေရန် သည်းခံခြင်းစိတ်၊ အပြန်အလှန် လေးစားခြင်းနှင့် ကျောသားရင်သား မခွဲခြားဘဲ မျှတမှုရှိသည့် တရားဥပဒေ ဖြစ်ရေးတို့ကို အသိအမြင် ကျယ်ပြန့်လာစေရေး နှိုးဆော်ပေးကြပါရန် (ဤရွေးကောက်ပွဲနှင့်) ဆက်စပ်သက်ဆိုင် သူများဖြစ်သည့် အစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်နှင့် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံသားများ အားလုံးကို ထပ်တူထပ်မျှ ကျွန်ုပ်တို့ တောင်းဆိုပါသည်ဟု ပူးတွဲသတင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အထက်ပါ အချက်များအပြင် ရွေးကောက်ပွဲ စည်းမျဉ်းများနှင့် ဥပဒေများ အားလုံးကိုလည်း ပြဋ္ဌာန်း အသုံးပြုရာတွင် လူမျိုး၊ ဘာသာနှင့် နိုင်ငံရေးပါတီမရွေး မျှတမှုရှိရန်၊ တစ်သမတ်တည်း ဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် တောင်းဆို၍ လက်ရှိရွေးကောက်ပွဲ ကာလအတွင်း မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ ပြည်သားများကို ပံ့ပိုးကူညီရန် နိုင်ငံတကာမှ သန္နိဋ္ဌာန် ချမြဲချထားလျက်ရှိပြီး ဖြစ်စဉ်ကိုလည်း အစိုးရသစ်တစ်ခု ၂၀၁၆ ခုနှစ်တွင် ထူထောင်ခြင်းတစ်လျှောက် အနီးကပ် စောင့်ကြည့် လေ့လာသွားမည် ဖြစ်ပါကြောင်း ပူးတွဲသတင်း ကြေညာချက်တွင် ဖော်ပြထားချက်အရ သိရသည်။