ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဉ်အချို့ သံဖြူဇရပ်နှင့် ရေးမြို့အကြား သေနတ်ဖြင့် ပစ်ခတ်ခံရ

ရန်ကုန်-ထားဝယ် ခရီးသည်တင်ယာဉ်အချို့ သံဖြူဇရပ်နှင့် ရေးမြို့အကြား သေနတ်ဖြင့် ပစ်ခတ်ခံရ
Published 15 September 2015
ဖြိုးဇင်(ထားဝယ်)

 
ရန်ကုန်မြို့မှ  ထားဝယ်မြို့သို့ ထွက်ခွာလာသော ခရီးသည်တင်ယာဉ် ငါးစီးနှင့် အိမ်စီးဂျစ်ကား တစ်စီးမှာ စက်တင်ဘာ ၁၄ ရက် ည ၁၂ နာရီခန့်က မွန်ပြည်နယ် သံဖြူဇရပ်မြို့ နှင့် ရေးမြို့အကြား လမိုင်းမြို့နယ် နှင်းစုံကျေးရွာအနီး မိုင်တိုင် ၈၂ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံ အကြားတွင် အမည်မသိ လက်နက်ကိုင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရပြီး ခရီးသည်တင် ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်လိုက်တစ်ဦး သေနတ်ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 
သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားရာတွင် ရှေးဦးစွာ ရန်ကုန်မှ ထားဝယ်သို့  မောင်းနှင်လာသည့် အန်တီဝင်းယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် စတင်ပစ်ခတ်ခြင်းခံရကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်သူမှာ အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး ကရင်သံဝဲကြောင်း၊ ဘောင်းဘီရှည်နှင့် စွပ်ကျယ်အကျီကို ဝတ်ဆင်ထားကာ AK47 သေနတ်ကို ကိုင်ဆောင်ထားကြောင်း ပစ်ခတ်ခံခဲ့ရသည့်  အမည်မဖော်လိုသူ  ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။
 
“စက်တင်ဘာ ၁၄ ရက်  ည ၁၂ နာရီ မထိုးခင်မှာ အပစ်ခံခဲ့ရတာပါ။ အပစ်ခံရတဲ့နေရာက သံဖြူဇရပ်-ရေးလမ်းပိုင်းပေါ်က နှင်းစုံရွာနားမှာပါ။ သေနတ်နဲ့ပစ်တဲ့သူက ကားရှေ့ကနေပြီး ဘာမှမပြောဘဲ သေနတ်နဲ့ မနားတမ်း အချက် ၃၀ လောက် ပစ်ခဲ့ပါတယ်။ သေနတ်နဲ့ ပစ်ပြီဆိုတာသိတာနဲ့  ကားကို ထိုးရပ်လိုက်တယ်။ ကားရပ်တော့ နံဘေးကနေ ထပ်ပစ်တယ်။ ပြီးတော့  ကရင်သံဝဲ၀ဲနဲ့  ဒရိုင်ဘာကို  ကားပေါ်က ဆင်းခဲ့ဖို့ခေါ်တယ်။  သူ့ လက်ထဲမှာ AK47 သေနတ် ကိုင်ထားတာ တွေ့လိုက်ရတယ်။ ခရီးသည်တွေကို မပစ်ဘဲ နဲ့  ကားခေါင်းခန်းထဲကိုပဲ ပစ်နေတာ။ အစ်ကို့ကားက ထိပ်ဆုံးကမို့ ပထမဆုံး အပစ်ခံရတာ။ မိနစ် ၂၀ လောက်  ကားပေါ်မှာဝပ်နေရင်း သေနတ်နဲ့ပစ်တဲ့သူက ကားပေါ်ကို တက်လာဖို့ပြင်နေတာတွေ့တော့ ထိုင်ခုံပေါ်ပြေးတက်ပြီး မောင်းပြေးလာတာပါ။ သူက ကားရှေ့ကနေ ဒရိုင်ဘာခုံဘက်လာနေတုန်း ကားမောင်းအထွက်မှာ တိုက်ထည့်ခဲ့လို့ ဘေးကို လိမ့်ထွက်သွားတာတွေ့တယ်။ အပစ်ခံရတဲ့နေရာနဲ့ မနီးမဝေးမှာရှိနေတဲ့ နှင်းစုံရွာနားက DKBA ငြိမ်းချမ်းရေးဂိတ်ကို ကားတွေ သေနတ်နဲ့အပစ်ခံရတဲ့အကြောင်း သတင်းပို့ခဲ့တယ်။ ပြီးတော့ ငါးမိုင်လောက်အကွာမှာရှိတဲ့ အာလူးတောင်ဂိတ်မှာရှိတဲ့ တပ်မတော်ကို  သတင်းပို့ခဲ့ပါတယ်။ အစ်ကိုလည်း အဲဒီဂိတ်မှာ ကားရပ်ပြီး နောက်ကားတွေကို ည ၂ နာရီကျော်လောက် အထိ စောင့်နေခဲ့တာ။ အခု အပစ်ခံရတာက ပထမဆုံး အန်တီဝင်း၊ ရွှေပုလဲသီ ပြီးတော့ ၁၂ ဘီးကုန်ကားပါ။  ကုန်ကားနောက်က လိုက်လာတဲ့  အောင်ရတနာနဲ့  ကောင်းသစ်စံက အပစ်မခံရဘူး။   အဲနောက်ကလိုက်လာတဲ့ အောင်ရတနာ နောက်တစ်စီး ထပ်အပစ်ခံရတယ်။  ပြီးတော့  လပ်ကီးစတားနဲ့  ဂျစ်ကားတစ်စီး အပစ်ခံရတယ်။ ရွှေပုလဲသီနဲ့ ၁၂ ဘီး ကုန်ကားမှာတော့ ပိုက်ဆံတောင်းလို့ ပေးခဲ့ရတယ်လို့ပြောတယ်။ အောင်ရတနာက မောင်းပြေးတဲ့အတွက် ပိုက်ဆံမပေးခဲ့ရဘဲ လပ်ကီးစတားကတော့ ကားပေါ်ကနေ ခရီးသည်အကုန်ဆင်းခိုင်းပြီး  ငွေတွေပဲ တောင်းတယ်လို့ သိရတယ်။ ဂျစ်ကားကတော့ ငွေနည်းနည်းပဲပါလို့ မယူတော့ဘဲ သေနတ်နဲ့ ကားမှန်ကိုပစ်ခွဲပြီး လွှတ်လိုက်တယ်။ သေနတ်နဲ့ပစ်တဲ့လူက တစ်ယောက်တည်းပါ။ သူ့ပုံစံက သမားရိုးကျ ဓားပြတိုက်တဲ့ပုံစံမျိုး မဟုတ်ပါဘူး။ ခရီးသည်ကို ပစ်မှတ်မထားဘဲ ဒရိုင်ဘာအခန်းထဲကိုပဲ ပစ်နေခဲ့တာ။ ပိုက်ဆံပေးတော့လည်း ယူသွားတယ်။ ခရီးသည်တွေထဲက မှန်ကွဲစထိမှန်တဲ့သူ တစ်ယောက် နှစ်ယောက်ပဲရှိခဲ့တယ်။ ဘာ မှမပြောဘဲ သေနတ်နဲ့ မနားတမ်းပစ်နေတာ အရမ်းကြောက်ဖို့ကောင်းပါတယ်” ဟု သေနတ်ဖြင့် အပစ်ခံခဲ့ရသော အမည်မဖော်လိုသည့်  ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
 

 
စက်တင်ဘာ ၁၄ ရက် ညက လမိုင်းမြို့နယ် နှင်းစုံရွာအနီး သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရသော ခရီးသည်တင်ယာဉ်တစ်စီးကို တွေ့ရစဉ်
 

ခရီးသည်တင်ယာဉ်များအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ လက်ရှိတွင် မည်သည့်အဖွဲ့အစည်းနှင့်ပတ်သက်ကြောင်း မသိရှိရသေးဘဲ  သေနတ်သမား၏ ပစ်ခတ်မှုကြောင့်  ရွှေပုလဲသီ ခရီးသည်တင်ယာဉ်မှ  ယာဉ်နောက်လိုက်တစ်ဦး ယာဘက်ပေါင်သို့ ကျည်ထိမှန်ခဲ့ပြီး လပ်ကီးစတားယာဉ်လိုင်းမှ ဒရိုင်ဘာဖြစ်သူမှာ မျက်နှာတွင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့သောကြောင့် ရေးမြို့ရှိ ဆေးရုံသို့ (အတွင်းလူနာ စိုးရိမ်ရအဖြစ်) ပို့ဆောင်ခဲ့ကြောင်း သိရသည်။
 
ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်  အာလူးတောင်ဂိတ်ရှိ တပ်မတော်မှ လုံခြုံရေးရယူပေးကာ ခရီးသည်တင်ယာဉ်များကို ရေးမြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
 
သေနတ်ဖြင့်  ပစ်ခတ်ခြင်းခံခဲ့ရသည့် ခရီးသည်တင်ယာဉ်များမှာ ကားမှန်များ ကျည်ထိမှန်မှုကြောင့် ကွဲကြေခဲ့ပြီး ခရီးသည်များမှာ မှန်ကွဲစရှသည့်ဒဏ်ရာ အနည်းငယ်မှလွဲ၍ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဟု သိရသည်။
 
ပစ်ခတ်မှုဖြစ်ပွားရာနေရာသို့ ရေးမြို့ရှိ ခ.မ.ရ ၅၈၇ တပ်ရင်းနှင့် ရေးမြို့နယ်ရဲတပ်ဖွဲ့ မှ သွားရောက်ကာ ထွက်ပြေးသွားသော သေနတ်သမားနောက်သို့ လိုက်လံရှင်းလင်းနေပြီး လပ်ကီးစတား ယာဉ်ပိုင်ရှင်က စက်တင်ဘာ ၁၅ ရက်တွင် တရားလိုပြုတိုင်ကြားသဖြင့် နမစ (လမိုင်း) (ပ)၂၉/၂၀၁၅ ပြစ်မှုပုဒ်မ ၃၉၄ အရ အမှုဖွင့်ထားကြောင်း သိရသည်။
ဖြိုးဇင်  (ထားဝယ်)
 
 
 
 
 

Most Read

Most Recent