ရန်ကုန်မြို့အတွင်း ကားကို စာချုပ်ဖြင့် လိမ်လည်ငှားရမ်းကာ အခြားတစ်ဦးထံတွင် လိုင်စင်မဲ့ယာဉ်အဖြစ် လိမ်လည်ရောင်းချ ပေါင်နှံသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အဆင့်မြင့် ရဲအရာရှိ တစ်ဦးထံမှ စက်တင်ဘာ ၁၄ ရက်တွင် စုံစမ်းသိရှိရသည်။အဆိုပါကဲ့သို့ လိမ်လည်ပေါင်နှံသည့် ဖြစ်စဉ်များမှာ ယခုနှစ် ဇန်နဝါရီလကတည်းကပင် ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်လေးခုဖြစ်သော တာမွေမြို့နယ်၊ ဒဂုံမြောက်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် ဖြစ်ပွားနေခြင်းဖြစ်ပြီး ကျူးလွန်များအနက်မှ အချို့၏ နာမည်များမှာ တူညီနေကြောင်း သိရသည်။ထိုသို့ ကားကို စာချုပ်ဖြင့် ငှားရမ်းပြီး တစ်ဖက်တွင် ပေါင်နှံသည့် ဖြစ်စဉ်များမှာ အုပ်စုဖွဲ့၍ တစ်လှည့်စီ ကားများအား ငှားရမ်းကာ ကျူးလွန်နေကြခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်များမှ ကျူးလွန်သူအချို့အား သက်ဆိုင်ရာ ရဲစခန်းများက ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း အဆင့်မြင့် ရဲအရာရှိက ပြောကြားသည်။“လိမ်လည်တဲ့ပုံစံက ကားကို သုံးလစာချုပ်နဲ့ ငှားတယ်။ တစ်ယောက်က ငှားတယ်။ နှစ်ယောက်က သက်သေလိုက် လက်မှတ်ထိုးပေးတယ်။ ပြီးတော့ သူတို့ မှတ်ပုံတင်နံပါတ်တွေ၊ ဖုန်းနံပါတ်တွေ၊ နေရပ်လိပ်စာတွေကို လိမ်ပြီးတော့ ပေးတယ်။ အကျိုးတော်ဆောင်တွေကလည်း သူတို့ပွဲဖြစ်ဖို့၊ ကားပိုင်ရှင်တွေကလည်း သူတို့ ပိုနေတဲ့ ကားတွေကို ငှားဖို့ အဲဒါပဲ သိတယ်။ တစ်ဖက်လူက ကားတွေကိုငှားဖို့ သန့်သန့်ပြန့်ပြန့် ဝတ်စားလာလို့ရှိရင် အထင်ကြီးကြတယ်” ဟု အဆင့်မြင့်ရဲအရာရှိက ပြောကြားသည်။ဆက်လက်၍ ၎င်းက လိမ်လည်ပြီး ကားကို ငှားရမ်းသူများမှာ စရန်ငွေကို ပထမတစ်လအတွက် ပေးချေသွားပြီး ထပ်မံပေးချေရမည့် ငွေအချို့ကို ဒုတိယလတွင် ကားပိုင်ရှင် ယုံကြည်အောင် ထပ်မံလာပေးကာ နောက်ဆုံးလတွင် ကားနှင့် လိမ်လည်ငှားရမ်းသွားသည့် သူများမှာ တိမ်းရှောင်သွားခဲ့ကြောင်းနှင့် အဆိုပါ လိမ်လည်သွားသူများက ကားကို အခြားတစ်ဦးထံတွင် ပေါင်နှံပြီး ထပ်မံကျူးလွန်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။တာမွေမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်တစ်ခုမှာ လုပ်ငန်းတွင် အလုပ်သမားသွားရေးလာရေး ကားလိုအပ်သဖြင့် အကျိုးတော်ဆောင် ကုမ္ပဏီတစ်ခုမှ တစ်ဆင့် ကားတစ်စီးအား ပိုင်ရှင်ဆီမှ သုံးလစာချုပ်ဖြင့် အမျိုးသားသုံးဦးက လာရောက်ငှားရမ်းခဲ့ကြောင်း သိရသည်။ထို့နောက် ကားငှားရမ်းခကို တစ်လချင်းစီ နှစ်လပေးပြီး သုံးလမြောက်တွင် ကားအား လာမပေးဘဲ တိမ်းရှောင်သွားခဲ့ကြောင်း၊ လိမ်လည်သွားသည့် ကားကိုလည်း ယင်းကျူးလွန်သူများက အခြားသူထံတွင် လိမ်လည်ပေါင်နှံသွားခဲ့ကြောင်း သိရသည်။“ဒီဖြစ်စဉ်မှာ ပိုင်ရှင်က လာပြီးတော့ အမှုဖွင့်တော့ ကျူးလွန်သူတွေ ပေးသွားတဲ့ လိပ်စာက မှားနေတာ တွေ့ရတယ်။ လက်ရှိမှာတော့ အဲဒီလိုမျိုး ဖြစ်စဉ်တွေထဲက ကျူးလွန်သူ ငါးဦးလောက်ကို ဖမ်းဆီးရမိထားပါပြီ။ သူတို့ကို စစ်လိုက်တဲ့အချိန်မှာ အရင်တုန်းက အခြားလိမ်လည်မှုတွေ ကျူးလွန်ထားတာကိုလည်း တွေ့ရတယ်။ လက်ရှိမှာတော့ ဆက်လက်စစ်ဆေးနေဆဲပါ။ ဒီလို ကားလိမ်ငှားတဲ့ ဖြစ်စဉ်တွေထဲမှာ အမြန်ဆုံး ဖမ်းဆီးရမိဖို့ စုံစမ်းနေတဲ့ ကျူးလွန်သူတွေလဲ ရှိပါသေးတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက စက်တင်ဘာ ၁၄ ရက်က ပြောကြားသည်။ယင်းသို့ ကားလိမ်လည်ငှားရမ်းရောင်းချမှု ဖြစ်စဉ်အား ကြုံခဲ့ရသည့် တာမွေမြို့နယ်နေ အမျိုးသားတစ်ဦးက “ကျွန်တော့်ရဲ့ ကားကို အကျိုးဆောင်လုပ်ငန်း တစ်ခုကို ငှားဖို့အတွက် အပ်ထားတယ်။ အဲဒီနောက်မှာ ကားငှားမယ့် အမျိုးသမီး နှစ်ဦးရှိတယ်ဆိုပြီး အကျိုးတော်ဆောင် လုပ်ငန်းက ဆက်သွယ်တယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ အမျိုးသမီးနှစ်ဦးနဲ့ စာချုပ်ချုပ်တယ်။ စပေါ်ငွေနဲ့ တစ်လစာကို ပေးသွားတယ်။ နောက်လကျတော့ ထပ်လာပေးတယ်။ နောက်ဆုံးလကျတော့ ကားရောလူပါ ပျောက်သွားတယ်။ ရဲစခန်းမှာ သွားပြီးအမှုဖွင့် ရဲတပ်ဖွဲ့မှ လိုက်လံစုံစမ်းပေးတော့မှ လှည်းကူးဘက်မှာ ကားကို ပေါင်နှံထားတာ သွားတွေ့တယ်” ဟု ပြောကြားသည်။အဆိုပါ ဖြစ်စဉ်များမှာ ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာ ၁၄ ရက်အထိ တာမွေမြို့နယ်အတွင်း အမှု ၂၀ ကျော်အထိ ဖြစ်ပွားခဲ့ပြီး ကြည့်မြင်တိုင်မြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်တွင် လေးမှုစီ ဖြစ်ပွားခဲ့ကာ မြောက်ဒဂုံမြို့နယ်တွင်လည်း ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
စာချုပ်ဖြင့် ကားကို ငှားရမ်းကာ အခြားတစ်ဦးထံ လိုင်စင်မဲ့ယာဉ်အဖြစ် လိမ်လည်ရောင်းချသည့် ဖြစ်စဉ်များ ရန်ကုန်မြို့၌ ဆက်တိုက်ဖြစ်ပွားနေပြီး မြို့နယ်လေးခုမှ ကျူးလွန်သူ အချို့အား ဖမ်းဆီးထား